Sunday, October 25, 2015

"စပျစ်သီးရဲ့အကျိုးကျေးဇူးများ"


"စပျစ်သီးရဲ့အကျိုးကျေးဇူးများ"

စပျစ်သီးတစ်ခိုင်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကလည်း များပြားလှပါတယ်။ စပျစ်သီးဟာ လူကြိုက်များတဲ့ အသီးတစ်မျိုးထဲမှာ ပါဝင်နေပြီး သူ့မှာ ဗီတာမင် A၊ C၊ B6 နဲ့ Folate တို့ များစွာပါဝင်နေပြီး  နောက်ထပ်မရှိမဖြစ် ဓာတ်သဘာဝတွေဖြစ်တဲ့  ပိုတက်စီယမ်၊ ကယ်လစီယမ်၊ သံဓာတ်၊ ဖော့စဖရတ်၊ မဂ္ဂနီယမ်နဲ့ ဆီလီနီယမ်တို့ ပါပါဝင်နေခြင်းပင် ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ ရောဂါတွေနဲ့ ပတ်သက်ပြီး သက်သာပျောက်ကင်းစေဖို့ များစွာ အထောက်အကူပြုကြောင်း ဖော်ပြထားကြပါတယ်။

ပန်းနာရင်ကြပ်အတွက် ကောင်းမွန်ခြင်း

ရောဂါအနေအထားကိုလိုက်ပြီး ကုသပေးမှုအရ ကျွမ်းကျင်သူ ပညာရှင်တို့ဟာ ပန်းနာရင်ကြပ်ရောဂါအတွက် စပျစ်သီးရဲ့ အာနိသင်ကို အသုံးပြုတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စပျစ်သီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားပြီး အဆုတ်ထဲရှိနေတဲ့ အစိုဓာတ်ကို တိုးမြှင့်ပေးတာကြောင့် ရင်ကြပ်တာတွေကို လျော့ကျစေခြင်းဘဲ ဖြစ်ပါတယ်။

အရိုးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

စပျစ်သီးမှာ အံ့သြစရာကောင်းလှစွာ သံဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်နဲ့ ကြေးနီဓာတ်တို့ အနည်းငယ် ပါဝင်နေတာကြောင့် အရိုးသာမာန်မှုကို များစွာ အထောက်အကူပြုပါတယ်။ စပျစ်သီးကို အခြေခံ အစားအစာထဲမှာ ပုံမှန်ထည့်ပြီး စားပေးခြင်းဖြင့်  အသက်ကြီးလာတဲ့အခါ အမျိုးသမီးတွေ အများဆုံးဖြစ်ပွားလေ့ရှိတဲ့ အရိုးပွရောဂါ ဖြစ်ပွားမှုကို များစွာ ကာကွယ်နိုင်ပါတယ်။

နှလုံးရောဂါအတွက် ကောင်းမွန်ခြင်း

စပျစ်သီးဟာ သွေးထဲမှာ နိုက်ထရစ်အက်ဆစ်ကို တိုးပွားစေတာကြောင့် သွေးခဲတာတွေကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် စပျစ်သီးမှာ Heart attacks ဖြစ်ပွားနှုန်းကို ထိရောက်စွာ လျော့ချပေးနိုင်တဲ့အစွမ်း ရှိခြင်းဖြစ်ပါတယ်။

ခေါင်းမူး၊ ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း

စပျစ်သီးဖျော်ရည်ဟာ ခေါင်းမူး၊ ခေါင်းနောက်၊ ခေါင်းကိုက်ခြင်းတို့ကို ကုသရာမှာ တကယ်ထိရောက်တယ်လို့ ပြောဆိုထားကြပါတယ်။ မနက်ပိုင်းတွေမှာ စပျစ်သီးဖျော်ရည်ကို ရေမရောဘဲ သောက်သုံးသင့်တယ်လို့လည်း ညွှန်းဆိုထားကြပါတယ်။ တစ်ခါတစ်ရံမှာ ဝိုင်နီတို့ သောက်သုံးမိလို့ ခေါင်းတွေအုံခဲ ကိုက်ခဲနေတဲ့အချိန်တွေမှာ စပျစ်သီးဖျော်ရည်နဲ့ စပျစ်သီးရဲ့ အစေ့တွေဟာ ဒီဝေဒနာတွေကို သက်သာစေဖို့ ထိရောက်စွာ ဖြေရှင်းပေးပါတယ်။ ဥပမာ- ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ အိပ်ရေးပျက်လို့ဘဲဖြစ်ဖြစ်၊ အရက်နာကျလို့ဖြစ်ဖြစ် ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်နေခဲ့ရင် အခုလို စပျစ်သီးဖျော်ရည် သောက်ပေးခြင်းဖြင့် များစွာ သက်သာစေပါတယ်။

ဝမ်းချုပ်ခြင်း သက်သာစေခြင်း

စပျစ်သီးဟာ ဝမ်းချုပ်တာတို့ကို သက်သာစေတဲ့ ဝမ်းပျော့စေတဲ့ အသစ်တစ်မျိုးဖြစ်ပါတယ်။ သူ့မှာ သကြား၊ အော်ဂင်းနစ်အက်ဆစ်နဲ့ သဘာဝအရင်းအမြစ်တွေ ပါဝင်တာကြောင့် ဝမ်းပျော့စေတဲ့ အသီးတစ်မျိုးအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင်  ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေ များစွာ ပါဝင်နေတာကြောင့်လည်း ဝမ်းပျော့ပျော့သွားစေဖို့ များစွာ အထောက်အကူပြုတာ ဖြစ်ပါတယ်။

မောပန်းနွမ်းနယ်မှုတို့ကို သက်သာစေခြင်း

အဖြူရောင်စပျစ်သီးမှာ သံဓာတ်အစား ဖြည့်စွက်ပေးနိုင်တဲ့ ဓာတ်သဘာဝ ပါရှိနေပြီး မောပန်းနွမ်းနယ်မှုတို့ကို များစွာ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးအားနည်းရောဂါ ဖြစ်ပွားသူများအတွက် စပျစ်သီးကို စားပေးခြင်းဖြင့် သံဓာတ်အားကောင်းစေဖို့ များစွာ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါပေမယ့် အနက်ရောင် စပျစ်သီးဖျော်ရည်ကို သောက်သုံးခြင်းဟာ သံဓာတ်ကို မတိုးစေဘဲ လျော့ကျစေတယ်ဆိုတာ သတိရှိဖို့လိုပါတယ်။

ရင်သားကင်ဆာကို သက်သာစေခြင်း

ဆေးသိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိချက်အရ ခရမ်းရောင် စပျစ်သီးဖျော်ရည်ဟာ ရင်သားကင်ဆာ ဖြစ်ပွားမှုကို များစွာ ကာကွယ်ပေးကြောင်း ဖော်ပြထားကြပါတယ်

မှတ်ဥာဏ်ချို့ယွင်းမှုရောဂါကို သက်သာစေခြင်း

သုတေသနပညာရှင်တို့ လေ့လာတွေ့ရှိချက်အရ စပျစ်သီးမှာပါဝင်တဲ့ သဘာဝဓာတ်တွေဟာ ဦးနှောက်ဖွံ့ဖြိုးမှုတို့ကိုလည်း ကောင်းမွန်စေကာ မှတ်ဥာဏ်ချို့ယွင်းမှု ရောဂါတွေကိုလည်း များစွာ သက်သာစေကြောင်း ဖြော်ပထားကြပါတယ်။

Credit: Yangon Life

No comments:

Post a Comment