Sunday, October 11, 2015

"ဖုန်းကတစ်ဆင့် ဆက်ဆံရေး ပိုများသူ စိတ်ကျန်းမာရေး ထိခိုက်"


"ဖုန်းကတစ်ဆင့် ဆက်ဆံရေး ပိုများသူ စိတ်ကျန်းမာရေး ထိခိုက်"

မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနဲ့ လူချင်းတွေ့ဖြစ်တာနည်းပြီး ဖုန်းဆက်ပြီးသာ စကားပြောဖြစ်ချိန် များနေသူတို့သည် စိတ်ကျဝေဒနာ ခံစားရနိုင်ခြေ ပိုများကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

လူချင်းတွေ့ဖို့ အားမထုတ်ဘဲ ဖုန်းသာ အားကိုးသူများသည် ကြာလေ စိတ်ကျဝေဒနာ ခံစားရလေဟု စစ်တမ်းက သတိပေးသည်။ စစ်တမ်းကို အမေရိကန်နိုင်ငံ အော်ရီဂွန် ကျန်းမာရေးနှင့် သိပ္ပံတက္ကသိုလ်မှ ဒေါက်တာ အလန်တီယိုနှင့် အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လေ့လာမှုစစ်တမ်းတွင် အသက် (၅၀) အထက် လူပေါင်း (၁၁၀၀၀) ပါဝင်သည်။ ထိုသူများ၏ မိသားစုဝင်၊ မိတ်ဆွေ သူငယ်ချင်းများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံနှုန်း၊ ဖုန်းဆက် စကားပြောနှုန်း၊ မက်ဆေ့ဂ်ျပို့နှုန်း၊ အီးမေးပို့နှုန်းများကို သုတေသီတို့က မှတ်တမ်းတင်သည်။

ထိုသူများ၏ အပြုအမူများကို နှစ်နှစ်ကြာ စောင့်ကြည့် မှတ်တမ်းတင်သည်။ အထီးကျန် စိတ်ကျဝေဒနာ ခံစားရနှုန်းများကိုလည်း မှတ်တမ်းတင်သည်။ ထိုအခါ နှစ်နှစ်အတွင်း မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံမှု နည်းသူတို့သည် စိတ်ကျဝေဒနာ ခံစားရနှုန်း အမြင့်ဆုံး ဖြစ်ကြောင်း တွေ့ခဲ့ရသည်။

ဖုန်းများများ ပြောဖြစ်ခြင်း၊ ဖုန်းကနေ မက်ဆေ့ဂ်ျများများ ပို့ဖြစ်ခြင်း၊ အီးမေးလ် အပြန်အလှန် ပို့ဖြစ်ခြင်းတို့သည် စိတ်ကျဝေဒနာ သက်သာအောင် မစွမ်းဆောင်နိုင်ကြောင်းလည်း လေ့လာတွေ့ရှိခဲ့ရသည်။ တစ်ပတ်ကို သုံးကြိမ်လောက် မိသားစုဝင်၊ မိတ်ဆွေ သူငယ်ချင်းများနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဖြစ်သူများနှင့် ယှဉ်လျှင် တစ်လမှ တစ်ခါ နှစ်ခါလောက်သာ မျက်နှာချင်းဆိုင် တွေ့ဖြစ်သူများသည် စိတ်ကျဝေဒနာ ဖြစ်ပွားနှုန်း (၁၁ ဒသမ ၅) ရာခိုင်နှုန်း ပိုများကြောင်း လေ့လာတွေ့ရှိရသည်။

လေ့လာမှုစစ်တမ်းကို American Geriatries Society ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

Source: Daily Mail

Credit: messenger

No comments:

Post a Comment