"မိသားစုတွင်း ပြဿနာများကြောင့် ကလေးများ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားနည်းနိုင်"
အမေရိကန်နိုင်ငံတွင် ၀င်ငွေနည်း မိသားစုများမှ ကလေးများကို လေ့လာထားချက်အရ အိမ်တွင်း ပြဿနာထူပြောသော၊ မိခင် ဂရုစိုက်ခြင်းကို မခံရသော ကလေးများသည် သွေးထဲတွင် စိတ်ဖိစီးမှု ဟော်မုန်း ပိုများကြသလို၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုလည်း အားနည်းသဖြင့် သင်ယူနိုင်စွမ်းပါ ကျဆင်းကြကြောင်း သိရသည်။
စိတ်ဖိစီးသဖြင့် သွေးထဲသို့ ထွက်လာသော ကော်တီဇုန်း ဟော်မုန်းသည် ဦးနှောက်တွင်းရှိ သင်ယူနိုင်စွမ်းဖြစ်စေသည့် ဆဲလ်များကိုပါ ထိခိုက်စေကြောင်း လေ့လာ တွေ့ရှိရသည်။ ရိုချက်စတာ တက္ကသိုလ်ရှိ စိတ်ပညာဌာနမှ ပီအိပ်ခ်ျဒီ ကျောင်းသူ ဂျနီဖာ အိပ်ခ်ျဆူရာနှင့် အဖွဲ့က ပြုလုပ်ထားခြင်း ဖြစ်သည်။ ဂရုမစိုက်သောမိဘ၊ မတည်ငြိမ်သော အိမ်တွင်းရေး အချက်နှစ်ချက်သည် ကလေးများ သွေးတွင်း ကော်တီဇုန်း ပါဝင်နှုန်း အနည်းအများအပေါ် လွှမ်းမိုးမှုရှိကြောင်း မစ္စဂျနီဖာက ပြောသည်။
နယူးယောက်ပြည်နယ် ရိုချက်စတာမြို့ရှိ ၀င်ငွေနည်း မိသားစု ၂၀၁ စုမှ မိခင်နှင့် ၂ နှစ်အရွယ် ကလေးငယ်တို့ကို တွဲလျက် သုတေသနပြုခဲ့ခြင်း ဖြစ်သည်။ စစ်တမ်း ပထမအကျော့တွင် သုတေသနအဖွဲ့သည် အိမ်တိုင်ရာရောက် သွားရောက်ကာ ကလေးနှင့်မိခင် ဆက်ဆံရေးကို စောင့်ကြည့် မှတ်တမ်းတင်သည်။ ကလေး၏ လိုအပ်ချက်၊ စိတ်ဝင်စားမှု၊ စွမ်းရည်၊ ခံစားချက်များကို မိခင်က ဘယ်လောက်သိလဲကို အမှတ်ပေး အကဲဖြတ်သည်။
အိမ်တွင်းရေး ပဋိပက္ခများ မည်မျှရှိကြောင်း ပေါ်လွင်စေမည့် မေးခွန်းများကိုလည်း မိခင်ဖြစ်သူကို မေးကာ ထိုပဋိပက္ခများက ကလေးအပေါ် သက်ရောက်နှုန်းကို မှတ်တမ်းတင်သည်။ စစ်တမ်း စတင်ပြုစုသည့်နှစ် အပါအ၀င် သုံးနှစ်ဆက်တိုက် ကလေးများ၏ တံတွေး နမူနာများကို တစ်နှစ်တစ်ခါ ယူပြီး ကော်တီဇုန်း ပါဝင်နှုန်းကို မှတ်တမ်းတင်သည်။ သုံးနှစ်တာ ရလဒ်များကို ပေါင်းခြုံကြည့်သည့်အခါ ကလေး (၃၀) ရာခိုင်နှုန်းသည် ကော်တီဇုန်း နည်းကြပြီး၊ (၃၀) ရာခိုင်နှုန်းကား အလွန်များကာ ကျန်ကလေးများကား အသင့်အတင့် အနေအထားတွင် ရှိကြောင်း တွေ့ရသည်။
စစ်တမ်းပြီးဆုံးချိန်တွင် ကလေးများသည် အသက် လေးနှစ် ရှိကြပြီ ဖြစ်သည်။ ထိုအချိန်တွင် ကလေးများ၏ ဥာဏ်ရည် ဥာဏ်သွေးကို စစ်ဆေး အကဲဖြတ်သည်။ သွေးထဲ ကော်တီဇုန်းများသော ကလေးများသည် မိခင်နှင့် ဆက်ဆံရေး မနွေးထွေးသော ကလေးများ ဖြစ်နေကြောင်း တွေ့ရသလို သင်ယူနိုင်စွမ်းလည်း အခြားကလေးများလောက် မကောင်းကြောင်း တွေ့ရသည်။
စစ်တမ်းအပြည့်အစုံကို Child Development ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
Credit: messenger
Monday, June 22, 2015
"မိသားစုတွင်း ပြဿနာများကြောင့် ကလေးများ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားနည်းနိုင်"
Labels:
အတွေးအမြင်
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment