Monday, October 26, 2015

"ချစ်ခြင်း၏ အနုပညာ"


"ချစ်ခြင်း၏ အနုပညာ"

တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးတဲ့ အရသာက လောကကြီးမှာ ကြည်နူးမိန်းမူးစရာ အကောင်းဆုံးပါပဲ။ တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးစိတ်နဲ့ လောကကြီးကိုကြည့်မိတဲ့အခါ ကမ္ဘာလောကကြီးမှာ ပွင့်ကြကုန်သမျှ ပန်းပွင့်တွေဟာ လှပကုန်ကြပါတယ်။ ပင်လယ်ပြင်လည်းလှ၊ တောင်တန်းတွေလည်းလှ၊ တိမ်တွေလည်းလှ  အားလုံးပဲ လှနေကြ၊ သိမ်မွေ့နူးညံ့နေကြပါတယ်။  အချစ်ဟာ ဘယ်လောက်တောင် ဖမ်းစားညှို့ယူနိုင်စွမ်း ရှိသလဲဆိုရင် ချစ်သူနဲ့ကိုယ် တိုက်ရိုက်ထိတွေ့မှုမရှိဘဲ ချစ်သူ ရိုက်လွှတ်လိုက်တဲ့ စာကြောင်းလေးတွေကတဆင့် အချစ်ရဲ့ အရသာက ကိုယ့်ဆီကို စီးဝင် ပေါင်းစပ်နိုင်ပါတယ်။

အချစ်ဆိုတာဘာလဲလို့ လူတိုင်း တွေးကြည့်ဖူးပါလိမ့်မယ်။ သေချာတာတစ်ခုက အချစ်ဆိုတာ ဘာလဲလို့ သိပြီးမှ အချစ်ကို ကြုံကြတာမဟုတ်ပါဘူး။ အချစ်ကိုကြုံခဲ့ရပြီးမှ အချစ်ဆိုတာ ဘာလဲလို့ သိလာကြတာပါ။ အချစ်ဆိုတာ ဘာလဲဆိုတာကို ကိုယ့်ချစ်သူကသာ ရှင်းပြနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ချစ်သူနဲ့ကျမှသာ အချစ်ဆိုတာကို ခံစားနားလည်နိုင်ပါတယ်။

အချစ်ဆိုတာ အာရုံငါးပါးနဲ့ ဖော်ပြလို့မရနိုင်တဲ့ အရသာဖြစ်ပါတယ်။ အာရုံငါးပါးနဲ့ တိုက်ရိုက်ခံစားသိလို့ မရနိုင်ပေမယ့် အချစ်ဟာ အဲဒီအာရုံငါးပါးထဲကို အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ၀င်ရောက်နိုင်ပါတယ်။

အချစ်ကို ကြုံတွေ့တဲ့အခါ စိတ်ပါလက်ပါ ခြေစုံပစ်ဝင်လိုက်ပါ။ မာနတွေ၊ သိက္ခာတွေ၊ မဖြစ်နိုင်ချေတွေကြောင့်တော့ အချစ်ကို ထိန်းချုပ်မထားသင့်ပါဘူး။ အချစ်ကို နက်ရှိုင်းစွာ သိလိုက်သူဟာ ဘ၀မှာ အသက်ရှင်သန်ရတာ ထိုက်တန်သွားပါတယ်။

ကိုယ်ချစ်တဲ့ချစ်သူဆီက အချစ်ကို ပြန်မရတဲ့အခါ ချစ်ရတာမကောင်းဘူးလို့ ဆိုတတ်ကြပါတယ်။ တကယ်တော့ ကိုယ်ချစ်ရတဲ့သူကို တွေ့ရှိသွားတာကိုက လောကကြီးဆီက တော်တော်တန်ဖိုးကြီးတဲ့ လက်ဆောင်တစ်ခု ရရှိလိုက်တာပါပဲ။

အလွမ်းဆိုတာ ချစ်ခြင်းရဲ့ ဒုက္ခအပိုင်းမို့ နင့်သည်းစွာ ခံစားရတတ်ပါတယ်။ ဒါပေမယ့် ချစ်သူကို လွမ်းရတဲ့ ဝေဒနာဟာ ချိုမြိန်စွာ နာကျင်တဲ့ ဝေဒနာပါ။

ချစ်သူ့အပေါ် မာနာထားတယ်ဆိုတာ ကိုယ့်အတ္တပေါ်မှာ နိုင်ပေမယ့် အချစ်အပေါ်မှာတော့ ရှုံးပါတယ်။ ဒါကြောင့်လည်း ချစ်သူအပေါ် မာနထားနေတဲ့အချိန်မှာ နိုင်တဲ့စိတ်နဲ့ ကျေနပ်နေပေမယ့် မပျော်ရွှင်မှုကို ခံစားနေရတာပါ။ ချစ်သူကို ခွင့်လွှတ်ပေးလိုက်တဲ့အချိန်မှာ စိတ်နှလုံးသားဟာ လွတ်လပ် ပျော်ရွှင်သွားတတ်ပါတယ်။

အချစ်ဟာ ဘယ်လောက်ထိ ဆန်းကြယ်သလဲဆိုရင် ချစ်သူဆီမှာ ပေးရတဲ့ ကိုယ့်ရဲ့ကျရှုံးမှုအတွက် ကိုယ်ကိုယ်တိုင် ဂုဏ်ယူ ယစ်မူးနေလို့ပါ။

အချစ်ကြောင့် ဘ၀ပျက်တယ်ဆိုတာ အချစ်ကို မသုံးတတ်သူတွေအတွက်ပါ။ ကိုယ့်ကိုကိုယ် တည်ဆောက်ဖို့ ခွန်အားတွေဟာ ကိုယ့်ကိုယ်ထဲမှာ ရှိတာပါပဲ။ ဒါပေမယ့် အဲဒီခွန်အားကို ထုတ်ယူနိုင်အောင် တွန်းပေးတဲ့ တွန်းအားတစ်ခုတော့ လိုတယ်။ အဲဒီတွန်းအားဟာ အချစ်ပဲ။

အချစ်ကို ဘာလို့ ရေးကြီးခွင်ကျယ် ဖွဲ့နွဲ့နေစရာလိုသလဲ ?  အချစ်ဟာ လူတွေကို ယဉ်ကျေးသိမ်မွေ့အောင် ပြုပြင်ပေးနေတဲ့ စွမ်းအင်တစ်ခုပါ။

သင် မချစ်ဖူးသေးဘူးဆိုရင်တော့ ကမ္ဘာလောကကြီးဆီက လက်ဆောင်ကို သင် မရရှိသေးလို့ပေါ့နော် ။

တန်ဖိုးကြီးလှသော လက်ဆောင်ကို သယ်ယူလာသည့် အချစ်ကို သင်ကြားပြသပေးခဲ့သော ချစ်သူကို ကျေးဇူးတင်လျှက်........


Credit: Hnin Nandar

No comments:

Post a Comment