"ပျော်ရွှင်မှုကို ရွေးချယ်ပါ"
လူတစ်ယောက်အတွက် ပျော်ရွှင်တဲ့ဘ၀တစ်ခုကို ပိုင်ဆိုင်တာဟာ ဘ၀ရဲ့ အောင်မြင်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လဲ လူတိုင်းဟာ မိမိရဲ့ဘ၀အတွက် ပျော်ရွှင်ခြင်းကို ပိုမိုရရှိဖို့ ရေငတ်သူပမာ မျှော်လင့်တောင့်တနေကြတာပါ။ ဒါပေမဲ့ ပျော်ရွှင်ခြင်းဆိုတဲ့အရာက လူတိုင်းအတွက်တော့ မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် လူတစ်ချို့က လောကကြီးကို အပြစ်တင်၊ စိတ်ပူပန်မှုတွေကို ရင်ဝယ်ပိုက်၊ ကံကို ယိုးမယ်ဖွဲ့၊ မိမိကိုယ်ကို အလိုမကျနိုင်၊ အဆင်မပြေမှုတွေကို ဒေါသထွက်၊ အချင်းချင်း ဝေဖန်အပြစ်တင်တာတွေကို လုပ်တတ်ကြတာပါ။ တကယ်တော့ ဒီလို အဖြစ်အပျက်တွေဟာ သင် မပျော်ရွှင်စေတဲ့ အချက်အလက်တွေတော့ မဟုတ်ပါဘူး။ အမှန်တကယ် ပျော်ရွှင်မှုကို သယ်ဆောင်ပေးတဲ့ အရာကတော့ မိမိကိုယ်တိုင်သာလျှင် ဖြစ်ပါတယ်။
ပျော်ရွှင်မှုဆိုတာ တကယ်တော့ စိတ်ခံစားမှု အခြေအနေ တစ်မျိုးပါ၊ စိတ်ဝိဥာဉ်ရဲ့ အနေအထားဆိုရင်လဲ မမှားနိုင်ပါဘူး၊ ပျော်ရွှင်ခြင်းဟာ မိမိအတွင်းစိတ်ရဲ့ ရောင်ပြန်ဟပ်မှု တစ်ခုပါပဲ။ သင့်အနေနဲ့ "ငါ အရမ်းပျော်တယ်" ဆိုတဲ့ စိတ်ခံစားမှုကို လိုချင်တဲ့အချိန်မှာ တည်ဆောက်ယူနိုင်ပါတယ်။ ပျော်ရွှင်ခြင်းကို တောင့်တရင် ပျော်ရွှင်ခြင်းဟာ သင့်ထံကို မုချ ရောက်လာမှာပါ။ ဒီလိုဆိုရင် ပျော်ရွှင်ခြင်းကို ဘယ်လို ရရှိခံစားနိုင်မှာလဲ။
၁။ ပြုံးရယ်ပါ
တကယ်လို့ သင်ဟာ စိတ်ဓာတ်ကျစရာ အခြေအနေတစ်ရပ်နဲ့ ကြုံတွေ့တယ်ဆိုပါစို့။ ခေါင်းငိုက်စိုက်ချ ခြေလှမ်းတွေ ချည့်နဲ့ပြီး စိတ်ဓာတ် အကြီးအကျယ်ကျတယ်လို့ ခံစားနေရတဲ့ အချိန်မျိုးမှာပေါ့။ သင်ငိုကြွေးမယ်ဆိုရင်လဲ သင့်ကို သနားသဖြင့် ဖျောင်းဖျပေးမဲ့သူမရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ လွယ်ပါတယ် လေကို အားပါးတရ ရှူရှိုက်လိုက်ပါ။ ပြီးတော့ ခေါင်းကိုမော့ ရင်ကိုကော့ပြီး၊ မျက်နှာမှာ အပြုံးပန်းတစ်ခု ဆင်မြန်းလိုက်ပါ၊ ဘ၀ကို ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံအသွင်အပြင်ကို ရယူလိုက်ပါ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် စိတ်ကို ပေါ့ပါးသွက်လက်စေပါတယ်။ မိမိကို လူတယောက်က ဒေါသထွက်မယ်ဆိုရင်တောင် ပြုံးနေတဲ့ သင့်ကို ဒေါသထွက်ဖို့ အဲဒီလူအနေနဲ့ မတတ်စွမ်းနိုင်တော့ပါဘူး။
၂။ အေးဆေးစွာရင်ဆိုင်ပါ
ပျော်ရွှင်တဲ့သူဟာ မိမိကိုယ်ကို ဒီလိုပြောလေ့ရှိပါတယ်။ "ငါ ပျော်ရွှင်တယ်၊ ငါလုပ်တဲ့ အလုပ်တွေကလဲ အဖက်ဖက်က ပိုမိုပြီး ကောင်းမွန်လာတယ်၊ ပိုပြီးတော့လဲ ပျော်ရွှင်လာတယ်"။ သင့်အနေနဲ့ ဘယ်လိုအခက်အခဲပဲကြုံကြုံ ထပ်ခါတလဲလဲ ပြောသင့်တာက "ငါ အေးအေးဆေးဆေး ကိုင်တွယ် ဖြေရှင်းနိုင်တယ်၊ ငါ စိတ်ထဲမှာ အေးချမ်းနေတယ်" စတဲ့ စကားမျိုးတွေကို ပြောဆိုပေးပါ။ အချိန်ကြာလာတဲ့အခါ သင့်ရဲ့ စိတ်နှလုံးသားထဲမှာ သံမှိုရိုက်သလို စွဲမြဲလာပြီး ဘယ်အရာကိုမဆို အေးဆေးစွာ ကိုင်တွယ်ဖြေရှင်းလာနိုင်ပါလိမ့်မယ်။
၃။ ပျော်ရွှင်ဖွယ်ရာပုံရိပ်များကို တွေးတောပါ
အခု ကျွန်တော်တို့ စိတ်ထဲမှာ ပျော်ရွှင်ဖွယ် ပုံရိပ်တွေကို အတူတူတွေးတော မြည်းစမ်း ခံစားကြည့်လိုက်ရအောင်။ အရင်ဆုံး သင့်ရဲ့ မေးရိုးတွေကို ဖြေလျှော့လိုက်ပါ၊ မျက်စိကိုမှိတ်ပြီး၊ ပျော်ရွှင်ဖွယ်ရာ ပုံရိပ်တွေကို မြင်ယောင်ကြည့်ပါ၊ ဥပမာ၊ ၊ မိမိနှစ်သက်တဲ့ ရုပ်ရှင်ကားတစ်ကားလဲ ဖြစ်နိုင်ပါတယ်၊ ဒီလို လုပ်တာဟာ ပျော်ရွှင်ခြင်းကို စိတ်ပုံရိပ်နဲ့ ဖမ်းစားတဲ့ နည်းလမ်းတစ်မျိုးပါပဲ။
၎။ စကားကို ခါတိုင်းထက် ကျယ်ကျယ်ပြောဆိုလိုက်ပါ
စိတ်ဖိစီးမှုဒဏ် ခံရတဲ့ လူတစ်ယောက်အနေနဲ့  စကားကို တိုးတိုးလေးပဲ ပြောနိုင်ရှာပါတယ်။ ဒီလိုဖြစ်တာဟာ မိမိကိုယ်မိမိ ယုံကြည်စိတ် မရှိတော့ကာ ပျော်ရွှင်ခြင်း ယုတ်လျော့လာတာကို ပြဆိုနေတာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဒီလိုအချိန်မျိုးမှာ အတတ်နိုင်ဆုံး အသံကိုမြှင့်ပြီး စကားကျယ်ကျယ်ပြောဆိုပါ၊ ဒါပေမဲ့ သူများကို ဒေါသထွက် အော်ငေါက်မိတာမျိုး မဖြစ်ပါစေနဲ့။ ခါတိုင်းပြောနေကျ စကားသံထက် နည်းနည်း ပိုကျယ်ရုံလောက်ဆိုရင် လုံလောက်ပါတယ်။
၅။ ခေါင်းမော့ ရင်ကော့ပါ
သင်ဟာ စိတ်ဓာတ်ကျနေတဲ့ လူတွေကို သတိထားမိပါလိမ့်မယ်၊ လမ်းလျှောက်တဲ့အခါ ပျင်းရိပျင်းတွဲ စိတ်မပါသလို အမူအရာမျိုး၊ ဘာလုပ်လုပ် မျှော်လင့်ချက်ရောင်ခြည် မရှိတော့သလိုမျိုး၊ ခေါင်းငိုက်စိုက်ချ မိမိကိုယ်ကို ယုံကြည်စိတ် ပျောက်ကွယ်သွားသလိုမျိုး ပုံစံနဲ့ လူတွေပေါ့။ သင်ဟာ ဒီလိုအခြေအနေမျိုး ခံစားနေရတယ်ဆိုရင် လမ်းလျှောက်တဲ့အခါ ခေါင်းမော့ ရင်ကော့ပြီး ခြေလှမ်းကို ခပ်သွက်သွက် လျှောက်ပေးပါ. ဒီလို လုပ်ခြင်းဖြင့် သင့်ဆီကို ပျော်ရွှင်ခြင်းတွေ စိတ်ဓာတ်တက်ကြွမှုတွေ ရောက်ရှိလာပါလိမ့်မယ်။
၆။ ပျော်ရွှင်ခြင်းကို ဝေမျှပါ
လူတစ်ယောက်က ဘုရားသခင်ကို မေးပါတယ်.... "ဘာလို့ ကောင်းကင်ဘုံက လူတွေက ပျော်ရွှင်ကြပြီး ငရဲက လူတွေကျတော့ မပျော်နိုင်ကြသလဲ" တဲ့။ ဒါနဲ့ ဘုရားသခင်က အဲဒီလူကို အရင်ဆုံး ငရဲပြည်ကို ခေါ်ဆောင်သွားပါတယ်။ အဲဒီမှာ လူတွေ အများကြီးက ဒယ်အိုးကြီးတစ်လုံးရှေ့မှာ စုပြီး ထိုင်နေကြပါတယ်၊ ဒယ်အိုးထဲမှာ စားကောင်းသောက်ဖွယ် အစားအစာကို ချက်ပြုတ်ထားပါတယ်။ ဒါပေမဲ့ လူတိုင်းဟာ ဆာလောင်ပြီး မျှော်လင့်ချက် ပျောက်ဆုံးနေကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လက်ထဲမှာ ကိုင်ထားတဲ့ဇွန်းက အရှည်ကြီးဖြစ်နေလို့ပါပဲ၊ ဇွန်းရှည်နေတဲ့ အတွက်ကြောင့် သူတို့ပါးစပ်ထဲကို သူတို့ ပြန်ထည့်ဖို့ မတတ်စွမ်းနိုင်ကြပါဘူး။ ဆက်ပြီးတော့ ဘုရားသခင်က အဲဒီလူကို ကောင်းကင်ဘုံကို ခေါ်ဆောင်သွားပါတယ်၊ အဲဒီမှာလဲ ဇွန်းက အရှည်ကြီးပါပဲ၊ ဒါပေမဲ့ အဲဒီကလူတွေကတော့ သူတို့ရဲ့ ဇွန်းရှည်တွေကို သုံးပြီး သူများရဲ့ ပါးစပ်ထဲကို အစာတွေ ခွံ့ကျွေးကြပါတယ်။ ဒါကြောင့် သင်လဲ ပျော်ရွှင်ခြင်းကို သူများတွေနဲ့ ဝေမျှခြင်းဖြင့် သင့်ဆီလဲ ပျော်ရွှင်ခြင်းဟာ အနှေးနဲ့အမြန် ရောက်ရှိလာပါလိမ့်မယ်။
၇။ ကျေးဇူးတင်ပါ
တကယ်လို့ သင်ဟာ လူတွေကို ကျေးဇူးတင်တတ်တဲ့သူ ဆိုရင်၊ သင့်ရဲ့စိတ်မှာ ဒေါသ လျော့နည်းလာပြီး စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရရှိလာပါလိမ့်မယ်။ ကျေးဇူးတင်တတ်တာဟာလဲ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ဖွင့်ဟပေးမဲ့ လက်နက်တစ်ခုလို့ပဲ ဆိုချင်ပါတယ်။
အထက်ပါ အချက်တွေဟာ သင် ချက်ချင်းလက်ငင်း တခဏအတွင်း လုပ်လို့ရနိုင်တဲ့ အရာတွေတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဖြေးဖြေးလေ့ကျင့်ယူပါ။ ဒီအချက်တွေဟာ နေ့စဉ်ဘ၀မှာ ကျင့်သုံးအပ်တဲ့ အရာတွေဖြစ်ပါတယ်။ အကြောင်းက ပျော်ရွှင်ခြင်းဆိုတာ မိမိကိုယ်တိုင်အပေါ်မှာ မူတည်နေလို့ပဲ ဖြစ်ပါတယ်။ စိတ်သဘောထား မှန်ကန်မှသာ ပျော်ရွှင်ခြင်းကို ရွေးချယ်နိုင်ကြမှာပါ။ သဘာဝအတိုင်း ပျော်ရွှင်မှုကို ပိုင်ဆိုင်နိုင်ကြမှာပါ။ ကျွန်တော့်အနေနဲ့လဲ မိတ်ဆွေတို့ ပျော်ရွှင်ခြင်းတွေ ထာဝစဉ် ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။
စာချစ်သူများအား ကျေးဇူးတင်ပါသည်။
Credit: Zay Yar
Sunday, October 11, 2015
"ပျော်ရွှင်မှုကို ရွေးချယ်ပါ"
Labels:
လူမှုဘဝ,
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment