Thursday, October 15, 2015

"သားဦး၊ သမီးဦးများ အဝေးမှုန်နိုင်ခြေပိုများ"


"သားဦး၊ သမီးဦးများ အဝေးမှုန်နိုင်ခြေပိုများ"

သားဦး၊ သမီးဦးများသည် နောက်မှမွေးသော  ကလေးများထက် အဝေးမှုန်နိုင်ခြေ ပိုများကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။

သားဦး၊ သမီးဦးများအား မိဘများသည် ကျောင်းစာတွင် သူများထက် ရှေ့ရောက်စေရန် လွန်စွာ ဖိအားပေးမှုကြောင့် ကလေးငယ်များ စာအုပ်နှင့် မျက်နှာအပ်ရချိန် ပိုများသဖြင့် မျက်လုံးမှုန်နိုင်ခြေ ပိုများရခြင်း ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ကာဒစ်ဖ် တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် ဗြိတိန်နိုင်ငံသား အသက် (၄၀) မှ (၆၉) နှစ်ကြား လူ (၈၉၀၀၀) တို့၏ ကျန်းမာရေး မှတ်တမ်းများကို လေ့လာမှု ပြုလုပ်ခဲ့သည်။

သားဦးသမီးဦးများသည် နောက်မှမွေးသော ကလေးများထက် အဝေးမှုန်နိုင်ခြေ (၁၀) ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ တွေ့ရှိခဲ့သည်။ မိဘများသည် သားဦးသမီးဦးများ၏ ပညာရေးကို ပိုမို အလေးပေးတတ်ပြီး ကလေးများအား စာမလုပ်လျှင် လုပ်ချင်အောင် နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးတတ်ကြောင်း ပညာရှင်များက ပြောသည်။

သားဦးသမီးဦးများသည် ကျောင်းစာတော်လေ့ ရှိတတ်ကြသော်လည်း အကျိုးဆက်အဖြစ် အမြင်အာရုံမှာမူ ထိခိုက်ခဲ့ရကြောင်း ဒေါက်တာဂျရမီ ဂဂန်ဟိုင်း ဦးဆောင်သော သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။ စာအုပ်များနှင့် ကွန်ပျူတာ ဖန်သားပြင် အပါအ၀င် အနီးနားရှိ အရာဝတ္ထုများကို အကြည့်များခြင်းသည် အဝေးမှုန်စေသည့် အကြောင်းအရင်းများအနက် တစ်ခုဖြစ်သည်။

ဗြိတိန်ရှိ လူငါးဦးလျှင် နှစ်ဦးသည် အဝေးမှုန်ကြသူများ ဖြစ်ကြသည်။ အခန်းအပြင်ထွက်ပြီး အပြင်လောကရှိ အရာဝတ္ထုများအား တစ်ရက်လျှင် မိနစ်လေးဆယ်ခန့် ကြည့်ရှုလျှင် အမြင်အာရုံ ပိုကောင်းလာတတ်ကြောင်း သုတေသန တစ်ခုတွင် ဖော်ပြထားသည်။ ယခုတွေ့ရှိမှုကို  JAMA Opthalmology ဂျာနယ်တွင် ဖော်ပြထားသည်။

လူလူငြိမ်း

Credit: messenger

No comments:

Post a Comment