Sunday, October 11, 2015

"သူငယ်ချင်းကောင်းတို့၏ စိတ်ဓာတ်"


"သူငယ်ချင်းကောင်းတို့၏ စိတ်ဓာတ်"

တခါတုန်းက သူငယ်ချင်းနှစ်ဦးဟာ သဲကန္တာရတစ်ခုထဲမှာ လမ်းလျှောက်လာကြတယ်။ လမ်းခရီး တစ်နေရာအရောက်မှာ သူတို့ စကားများကြပြီး သူငယ်ချင်းတစ်ယောက် နောက်တစ်ယောက်ရဲ့ မျက်နှာကို လက်နဲ့ရိုက်လိုက်တယ်။ အရိုက်ခံရတဲ့ ကောင်လေးက နာသွားပြီး ဘာမှ ပြန်မပြောပါဘူး။ ဒါပေမယ့် သူဟာ သဲပြင်ပေါ်မှာ အောက်ပါအတိုင်း စာရေးခဲ့တယ်။

“ဒီနေ့ ငါ့ အချစ်ဆုံးသူငယ်ချင်းက ငါ့မျက်နှာကို ရိုက်တယ်”

ဒီလိုနဲ့ သူတို့နှစ်ဦးဟာ အိုအေစစ်ကို ရောက်တဲ့အထိ လမ်းလျှောက်လာခဲ့ကြတယ်။ အဲဒီနေရာမှာ သူတို့ ရေချိုးရေကူးကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ မျက်နှာအရိုက်ခံရတဲ့ ကောင်လေးဟာ ရေချိုးနေတုန်း အိုအေစစ်ထဲမှာ နွံထဲဆင်းမိပြီး နွံထဲကို တဖြည်းဖြည်း နစ်မြုပ်သွားခဲ့တယ်။ ဒါပေမယ့် သူ့သူငယ်ချင်းက သူ့ကို အချိန်မှီကယ်တင်လိုက်ပါတယ်။ နွံနစ်တဲ့ နေရာအနီးမှာ သူသတိပြန်ရလာတဲ့အခါ သူ ကျောက်တုံးတစ်တုံးပေါ်မှာ အောက်ပါအတိုင်း စာရေးခဲ့တယ်။

“ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့အသက်ကို ကယ်ခဲ့တယ်”

ဒီတော့ သူ့အသက်ကို ကယ်ခဲ့တဲ့သူငယ်ချင်းက မေးတယ်။

“ငါမင်းကို နာကျင်အောင်လုပ်တုန်းကလည်း မင်း သဲပြင်ပေါ်မှာစာရေးခဲ့တယ် အခု ငါမင်းကိုကယ်ခဲ့တော့လည်း မင်း ကျောက်တုံးပေါ်မှာ စာရေးခဲ့တယ် အဲဒါဘာဖြစ်လို့လဲ”

ဒီတော့ သူက ပြန်ပြောတယ်။

“ငါတို့ကို တစ်စုံတစ်ယောက်က နာကျင်အောင်လုပ်တဲ့အခါမှာတော့ ငါတို့ သဲပြင်ပေါ်မှာပဲ ရေးပြီးမှတ်ထားသင့်တယ်။ ဒါမှ လေတိုက်တဲ့အခါ အဲဒီစာတွေ ပျောက်သွားသလိုမျိုး ခွင့်လွှတ်ခြင်းက အဲဒီနာကျင်မှုကို အဝေးကို ဖယ်ရှားပေးနိုင်မှာပါ။ ဒါပေမယ့် ငါတို့အတွက် တစ်စုံတစ်ယောက်က ကောင်းတဲ့အရာတွေ လုပ်ပေးခဲ့ရင်တော့ ငါတို့ ကျောက်တုံးပေါ်မှာ ရေးမှတ်ထားသင့်တယ်။ ဒါမှ ဘယ်လိုလေမျိုးတိုက်တိုက် ပျောက်ပျက်မသွားရအောင်ပေါ့ ”

သင့်ရဲ့ နာကျင်မုန်းတီးမှုတွေကို သဲပြင်ပေါ်မှာပဲ ရေးမှတ်ထားလိုက်ပါ။ လေတိုက်တဲ့အခါ အဲဒီစာတွေ လွင့်ပျောက်သွားပါစေ……

သင့်အပေါ်ကောင်းတဲ့ သူတွေကိုတော့ ကျောက်တုံးပေါ်မှာ ရေးမှတ်ထားလိုက်ပါ။ ဘယ်လိုပဲ လေပြင်းတွေတိုက်တိုက် မပျောက်ပျက်ပဲ အမြဲအမှတ်ရနေပါစေ……

Credit: moe kaung

No comments:

Post a Comment