"လူတိုင်းအတွက် အရေးကြီးတဲ့မနက်စာ"
နေ့တစ်နေ့ရဲ့အစမှာ လူတိုင်းအတွက် မနက်စာဟာ အရေးကြီးပါတယ်။ မနက်အိပ်ယာကထတာနဲ့ အစာအိမ်ဟာ အစာသစ်ကို လက်ခံဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကိုယ်ခန္ဓာတစ်ခုလုံးဟာ အာဟာရဓာတ်တွေကို လက်ခံဖို့ စောင့်ဆိုင်းပါတယ်။ ဒါကြောင့် နေ့တစ်နေ့မှာ မနက်စာဟာ အရမ်းကို အရေးကြီးလှသလို မနက်စာပုံမှန်စားခြင်းရဲ့ အကျိုးကျေးဇူးကလည်း များလှပါတယ်။
ဦးနှောက်အတွက် စွမ်းရည်တိုးစေဖို့ အထောက်အကူပြုပါတယ်
မနက်စာ စားခြင်းဟာ ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးစေဖို့ များစွာအထောက်အကူပြုသလို သင်ကြားလေ့လာမှုအပိုင်းမှာ ဦးနှောက်ကို များစွာနိုးကြားစေပါတယ်။ ဒါ့အပြင် မနက်စာဟာ ဦးနှောက်ရဲ့ စွမ်းအင်အရင်းအမြစ်တွေဖြစ်တဲ့ ဂလူးကို့စ် အဆင့်ကို များစွာသိုလှောင်ပေးပါတယ်။ အထူးသဖြင့် မနက်စာစားတဲ့ကလေးငယ်တို့ဟာ မှတ်ဥာဏ်စွမ်းအား ပိုအားကောင်းကြောင်း ပညာရှင်တို့က သုတေသနပြု ဖော်ပြထားကြပါတယ်
မနက်စာစားခြင်းဖြင့် သင့်ရဲ့တစ်နေ့တာကို အားဖြည့်စေပါတယ်
မနက်စာကို အာဟာရရှိတဲ့ အစားအစာကို စားသောက်ခြင်းဖြင့် ကိုယ်ခန္ဓာအတွက် စွမ်းအင်တွေကို ရရှိစေပါတယ်။ မနက်စာစားဖို့ မေ့လျော့ခြင်းဟာ တစ်နေ့တာကိုစတင်ဖို့ ခွန်အားမဲ့စေပါတယ်။ မိမိရဲ့ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေကို အသုံးချဖို့ ခဲယဉ်းစေပါတယ်။ လူတွေမှာ ဘယ်လောက်ဘဲ ဥာဏ်ရည်ထက်မြက် ကျွမ်းကျင်သူဖြစ်ပါစေ။ အာဟာရဓာတ် မပြည့်စုံရင် မိမိရဲ့ခွန်အားကို အသုံးချလို့ မရနိုင်သလို လိုရာပန်းတိုင်ရောက်ဖို့ နှေးကွေးစေတတ်ပါတယ်။ ဒါကြောင့် လူတွေမှာ အဘက်ဘက်ကို ညီညွတ်မျှတအောင် ဂရုစိုက်နိုင်မှသာ မိမိတို့ ကြိုးပမ်းအားထုတ်နေတဲ့ ပန်းတိုင်ကို လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒါတွေဟာ အလေးအနက်ထား စဉ်းစားပြီး မိမိကိုယ်ကို ဂရုစိုက်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။
မနက်စာစားခြင်းဖြင့် ကိုယ်ခန္ဓာရဲ့စွမ်းအင်ကို မြင့်တက်စေပါတယ်
မနက်စာကို အာဟာရပြည့်ဝစွာ စားသုံးခြင်းဖြင့် ကြွက်သားတွေတည်ဆောက်မှုနဲ့ ထိန်းသိမ်းမှုတို့ကို အထောက်အကူပြုတဲ့ ပရိုတင်းဓာတ်ကို ရရှိစေပါတယ်။ ကိုယ်ခန္ဓာစွမ်းအားတွေကို ပြည့်ဝေစေတဲ့ ကာဗွန်ဟိုက်ဒရိုက်ကို ရရှိစေပါတယ်။ ကျန်းမာစွာ အစာကြေဖျက်မှုကို အားကောင်းစေတဲ့ အမျှင်ဓာတ်ကို ရရှိစေပါတယ်။ အနီရောင် သွေးဆဲလ်တွေနဲ့ အောက်ဆီဂျင်တွေ တစ်ကိုယ်လုံးသို့ လည်ပတ်အားကောင်းစေဖို့ သံဓာတ် ပြည့်ဝစွာ ရရှိစေပါတယ်။ ဒါ့အပြင် ဗီတာမင်ဓာတ်တွေနဲ့ အာဟာရဓာတ်တွေကိုပါ ရရှိစေခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီအာဟာရဓာတ်တွေဟာ ကိုယ်ခန္ဓာ ကျန်းမာဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။
မနက်စာစားခြင်းဖြင့် ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာရောက်ပါတယ်
တစ်ချို့လူတွေဟာ မနက်စာကို စားဖို့ မေ့လျော့တဲ့အခါ ရှိပါတယ်။ ဒီလိုမေ့လျော့မိတဲ့အခါ ကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ဆောင်တာတွေဟာ အားနည်းသွားပြီး နောက်နေ့အထိပါ သက်ရောက်မှု ရှိသွားစေတတ်ပါတယ်။ ဒီလိုနဲ့ နေ့လည်စာမတိုင်ခင် အလွန်အကျွံဆာလောင်လာပြီး မလိုလားအပ်ဘဲ မုန့်ပဲသရေစာနဲ့ နေ့လည်စာတို့ကို အလွန်အကျွံ စားမိတတ်ကြပါတယ်။ ဒီလို စားသုံးမိတဲ့အခါ ညီညွတ်မျှတမှု မဖြစ်စေတော့ဘဲ ကိုယ်ခန္ဓာ အဝလွန်ခြင်းကို ဦးတည်သွားစေတတ်ပါတယ်။ ဒါကြောင့် မနက်စာကို အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးခြင်းဖြင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းရာရောက်သလို တစ်နေ့တာရဲ့လုပ်ငန်းဆောင်တာကိုလည်း ထိရောက်အောင်မြင်စေပါတယ်။
အာဟာရပြည့်ဝတဲ့မနက်စာကို စားခြင်းဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ကြက်ဥ၊ ဗီတာမင် C နဲ့ D တို့ ပါဝင်တဲ့ အစားအစာတွေ၊ ထမင်း၊ ဂျုံနဲ့ လိမော်သီး၊ စပျစ်သီး၊ ပန်းသီး အစရှိတဲ့သစ်သီးတွေဟာ မနက်စာမှာ ထည့်သွင်းစားသုံးသင့်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဒီအစားအစာတွေဟာ ယေဘုယျအားဖြင့် အရိုးကိုသန်မာစေခြင်း၊ နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ချေတို့ကို လျော့ကျစေပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့လူတွေ၊ အသက်ရှည်ကျန်းမာတဲ့လူကို လေ့လာကြည့်ရင် သူတို့ဟာ အများအားဖြင့် မနက်စာကို ကောင်းကောင်းစားကြသူတွေအဖြစ် လေ့လာေ တွေ့ရှိရပါတယ်။
ဒါကြောင့် တစ်နေ့တာ လုပ်ငန်းဆောင်တာလေးတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ကြစေဖို့ လူတွေဟာ မနက်စာကို ဂရုတစ်စိုက် အလေးထား စားကြဖို့ လိုအပ်ပါတယ်။ တစ်နေ့တာလေးတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှ ကြီးမားတဲ့ အောင်မြင်မှု နေ့ရက်ကြီးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်တာကြောင့် မနက်စာကို အကောင်းဆုံးစားသုံးခြင်းဖြင့် သင့်ရဲ့အောင်မြင်မှုကို ရယူဖို့ တိုက်တွန်းလိုက်ပါတယ်။
Credit: yangon life
Monday, June 22, 2015
"လူတိုင်းအတွက် အရေးကြီးတဲ့မနက်စာ"
Labels:
ကျန်းမာရေး,
အစားအသောက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment