Friday, October 16, 2015

"စိတ်အားသတ္တိ ပြည့်ဝသူ"


"စိတ်အားသတ္တိ ပြည့်ဝသူ"

သတ္တိ……………….
သတ္တိဆိုတဲ့စကားကို လူတိုင်းကြားဖူးကြမှာပါ။ မိုက်တယ်ဆိုတဲ့စကားကိုလည်း ကြားဖူးကြပါလိမ့်မယ်။ ဒီစကားနှစ်ရပ်ဟာ ရှင်းရှင်းလေးနဲ့ ကပ်ရှုပ်တတ်တဲ့ စကားလေးနှစ်လုံးပါ။ လူတော်တော်များများက ကိုယ်မိုက်တာကို မိုက်မှန်းမသိဘဲ ငါတို့က သတ္တိရှိတယ်ဟေ့ တို့၊ ငါ့လောက်သတ္တိရှိတဲ့လူ ဒီဇဗ္မူရှိသေးလား တို့ ပြောတတ်ကြပါတယ်။ တကယ်တော့ သတ္တိရှိတယ်ဆိုတာ လူအများလုပ်နိုင်ခဲ့တဲ့ အလုပ်ကို လုပ်နိုင်တာ၊ လူအများကျင့်နိုင်ခဲတဲ့ အကျင့်ကို ကျင့်နိုင်တာမှ တစ်ကယ်တမ်း သတ္တိရှိတယ်လို့ ပြောလို့ရပါတယ်။ ဥပမာပြောရရင် လူတစ်ယောက်က ကိုယ့်ကို ရန်စလာပြီဆိုပါစို့။ ဒေါသတွေထွက်ပြီး စိတ်ဆိုးပြီဆိုကတည်းက ကိုယ့်ဘက်ကစပြီး ရှုံးပါပြီ။ တကယ်တမ်း အဲဒီဒေါသထွက်၊ စိတ်ဆိုးတဲ့ အပြုအမူတွေဟာ သတ္တိမရှိတဲ့ အပြုအမူတွေပါပဲ။

အရင်းစစ်ကြည့်လိုက်စမ်းပါ။…………..။
စိတ်ဆိုးအောင် ဘယ်သူလုပ်တာလည်း ကိုယ်ကိုယ်တိုင်ပဲ ပြန်လုပ်နေတာပါ။ တစ်ဖက်လူက ကိုယ့်ကို ရန်စပြီဆိုကတည်းက ကိုယ့်ကို ထိခိုက်နစ်နာစေချင်တဲ့ ဆန္ဒက ပါလာပြီးသားပါ။ အဲဒါကို ကိုယ်က ဒေါသထွက်မယ် စိတ်ဆိုးမယ်ဆို သူ့အလိုကျ လိုက်လုပ်ပေးလိုက်တာနဲ့ တူတူပါပဲ။ အဲဒီအပြုအမူတွေဟာ စိတ်အခြေအနေ အားနည်းသူတွေရဲ့ အပြုအမူတွေပါပဲ။ အရှင်းဆုံးဥပမာနဲ့ ပြရရင်တော့ လူတစ်ယောက်က ကိုယ့်ကို ပစ္စည်းတစ်ခုပေးပြီ ဆိုပါစို့။ အဲဒီပစ္စည်းပေးတဲ့သူက ဘယ်လောက်ပဲ ဇွတ်ပေးပေး ယူချင်တဲ့သူက ယူမှ ရတာပါ။ အဲဒီလိုပဲ စိတ်မချမ်းသာစရာ တစ်ခုခုကို လူတစ်ယောက်ယောက်က ကိုယ့်အပေါ် ကျူးလွန်လာလို့ ကိုယ့်စိတ်ထဲမှာ ခံစားနေရပြီိဆိုရင် အဲဒါ ကိုယ်ကိုယ်တိုင် လက်ခံလိုက်လို့ပါပဲ။ ကိုယ်ကမယူဘူးဆိုရင် သူ ဘယ်လိုပေးပေး ရမှာမဟုတ်ပါဘူး။ လူတိုင်းနီးပါး ဒေါသထွက်ဖူးကြမှာပါ။ ဒေါသထွက်လာပြီဆိုရင် ဘာကိုမှ မမြင်နိုင်ကြတော့ပါဘူး။ အဲဒီချိန်မှာ ဘာပဲလုပ်လုပ် အမှားတွေနဲ့ ရင်ဆိုင်ဖို့ သေချာသလောက် ရှိနေပါပြီ။ အမှားတွေဖြစ်ပြီ ဆိုကတည်းက ကိုယ့်ဘက်က ရှုံးဖို့ သေချာသလောက် ရှိနေပါပြီ။ အခြားလူတွေ ကိုယ့်အပေါ် ဘာတွေပဲလုပ်လာလုပ်လာ အပြုံးမပျက်ဘဲ သူတို့ကို ရင်ဆိုင်ကြည့်လိုက်စမ်းပါ။ အရမ်း အံ့သြစရာကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်သွားတတ်ကြတာကို စာဖတ်သူတို့ တွေ့မြင်ကြရမှာပါ။

ပထမဆုံးအနေနဲ့ ကိုယ့်အပေါ် ကျူးလွန်လာသူဟာ အရမ်း အံ့သြသွားပါလိမ့်မယ်။ နောက်ပြီး သူလုပ်တဲ့အလုပ် မအောင်မြင်လေခြင်းဆိုပြီး နောင်တတွေ ရပါလိမ့်မယ်။ ပြီးရင် သူ့ကိုယ့်သူ ဒေါသတွေထွက်လာပါလိမ့်မယ်။ အဲဒီအအချိန်မှာ ကိုယ်ကတော့ ပြုံးပြုံးလေးပါပဲ။…………

ကိုယ်ကပြုံးနိုင်လေ သူက ဒေါသပိုထွက်လေပါပဲ။ တကယ်တမ်းပြောရရင် ဒီနည်းလေးကို စာရေးသူကတော့ ပြုံးပြုံးလေးနဲ့ နိုင်တဲ့နည်းလို့ ရိုးရိုးလေး ကင်ပွန်းတပ်လိုက်ချင်ပါတယ်။ စာဖတ်သူအနေနဲ့ ဒီနည်းလေးကို အကြိမ်ရေများများ ကြိုးစားစရာ မလိုပါဘူး။ တစ်ကြိမ်လောက်သာ စမ်းလုပ်ကြည့်လိုက်စမ်းပါ။ ဒီနည်းလေးရဲ့ အစွမ်းကို မျက်မြင် တွေ့ရမှာပါ။ တစ်ခါလောက်လုပ်ပြီးရင် နောက်တစ်ကြိမ် ကြုံလာပြီဆိုလည်း ဒီနည်းလေးနဲ့ပဲ အနိုင်ယူချင်လာလိမ့်မယ် ဆိုတာ စာရေးသူ အတပ်ပြောရဲပါတယ်။ ဒီနည်းလေးဆိုလို့လည်း အထင်မသေးလိုက်ပါနဲ့ဦး။ ဒီနည်းလေးက ကိုယ့်ရန်သူကိုမှ မဟုတ်ပါဘူး။ လောကကြီးကိုတောင် ပြုံးပြုံးလေး အနိုင်ယူနိုင်တဲ့ နည်းလေးပါ။ ပျော်စရာ၊ ၀မ်းနည်းစရာ၊ ဘယ်လိုပဲ လောကကြီးကပေးတဲ့ လောကဓံကိုပဲကြုံကြုံ ဒီနည်းလေးသာ ပိုင်ထားလို့ကတော့ နင်လားဟဲ့လောကဓံ ဆိုပြီး အံတုနိုင်မဲ့ နည်းလေးပါ။

နောက်ဆုံးအနေနဲ့ စာဖတ်သူကို စာရေးသူလက်ကိုင်ထားတဲ့ ပြုံးပြုံးလေးနဲ့ နိုင်တဲ့နည်း တစ်ခုလောက် လက်ဆောင် ပေးလိုက်ပါ့မယ်။ စာရေးသူကို ခွန်အားတွေပေးနိုင်တဲ့ စကားစု သေးသေးလေးပါ။ ဒီစာသားလေးကို ဆရာတော် အရှင်ရဝေနွယ်ရဲ့ မဂီလာအတွေးများမှာ ဖတ်ရပြီး ကိုယ်ပိုင်ကျင့်သုံးခဲ့တာပါ။ အဲဒီစာသားလေးကတော့ "This too will pass" "ဒါလည်း ပြီးသွားမှာပါ" ဆိုတဲ့ စကားလေးပါ။ ဒီစကားလေးသာ လက်ကိုင်ထားပြီး ကိုယ်တိုင်လုပ်နိုင်လို့ကတော့ ကောင်းတာတွေကြုံလို့လည်း အရမ်းကြီးဝမ်းမသာ၊ ဆိုးတာတွေဖြစ်လာလို့လည်း အရမ်းကြီး ၀မ်းမနည်းတတ်တော့ပါဘူး။ စိတ်တွေအရမ်းညစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါက်နေတဲ့လူအတွက် ဆိုရင်တောင် ဒီစကားလေးကို နှလုံးသွင်းလိုက်မယ်ဆိုရင် စိတ်ချမ်းသာရာ ရသွားမှာပါ။

လူတိုင်းမှာ စိတ်ညစ်စရာ ၀မ်းနည်းစရာတွေကတော့ အနည်းနဲ့အများ ရှိကြတာပါပဲ။ စာရေးသူမှာလည်း ရှိတာပါပဲ။ အဲလိုစိတ်ညစ်စရာတွေ ကြုံလာတိုင်း စာရေးသူက "ဒီစိတ်ညစ်စရာတွေကို ဘယ်သူကမှ လာပေးတာမဟုတ်ဘူး၊ ငါကိုယ်တိုင် လက်ခံနေလို့ ခံစားနေရတာ၊ အချိန်တန်ရင်တော့ ဒါလည်း ပြီးသွားမှာပါပဲ" လို့ စိတ်ထဲမှာ အထပ်ထပ် တွေးနေလိုက်တော့တာပါ။ စာဖတ်သူတွေလည်း နှလုံးသွင်းမှန်ပြီး ဘယ်အရာပဲ ကြုံလာကြုံလာ ကြံ့ကြံ့ခံနိုင်တဲ့ နှလုံးသားတစ်စုံနဲ့ စိတ်အင်အားသတ္တိ ပြည့်ဝသူတွေ ဖြစ်စေချင်တာပါ။

စိတ်အားသတ္တိ ပြည့်ဝသူတွေ ဖြစ်ကြပါစေ။

Credit: ကိုကိုးအိမ် (မန္တလေး)

No comments:

Post a Comment