Thursday, September 3, 2015

"အချစ်ရေးတစ်ခုတည်းမှာ ဘ၀တစ်ခုလုံး နစ်မြှုပ်မထားသင့်ဘူးဆိုတာ သိထားသင့်တဲ့ အချက် (၅) ချက်"


"အချစ်ရေးတစ်ခုတည်းမှာ ဘ၀တစ်ခုလုံး နစ်မြှုပ်မထားသင့်ဘူးဆိုတာ သိထားသင့်တဲ့ အချက် (၅) ချက်"
 
ဘယ်သူမဆို အခြားလူတွေနဲ့ယှဉ်ရင် ကိုယ့်ချစ်သူနဲ့သာ အတူရှိချင်ကြပါတယ်။ စားအတူ သွားအတူဟာ ကောင်းပေမယ့် အိမ်ထောင်မကျသေးခင်အချိန်မှာ ဘာအလုပ်မှမလုပ်၊ ဘာကိစ္စမှ ထွေးထွေးထူးထူး လုပ်ဆောင်ခြင်းမရှိပဲ ကိုယ့်ချစ်သူနား ကပ်နေတာမျိုးကတော့ သင့်ဘ၀အတွက် ကောင်းမွန်တဲ့အရာ မဖြစ်နိုင်ပါဘူး။ ကိုယ့်ဘ၀အတွက် ကိုယ်မျှော်မှန်းထားတဲ့ ဘ၀ရည်မှန်းချက်အတိုင်း လုပ်ဆောင်ရင်း၊ အိပ်မက်တွေ အကောင်အထည်ဖော်ရင်း၊ ကိုယ်ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် လုပ်ဆောင်ရင်း ကိုယ့်ရဲ့အချစ်ရေးကိုလည်း အကောင်းဆုံး ပုံဖော်နိုင်ရပါမယ်။ ဒီလိုမဟုတ်ပဲ ဘ၀ကို အချစ်နဲ့ချည်း တည်ဆောက်ထားမယ်ဆိုရင် ဒီအချက် (၅) ချက် သင့်ကို ပေးသိဖို့ လိုလာပါပြီ။

၁။သူငယ်ချင်းတွေနဲ့ ပုံမှန်လေး တွေ့ပေးပါ။

ချစ်သူကိုချည်း အချိန်ပေးနေရလို့ သူငယ်ချင်းတွေနဲ့တောင် မဆုံဖြစ်တော့ဘူးလား။ ဒီလိုအခြေအနေမျိုး ရှိလာရင် သင်ဟာ ရေရှည်မှာ တကယ့်ကို ပြည့်စုံကောင်းမွန်တဲ့ အချစ်ရေးကို မပိုင်ဆိုင်နိုင်တော့ပါဘူး။ တကယ်တော့ သင်ဟာ ချစ်သူနဲ့ရော၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ပါ အားလုံး အဆင်ပြေပြေ ထိတွေ့ဆက်ဆံ လုပ်ဆောင်နိုင်ရပါမယ်။ ချစ်သူရပြီးကတည်းက ဘယ်သူ့ကိုမှ အဆက်အသွယ် မလုပ်တော့ဘူးဆိုတဲ့ လူမျိုးတော့ မဖြစ်ပါစေနဲ့။

၂။အရင်က လုပ်ဆောင်နေတဲ့ အလုပ်တွေကို ရပ်မပစ်လိုက်ပါနဲ့။

သူနဲ့တွေ့စတုန်းက သင်ဟာ သင်စိတ်ဝင်စားတဲ့ အလုပ်ကို လုပ်ဆောင်နေခဲ့ပါလိမ့်မယ်။ ဒီအလုပ်ကို သင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး အချိန်ပေးခဲ့သမျှ ခုတော့ လှည့်တောင် မကြည့်ဖြစ်တော့ပဲ ချစ်သူကိုသာ ၂၄ နာရီလုံး အချိန်ပေးနေရင် ဒါ မဟုတ်သေးပါဘူး။

၃။ကိုယ့်ချစ်သူ မပါတဲ့ ရက်သတ္တပတ် တစ်ခုကို ကိုယ့်ဘာသာကိုယ် ဖြတ်သန်းကြည့်ပါ။

ချစ်သူနဲ့ စနေ တနင်္ဂနွေတိုင်း တွေ့နေကျဆိုပေမယ့် သင်ဟာ သူမပါပဲ ရက်သတ္တပတ်တစ်ခုကို ကိုယ့်ဘာသာကိုယ် ဖြတ်သန်းကြည့်ဖို့ လိုပါတယ်။ ဒီလိုဆိုရင် သင်ဟာ ကိုယ့်အားကိုယ်ကိုးတတ်လာမှာ ဖြစ်သလို လွတ်လပ်မှုတစ်ခုကိုလည်း ခံစားမိပါလိမ့်မယ်။

၎။ကိုယ့်အကြောင်း ကိုယ် နည်းနည်းပြန်တွေးကြည့်ပါ။

ငါ ခုတစ်လော ဘာတွေလုပ်ဖြစ်နေလဲ။ အလုပ်အတွက် ငါ ဘာတွေများ လုပ်ဆောင်နိုင်ခဲ့သလဲ။ ငါ့ရှေ့ရေးအတွက် ဘာသင်တန်းတွေ တက်ဖို့ လိုမလဲ စသဖြင့် ကိုယ့်အကြောင်းကိုယ် တွေးပါ။ အချစ်ရေးထဲ တစ်ချိန်လုံး နစ်မြှုပ်နေသလို မဖြစ်ရအောင် ငါဘာတွေ လုပ်ဆောင်ရမလဲဆိုတာပါ ထည့်တွေးပါ။

၅။ကိုယ်ဝါသနာပါတဲ့ အရာကို လုပ်ဆောင်ပါ။

အရင်က အချိန်မရှိလို့ မလုပ်ဆောင်ခဲ့ရတဲ့ ၀ါသနာတစ်ခုခု သင့်မှာရှိပါလိမ့်မယ်။ ဥပမာ ပန်းချီဆွဲချင်တာမျိုးလား၊ ၀တ္ထုရေးကြည့်ချင်တာလား၊ ဒါမှမဟုတ် အပင်စိုက်တာမျိုးလား စသဖြင့် သင် စိတ်ဝင်စားတဲ့ အရာတစ်ခုခုရှိရင် ၀ါသနာရှိရင် မစွန့်လွှတ်ပဲ လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment