"လူချစ်လူခင်များဖို့ သင်လုပ်ဆောင်ပေးရမယ့် အရာက တစ်ခုတည်းသာ"
သူငယ်ချင်း အပေါင်းအသင်းတွေကြား၊ လုပ်ဖော်ကိုင်ဖက်တွေကြား၊ အသိမိတ်ဆွေတွေကြားမှာ သင်ဟာ လူချစ်လူခင်များတဲ့သူတစ်ယောက် ဖြစ်ချင်ပါသလား။ သင် လုပ်ဆောင်ရမယ့်အရာကတော့ အများကြီး မဟုတ်ပါဘူး။ တစ်ခုတည်းပါ။
အဲ့ဒါကဘာလဲဆိုတော့ သူတို့ ပြောတာလေးတွေကို ဂရုတစိုက် နားထောင်ပေးဖို့ပါပဲ။ လူတစ်ယောက်ဟာ ကိုယ်ပြောချင်တဲ့အရာကို တစ်ဖက်လူက စိတ်ဝင်တစား နားထောင်ပေးတဲ့အခါ အဲ့ဒီလူကို ပိုမို ခင်မင်သွားလေ့ရှိပြီး ပိုမိုနှစ်လိုသွားကြပါတယ်။ ဘာလို့လဲဆိုတော့ များသောအားဖြင့် လူအများစုဟာ တစ်ဖက်လူပြောစကားကို ပြီးဆုံးအောင် နားမထောင်ပဲ ကြားဖြတ် ပြောတတ်ကြလို့ပါပဲ။ နားထောင်တဲ့အခါမှာလည်း တစ်ဖက်လူပြောတဲ့ အကြောင်းအရာကို မကောင်းတတ်လို့ နားထောင်ရသလို ပုံစံမျိုးတွေ ပေါက်နေတတ်ကြလို့ပါ။ ယနေ့ခတ်မှာ လူတိုင်းမှာ ကိုယ့်အလုပ်နဲ့ကိုယ့်အချိန် မအားရတဲ့ကြား၊ သူငယ်ချင်းတွေဆုံတဲ့အခါမျိုးမှာ သင့်သူငယ်ချင်းက သင့်ကို သူပြောချင်တဲ့ အကြောင်းအရာတစ်ခု လာဖွင့်ဟတယ်ဆိုပါစို့။ သင်က စိတ်ပါလက်ပါနဲ့ နားထောင်ပေးမယ်ဆိုရင် သင်ဟာ သူ့ရဲ့ယုံကြည်မှုကိုပါ ရရှိသွားပါလိမ့်မယ်။
ဒီလိုပြောလိုက်လို့ ဒါများလွယ်ပါတယ်လို့တော့ မထင်ပါနဲ့။ လူတွေဟာ တစ်ဖက်လူရဲ့ ပြောစကားကို ၂၅ ရာခိုင်နှုန်းသာ အပြည့်အ၀ နားထောင်ပေးနိုင်ကြပါတယ်။ ဟန်ဆောင်နားထောင်ပေးသူနဲ့ တကယ်နားထောင်ပေးသူရဲ့ အပြုအမူလေးတွေကလည်း ကွာသွားပါသေးတယ်။ သင်ဟာ တစ်ဖက်လူပြောတာကို တကယ် စိတ်ဝင်စားတယ်ဆိုရင်တော့ မျက်လုံးချင်းဆုံနေမှာ ဖြစ်တဲ့အပြင်၊ ပြုံးတာ၊ ခေါင်းငြိမ့်တာမျိုးတွေလည်း အလိုအလျောက် ပြုမူမိနေပါ လိမ့်မယ်။
ဒါ့အပြင် နားထောင်ပေးတဲ့သူဟာ စိတ်ရှည်ဖို့လည်း လိုအပ်ပါသေးတယ်။ ခုနပြောသလို ပြောနေတဲ့သူကို အာရုံရောက်သွားတဲ့အခါမှာတော့ ကြားရတဲ့အရာပေါ် မူတည်ပြီး မျက်နှာအမူအယာ ပြောင်းသွားတာမျိုးလည်း ရှိပါလိမ့်မယ်။
ဒီတော့ ခုနပြောသလို သင် နားထောင်ပေးနိုင်တဲ့သူဖြစ်ရင် သင့်ကို ခင်တဲ့သူ ချစ်တဲ့သူတွေ များလာမှာ ဖြစ်သလို နောက်ထပ် သိထားသင့်တဲ့ အချက်ကလေးတွေကတော့
၁။ပြုံးပါ။
၂။ကိုယ်စကားပြောနေတဲ့သူရဲ့ နာမည်ကို မေ့နေတာမျိုး မဖြစ်ပါစေနဲ့။
၃။ကိုယ့်ဘက်က အတတ်နိုင်ဆုံး သူပြောတာကို နားထောင်ပေးပါ။ အားပေးစရာရှိရင် တစ်ဖက်လူကို အားပေးစကားဆိုပါ။
၎။တစ်ဖက်လူ ဘယ်လိုအကြောင်းအရာမျိုး စိတ်ဝင်စားတယ်ဆိုတာ သိပါစေ။
၅။ကိုယ်နဲ့စကားပြောတဲ့သူဟာ သူ့ကိုယ်သူ ငါဟာ အရေးပါ အရေးကြီးတဲ့သူ ဖြစ်တယ်လို့ ခံစားရအောင် သင် စိတ်ရင်းနဲ့ လုပ်ဆောင်ပေးပါ။
မေသော်
Credit: Trend Myanmar
Thursday, October 8, 2015
"လူချစ်လူခင်များဖို့ သင်လုပ်ဆောင်ပေးရမယ့် အရာက တစ်ခုတည်းသာ"
Labels:
လူမှုဘဝ,
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment