"မိုးစက်လေး……ဖြေပေးပါ"
"အချစ်ဆိုတာ မိုးဖွဲလေးတွေနဲ့ တူတယ်၊ မသိလိုက်ဘဲ တဖြည်းဖြည်းစိုလာပြီး သတိထားမိချိန်မှာတော့ ကာကွယ်လို့မရအောင် တစ်ကိုယ်လုံး စိုရွှဲသွားပြီ" တဲ့……။
မိုးတွေရွှဲရွှဲစိုနေရင် တစ်ခုခုဖြစ်တတ်တယ်… အအေးမိတာဘဲဖြစ်ဖြစ်… အဆုတ် ယောင်တာဘဲဖြစ်ဖြစ်ပေါ့… သိပ်ပူနေရင်တော့လဲ အေးချမ်းသွားတတ်တယ်… မိုးစိုတာ သိပ်များသွားရင်လဲ ဘာမှ မဖြစ်နိုင်ရင်တောင် အနည်းဆုံးတော့ နှုတ်ခမ်းတွေပြာပြီး တုန်နေတတ်တယ်လေ… မိုးဆိုတာမျိုးကလဲ ရွာချင်ရင်ရွာပြီး ရွာစေချင်ရင်လဲ ရွာချင်မှ ရွာတတ်တာပါ… ဘာဘဲဖြစ်ဖြစ် မိုးမရွာလို့တော့ မဖြစ်ဘူးနော်။
ဒီမိုးတွေကို ရွာလိမ့်မယ်လို့ မထင်မှတ်ထားမိချိန်မှာဘဲ ဖြည်းဖြည်းချင်း ရွာလာတာပါပဲ… ဒီကောင်မလေးကို စချစ်မိခဲ့တာလဲ ဒီလိုပါပဲ… ထင်မှတ်မထားမိချိန်မှာပေါ့… စချစ်မိသွားတာကို သတိမထားမိခဲ့ဘူးလေ။
ချစ်နေတဲ့ ကောင်မလေးကို ချစ်တဲ့အကြောင်းလေး အသိပေးမလို့… အတည်တကျပြောမလို့ သတ္တိကလဲ မရှိခဲ့ဘူး… ပြောလို့လဲ မထွက်ခဲ့ဘူး… တစ်ယောက်ထဲတော့ သိတယ်လေ… ချစ်မိနေတဲ့အကြောင်းကိုပေါ့။
တကယ်က ကိုယ့်ထက်အရင် ရင်းနှီးနှင့်နေတဲ့ ကောင်လေးတစ်ယောက်လဲ ရှိခဲ့တယ်… သူနဲ့ ပတ်သက်ပြီးမှ ကိုယ်က ရင်းနှီးခဲ့ရတာပါ… အဲဒီတုံးကတော့ ကောင်လေးနဲ့ ကောင်မလေး ချစ်သူတွေမဖြစ်သေးဘူး… ကိုယ်တိုင်ကတော့ အကိုကြီးတစ်ယောက်လို နေခဲ့တာလေ။
ဒီကောင်မလေးရဲ့ မိုးရေစက်တွေ တဖြည်းဖြည်းနဲ့ ရွှဲရွှဲစိုခဲ့တာကို မသိခဲ့ဘူး… သတိထားမိတဲ့ အချိန်မှာတော့ တစ်ကိုယ်လုံး ရွှဲနေခဲ့ပြီလေ… ကာကွယ်လို့လဲမရခဲ့ဘူး… တနည်းနည်းနဲ့ သိအောင်လုပ်ဖို့ ကြိုးစားမိတော့ ကောင်လေးက ကိစ္စတစ်ခုနဲ့ အဝေးကို ရောက်နေခဲ့တယ်… ကောင်လေးရှိရင်လဲ အကောင်းသား… သူ့ကို ပြောပြရင် အဆင်ပြေနိုင်တာပေါ့။
ဒါပေမဲ့ ထင်သလို ဖြစ်မလာခဲ့ဘူး… ကောင်လေးမရှိတော့ ကောင်မလေးက သတိရကြောင်း… နေထိုင်ကောင်းရဲ့လား စိတ်ပူမိတဲ့အကြောင်းတွေကို တဖွဖွ လာပြောတယ်… မိုးကြိုးမပစ်ခင် လျှပ်စီးတွေလက်နေသလို… လေပြင်းမတိုက်ခင် လေညှင်းလေး လာနေသလိုပေါ့… အကိုကြီးဆိုတော့လဲ အကိုကြီးမျက်နှာနဲ့ တူအောင် ဟန်လုပ်ပြီး နှစ်သိမ့်စကားတွေတော့ ပြောခဲ့ရတာဘဲလေ… ကောင်မလေးကို သောကတွေ မဖြစ်စေချင်လို့ပါ။
ကောင်လေး ပြန်ရောက်လာတော့လဲ သူ ကောင်မလေးကို လွမ်းမိတဲ့အကြောင်းနဲ့ အကိုကြီးရှိနေလို့ တော်သေးတယ် ဆိုတဲ့အကြောင်း… နောက်ပြီး ဒါဟာ ချစ်နေတာလားလို့ မေးလာခဲ့တယ်… ဘာလုပ်ရမလဲလို့လဲ အကြံဥာဏ်တွေ တောင်းလာခဲ့တယ်… ဒီတစ်ခါလဲ အကိုကြီးတစ်ယောက်ရဲ့ မျက်နှာကို ဖန်တီးခဲ့ရတာဘဲ… ရယ်မောရင်းနဲ့ နှစ်သိမ့်အားပေးခဲ့ရတယ်… ရယ်သံကလဲ ခြောက်ကပ်ကပ်… ပေးရတဲ့ အင်အားတွေကလဲ နှလုံးသားကို ညှစ်ထုပ်ပေးခဲ့ရတာလေ… နှလုံးသားကတော့ ခြောက်ကပ်သွားခဲ့ပြီပေါ့။
နောက်တော့ ကောင်လေးနဲ့ ကောင်မလေး ချစ်သူတွေဖြစ်သွားကြတယ်… အကိုကြီးတစ်ယောက်လိုလဲ အားကိုးကြတယ်… အကိုကြီးကတော့ နှလုံးသားခြောက်သွေ့နေတဲ့ အရုပ်ကြီး ဖြစ်နေတယ်ဆိုတာ သူတို့ မသိခဲ့ကြဘူး… မသိလဲ မသိစေချင်တော့ဘူးလေ။
အင်း…… "အချစ်ဆိုတာ မိုးဖွဲလေးတွေနဲ့တူတယ်၊ မသိလိုက်ဘဲ တဖြည်းဖြည်းစိုလာပြီး သတိထားမိချိန်မှာတော့ ကာကွယ်လို့မရအောင် တစ်ကိုယ်လုံး စိုရွှဲသွားပြီ" တဲ့……။
ဒီမိုးတွေထဲမှာ ကြေကွဲခြင်းတွေလား… ပျော်ရွှင်ခြင်းတွေလား… မျက်ရည်မိုးတွေလား… အကြင်နာမိုးတွေလား ဆိုတာတော့ မိုးစက်လေးတွေရေ ပြောပြခဲ့ပါလား………
Credit: Hnin Nandar
Friday, October 30, 2015
"မိုးစက်လေး……ဖြေပေးပါ"
Labels:
ခံစားမှုရသ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment