"ဒီကောင်လေး ကိုယ့်ကို စိတ်ဝင်စားနေတာလား?"
သူ ပျိုမေ့ကို စိတ်ဝင်စားနေတာများလား၊ ဒါမှမဟုတ် သူငယ်ချင်းလိုပဲ သဘောထားနေတာလား တွေးရခက်ကြီး ဖြစ်နေရင် အသေအချာသိဖို့ သဲလွန်စလေးတွေ ဖော်ပြလိုက်ပါတယ်။။ စိတ်ဝင်စားမယ်လို့ ထင်ပါတယ်နော်......
(၁) သူနဲ့စကားပြောကြည့်ပါ။
သူ့ကို သင် လှမ်းနှုတ်ဆက်တဲ့အခါ သူ့ဘက်ကနေ အတိုင်းထက်အလွန် ပြုံးဖြီးဖြီးကြီးဖြစ်နေတာ၊ မက်ဆေ့(ခ်ျ) ပို့ရင် ရတာနဲ့ ချက်ချင်းစာပြန်တာတို့က ကောင်းတဲ့ လက္ခဏာတွေပါ။ ယောက်ျားတွေက များသောအားဖြင့် "ချစ်ပေမယ့် မူလိုက်ဦးမဟဲ့" ဆိုပြီး မရှိကြပါဘူး။ အဲဒီတော့၊ နည်းနည်း မှန်းရ ပိုလွယ်တာပေါ့။
(၂) သင် သူ့အနားမှာရှိရင် သူ့ဆီမှာရှိတဲ့ အရည်အချင်းတွေ လက်စွမ်းတွေ သိပ် ပြနေလား။
သူ့သူငယ်ချင်းတွေကို ဟောင်ဖွာဟောင်ဖွာနဲ့ ဆရာကြီးလုပ်နေလား ဆိုတာ သတိထားကြည့်ပါ။ ဒါတွေက သူ သင့်ကို အထင်ကြီးအားကိုးအောင် လျှောက်ပြီး လုပ်ပြနေတာပါ။
(၃)သူနဲ့ကိုယ် အကြည့်ချင်းဆုံတဲ့အခါ ရှိရင်၊ သူ့မျက်လုံးကို သတိထားကြည့်ပါ။
သင့်အပေါ် ခံစားချက်ရှိနေရင် မျက်လုံးသူငယ်အိမ် ကျယ်နေပါလိမ့်မယ်။ ညာလို့မရပါဘူး။
(၄) သင်နဲ့စကားပြောတဲ့အခါ သူရင်ဘတ် မသိမသာလေး ကော့နေလား ကြည့်ကြည့်ပါ။
ယောက်ျားတွေရဲ့ မသိစိတ်က သူတို့စိတ်ဝင်စားတဲ့ အမျိုးသမီးရှေ့ရောက်ရင် လေတွေကို ရင်ဘတ်ထဲ ဖောင်းထားတတ်ပါသတဲ့။ High Flow သုံးရရင် ဆင့်ကဲဖြစ်စင် (evolution) သဘောတရားအရ ဆန့်ကျင်ဘက်လိင်ကို ပေးတဲ့ message တစ်မျိုးပါပဲ။ သင့်ကို ကာကွယ်ဖို့ သူ့မှာ ဗလ ရှိတယ်ပေါ့လေ။
(၅) သူ့လက် လှုပ်ရှားတာကို ကြည့်ပါ။
သူ သူ့နားတွေကို ခဏခဏ ကိုင်နေလား။ ဒါဆို သေချာတာက သူ့ဘက်ကငြိနေပြီ။ နားရွက်တွေလည်း နီရင်နီနေလိမ့်မယ်။
(၆) သင့်အကြိုက်တွေ follow တွေချည်း လိုက်နေလား။
သင် သဘောကျတဲ့ဟာ တစ်ခုခု ဥပမာ.. သင်ကြိုက်တဲ့ အဆိုတော်အကြောင်း၊ စာအုပ်အကြောင်း ပြောပြီး သူဘာပြောမလဲ ကြည့်ပါ။ လူတွေရဲ့ သဘာဝကိုက သူတို့သဘောကျတဲ့ သူတစ်ယောက်က တင်ပြတဲ့အမြင်ဆို အရမ်းဝေဖန်မပြောရဲကြပါဘူး။
(၇) သူ့ဆီက အကူအညီတောင်းကြည့်ပါ။
လေးတဲ့ဟာတစ်ခုခု သယ်ခိုင်းတာတို့၊ သူ့ဆီက အကြံဉာဏ် တောင်းတာ မျိုးပေါ့။ ယောက်ျားသား တွေက "ကယ်တင်ရှင်ကြီး" လုပ်ရတာကြိုက်မှကြိုက်။
(၈) ရေလာမြောင်းပေး အရိပ်အမြွက် ပေးကြည့်ပါ။
"ဟိုတစ်ခေါက် ရှိုး မကြည့်လိုက်ရဘူး။ နောက်လထဲမှာ ရှိုးထပ်လုပ်ရင်တော့ သွားတော့ကြည့် ချင်သား" လို့ ပြောကြည့်ပါ။ သူဘာပြန်ပြောမလဲလို့။ အဲလိုပြောရင် အရမ်းရှက်တတ်ပါတယ်ဆိုတဲ့ သူတွေတောင် မဟပဲ မနေနိုင်ပါဘူး။
စမ်းသပ်တော့မယ်ဆို လိုအပ်တဲ့ အချက်လေးတွေက သတ္တိရှိဖို့၊ အကင်းပါးဖို့နဲ့ အရိပ်အမြွက်ပေးတတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဆို ခေါင်းနောက်စေတဲ့အရာတွေ၊ ရှင်းထုတ်လိုက်လို့ရပြီ။ ဒီဆောင်းပါး ဖတ်ထားတယ်ဆိုတာလဲ သွားမပြောလိုက်နဲ့ဦး။ ကြိုးစား ထားတာလေးတွေ သဲထဲရေသွန် ဖြစ်ရချည်သေး။
မြတ်ကြည်
Credit: yangon life
Monday, June 22, 2015
"ဒီကောင်လေး ကိုယ့်ကို စိတ်ဝင်စားနေတာလား?"
Labels:
ချစ်မှုရေးရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment