"လူရွှင်တော်အဖြစ် ကမယ့် မင်းသမီးငါးဦးရဲ့ ရင်ခုန်သံ"
နာမည်ကျော်မင်းသမီးများ လူရွှင်တော်အဖြစ် ပါဝင်ကပြမည့် အငြိမ့်ခွင်ကို ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် အမျိုးသမီးများနေ့ အထိမ်းအမှတ် ဝတ်စားဆင်ယင်မှုပြပွဲ၌ တင်ဆက်တော့မည်ဖြစ်သည်။ အကယ်ဒမီ မင်းသမီးများပါဝင်သောကြောင့် အငြိမ့်ခွင်၏အမည်ကို အကယ်ဒ မီရွှေပန်းချီဟု အမည်ပေးထားပြီး ဒါရိုက်တာအဖြစ် လူရွှင်တော် ဒိန်းဒေါင်က တာဝန်ယူထားသည်။ ယင်းအငြိမ့်အစီအစဉ်ကို ဇွန်လ ၂၇ နှင့် ၂၈ ရက်ညများတွင် အမျိုးသားကဇာတ်ရုံ၌ တင်ဆက်မည် ဖြစ်သည်။ ထို့ကြောင့် လူရွှင်တော်အဖြစ် ပါဝင်တင်ဆက်မည့် မင်းသမီး ငါးဦး၏ အငြိမ့်နှင့်ပတ်သက်သည့် ခံစားချက်များကို တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
စိုးမြတ်သူဇာ
မကြီးတို့အနေနဲ့ကျတော့ မင်းသမီးတွေလည်းဖြစ်ပြန်၊ ဒါမျိုးက လုပ်နေကျလည်းမဟုတ်။ အငြိမ့်ဆိုတာ အင်မတန်ခက်ခဲပါ တယ်။ အဲဒါတွေကို ပရိသတ် နားလည်အောင်၊ ပရိသတ်ပွဲကျအောင် လုပ်ဖို့က တော်တော်ခက်ခဲတဲ့ကိစ္စ။ ရုပ်ရှင်ရိုက်တာနဲ့လည်း တခြားစီဆိုတော့။ ဒါပေမဲ့လည်း အခက်အခဲတွေကြားထဲက အချိန်ပေးပြီး ကြိုးစားထားပါတယ်။ နားလည်စွာနဲ့ အားပေးပါလို့။
စိုးမိုးကြည်
ဒါက ပထမဆုံးအကြိမ်လုပ် ဖြစ်တာပါ။ အစ်မမြတ်မြတ်ဦး (ပွဲ စီစဉ်သူ) က အမျိုးသမီးရေးရာပွဲမှာ လူရွှင်တော်လုပ်ရမယ်ဆိုတာနဲ့ လုပ်ဖြစ်သွားတာပါ။ အနုပညာတော့ အနုပညာ။ ဒါပေမဲ့ ဒီလိုမျိုး တစ်ခါမှမလုပ်ဖူးဘူး။ ဗီဒီယိုရိုက်ရတာနဲ့လည်း မတူဘူး။ အစ်မတို့က စတိတ်ပေါ်မှာတက်ပြီး တိုက်ရိုက် ပရိသတ်နဲ့ တွေ့ရမယ်ဆိုတော့ တစ်မျိုးပေါ့။ ပြဇာတ်တွေတော့ ကဖူးတယ်။ ဒါကတော့ အချိတ်အဆက်လေးတွေ မိအောင် ပျော်ပျော်ပါးပါးလည်းဖြစ်၊ အားလုံးကိုလည်း ဖျော်ဖြေမှုလေးတစ်ခု၊ ရယ်စရာလေး လုပ်ပြရမယ်ဆိုတော့ နည်းနည်း စိတ်လှုပ်ရှားတယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားထားပါတယ်။ ဒါရိုက်တာ ကိုဒိန်းဒေါင် သင်ပေးတဲ့စကားတွေရော၊ ကိုယ်လိုချင်တာတွေရော စုစည်းပြီး အတတ်နိုင်ဆုံး အဆင်ပြေအောင် လူရွှင်တော်ဆိုတဲ့ သဏ္ဌာန်လုပ် သရုပ်တူရမှာလေးကို ကြိုးစားထားပါတယ်။
ခင်ဇာခြည်ကျော်
ဒီပွဲမှာက နှစ်တိုင်းလည်း ပါဝင်ဖြစ်နေတော့ ဒီပွဲစီစဉ်တဲ့ အစ်မတွေကလည်း ဇာလေးကိုတောင် မမေးဘူး။ ဒီအစီအစဉ်လေးမှာ ထည့်ထားတယ်။ နောက်ပြီး အကယ်ဒမီရွှေပန်းချီဆိုတာ အကယ်ဒမီမင်းသမီးတွေကို တင်စားပြီး လုပ်တာပေါ့။ မကြီးစိုးဆိုရင်လည်း ပထမဆုံးအကြိမ်၊ အစ်မဆိုလည်း ပထမဆုံး။ အစ်မအနေနဲ့ကတော့ ကိုယ်မလုပ်ဖူးတဲ့ အလုပ်တစ်ခုကို လုပ်ရတာဆိုတော့ စိတ်လှုပ်ရှားတယ်။ အရမ်းလည်း ရင်တွေခုန်နေတယ်။ အရမ်းဒိုင်ယာလော့ခ် ရတဲ့သူတောင်မှ စာလေးတစ်ကြောင်း နှစ်ကြောင်းလေးကို အစ်မ မေ့တယ်။ စင်ပေါ်ရောက်ရင် အဲဒီလိုဖြစ်မလားဆိုတဲ့ စိတ်တွေလည်း ဝင်တယ်။ အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ မျှအောင်လည်း သူ့ခွင်နဲ့သူ ချထားပေးပြီးသား။ ဒါရိုက်တာ ကိုဒိန်းဒေါင်က သူ့ပလော့ခ်လေးတွေနဲ့ သူ သေသေချာချာစီစဉ်ပြီး ဘယ်လိုပြက်ရမလဲဆိုတာ ပြပေးတယ်။ အကုန်လုံးလည်း သင်ပေးပါတယ်။
မြတ်ကေသီအောင်
ခက်တာတော့ခက်တယ်။ အစ်မတို့လည်း သိပ်မကျွမ်းကျင်တဲ့အလုပ်ဆိုတော့ တိုက်တော့ တိုက်ထားတာပဲ။ ဒါပေမဲ့ စိတ်တော့ပူတယ်။ ဒီပွဲအတွက်ခေါ်လို့ လုပ်ပေးဖြစ်တာပါ။ အစ်မက ဒီတစ်ကြိမ်နဲ့ဆိုရင် လူရွှင်တော်လုပ်တာ သုံးကြိမ်ရှိပြီ။ ဒီပွဲအတွက် စိတ်လည်းပူတယ်။ ကြောက်လည်း ကြောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့က သူများတွေရဲ့အက်တင်တွေကို အပြောင်အပြက် လုပ်ပြရမှာတွေပါတော့ မတူမှာတို့၊ လွဲသွားမှာတို့ အဲဒါတွေတော့ စိုးရိမ်တယ်။ အခုချိန်ထိတော့ ကြောက်နေတာပဲ။
ဆုပန်ထွာ
မပန်ကို ပထမတုန်းက ကိုဂျွန်လွင်က ရှိုးလျှောက်ဖို့ဆိုပြီး ပြောထားတာ။ နောက်တော့ အန်တီမြတ်မြတ်ဦးကနေ ဒီပွဲအတွက် လူရွှင်တော်လုပ်ပေးဖို့ ပြောတယ်။လူရွှင်တော်တော့ သမီးမလုပ်ရဲဘူး။ သရုပ်ဆောင်တာ၊ ဟာသ လုပ်တာကတစ်မျိုး။ လူရွှင်တော်ဆိုတာက စင်ပေါ်မှာ Live လုပ်ရမှာဖြစ်တဲ့အတွက် အဆင်မပြေနိုင်ဘူးလို့။ အန်တီမြတ်မြတ်ဦးက သမီးကြိုးစားပေးပါ။ မစိုးကြီးတို့၊ ချစ်ကေကြီးတို့၊ မစိုးမိုးတို့၊ မဇာလေးတို့၊ မခိုင်လေးတို့ အကြီးတန်းတွေထဲမှာ နင့်ကို ထည့်ထားတာ။ မရဘူး၊ လုပ်ပေးရမယ်ဆိုတော့ လုပ်ပေးဖြစ်တာ။ အစ်မတို့ ကြိုးစားပြီးတော့ လုပ်ကြတယ်။ တစ်ခါတလေ ပြက်လုံးကျင့်နေရင်းနဲ့ အိုက်တင်သာ ပြေးလုပ်လိုက်ချင်တယ်။ လူရွှင်တော် မလုပ်ချင်ဘူးလို့ ပြောဖြစ်တယ်။ လူရွှင်တော်လုပ်ရတာက အရမ်း တာဝန်ကြီးတယ်။ တစ်ယောက်နဲ့တစ်ယောက်က အချိတ်အဆက်လည်း မိရမယ်။ တစ်ယောက်က ပြောလိုက်ရင် ချက်ချင်း ပြန်ပြောနိုင်ရမယ်။ အဲဒီလိုမျိုးဆိုတော့ အစ်မအတွက်ကတော့ ခက်တယ်။ လူရွှင်တော်လုပ်တာလည်း ဒါက ဘဝမှာ ပထမဆုံးပဲ။
ဇွဲဉာဏ်
Credit: 7day daily
Friday, June 26, 2015
"လူရွှင်တော်အဖြစ် ကမယ့် မင်းသမီးငါးဦးရဲ့ ရင်ခုန်သံ"
Labels:
အနုပညာ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment