Thursday, October 15, 2015

"မကောင်းတဲ့အတွေးအမြင်တွေရဲ့ သက်ရောက်မှု"


"မကောင်းတဲ့အတွေးအမြင်တွေရဲ့ သက်ရောက်မှု"

လူတွေဟာ ပုထုဇဉ်တွေဖြစ်ကြတာကြောင့် လောဘ၊ မောဟ၊ ဒေါသ၊ အတ္တနဲ့ မကင်းနိုင်ကြပါဘူး။ အနည်းအများသာ ကွာခြားပြီး အားလုံးဟာ ဒီသံသရာထဲမှာ ကျင်လည်နေကြတာဖြစ်ပါတယ်။ ဒါတွေကို အခြေပြုပြီး လောကမှာ စိတ်ပင်ပန်းဆင်းရဲသူတွေ များပြားသလို စိတ်ပူပန်သောက နည်းပါးတဲ့လူတွေလည်း ရှိကြပါတယ်။ အသက်တိုသူတွေ ရှိကြသလို အသက်ရှည်သူတွေလည်း ရှိကြပါတယ်။ ကျန်းမာရေးကောင်းသူ ရှိသလို ကျန်းမာရေးချို့တဲ့သူတွေလည်း ရှိကြပါတယ်။

ဒီလိုအကြောင်းတရားတွေဟာ ဘာတွေကိုအခြေခံပြီး ဖြစ်ပျက်နေကြတာလဲ လေ့လာဆန်းစစ်ကြည့်တဲ့အခါ စိတ်ကို အခြေခံပြီး ဖြစ်ပျက်ပြောင်းလဲခြင်းလို့ တွေ့ရှိခံစားလာရပါတယ်။ လူမှုလောကထဲ  ကျန်းမာစွာ ရှင်သန်နေတဲ့လူ အများစုကို လေ့လာကြည့်လိုက်တဲ့အခါ  အများအားဖြင့် ထိုပုဂ္ဂိုလပ်တွေဟာ စိတ်ချမ်းသာမှုရှိတဲ့ ပုဂ္ဂိုလ်တွေ၊ စိတ်အညစ်အကြေးနည်းပါးတဲ့ ပုဂ္ဂိုလ်တွေဆိုတာ လေ့လာတွေ့ရှိရပါတယ်။ စိတ်ပင်ပန်းဆင်းရဲနေသူတွေ၊ မပျော်မရွင် ဖြစ်နေသူတွေကို လေ့လာကြည့်လိုက်တဲ့အခါ အများအားဖြင့် ထိုပုဂ္ဂိုလ်တွေဟာ စိတ်အညစ်အကြေးများပြီး မကောင်းတဲ့ အတွေးအမြင်တွေနဲ့ ပြည့်နေတဲ့သူတွေဆိုတာ တွေ့ရှိရပါတယ်။

လူမှုပတ်ဝန်းကျင်အတွင်း အောင်မြင်မှုအတွက် ရုန်းကန် လှုပ်ရှားနေရသူတွေကို လေ့လာကြည့်လိုက်တဲ့ အခါမှာလည်း စိတ်ကြည်လင်သန့်ရှင်းမှုကို လိုက်ပြီး  တိုးတက်မှု၊ ဆုတ်ယူတ်မှု ကွဲပြားသွားတာကို တွေ့ရှိရပါတယ်။ တကယ့်တော့ လူတစ်ယောက်ဟာ မိမိကိုယ်ကို မိမိ အသိဆုံးဘဲဖြစ်ပါတယ်။ လူတွေကို လိမ်လို့ရပေမယ့် မိမိကိုယ်မိမိတော့ လိမ်လို့မရတာ အမှန်ဘဲဖြစ်ပါတယ်။ လူအများရှေ့မှာ အောင်မြင်တဲ့ပုံစံ ဖြစ်နေပေမယ့် တကယ့်မူရင်းစိတ်ထဲမှာ ကျရှုံးနေတာ အများကြီးရှိပါတယ်။ ဒါကို အတုအယောင် အောင်မြင်မှုလို့ ခေါ်ပါတယ်။ အခုလို ခေတ်မျိုးမှာ အတုအယောင်အောင်မြင်မှုတို့ များပြားနေပြီး အစစ်အမှန် အောင်မြင်မှုဆိုတာ တကယ့်ကို ရှားပါးပစ္စည်းလို ဖြစ်နေပါတယ်။

တစ်ချို့သောလူတွေဟာ  စီးပွားရေးမှာဖြစ်ဖြစ်၊ လူမှုရေးမှာဖြစ်ဖြစ် အရာရာကို သူတစ်ပါးထက် ထိုးဖောက်မြင်နိုင်စွမ်းရှိပြီး အောင်မြင်မှု ရရှိကြတာရှိပါတယ်။ ဒီလို ထိုးဖောက်မြင်နိုင်စွမ်းရှိတဲ့ အစွမ်းသတ္တိမျိုးရှိဖို့ ဘယ်လို အကြောင်းတရားမျိုးက အထောက်အကူ ပြုနိုင်သလဲ။ သူ့ရဲ့ရှင်းလင်းကြည်လင်တဲ့ ဥာဏ်အစွမ်းက အထောက်အပံ့ ပေးသွားတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဘယ်လောက်ဘဲ အတွေ့အကြုံ များနေပါစေ ရှင်းလင်းကြည်လင်တဲ့ ဥာဏ်ရည်ထက်မြက်မှု မရှိရင် သူ့အတွက် အောင်မြင်စွာ ထိုးဖောက်ဖို့ စွမ်းအား မရှိနိုင်ပါဘူး။ ဒါဟာ မိမိရဲ့စိတ်အစဉ်မှာဘဲ မူတည်သွားတာ ဖြစ်ပါတယ်။

ကြည်ရှင်သန့်ရှင်းတဲ့ စိတ်အစဉ်ဟာ ကြည်လင်နေတဲ့ရေပြင်သားနဲ့ ပမာတူပြီး ညစ်ညမ်းတဲ့စိတ်အစဉ်ဟာ နောက်ကျိနေတဲ့ ရေပြင်အနေအထားနဲ့ ပမာတူပါတယ်။ ကြည်လင်တဲ့ရေပြင်ဟာ ရေပြင်အောက်ခြေအဆုံးထိ ကြည့်လို့မြင်နိုင်သလို ကြည်လင်တဲ့စိတ်အစဉ်ဟာ အဆိုးအကောင်းကို ရှင်းလင်းစွာ မြင်နိုင်တာကြောင့် ဘယ်အရာမှာဖြစ်ဖြစ် မှန်ကန်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်ပြီး အောင်မြင်မှုကို ရရှိခြင်းဘဲဖြစ်ပါတယ်။ နောက်ကျိတဲ့စိတ်အစဉ်၊ ကြည်လင်မှုမရှိတဲ့စိတ်အစဉ်၊ သန့်ရှင်းမှုမရှိတဲ့ စိတ်အစဉ်တွေဟာ အရာရာကို ကွဲပြားစွာ မမြင်နိုင်၊ မဆုံးဖြတ်နိုင်ဘဲ မှားယွင်းမှုတို့များကာ ဆင်းရဲဒုက္ခ များရခြင်းဘဲဖြစ်ပါတယ်။

လူတွေမှာ မကောင်းတဲ့အတွေးအမြင်တွေဟာ စိတ်အနေအထားကို ညစ်ညမ်း နောက်ကျိစေတာကြောင့် ဘဝရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို များစွာ အနှောင့်အယှက် ပေးခြင်းဘဲဖြစ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့စိတ်အတွေးတွေဟာ မိမိကိုယ်မိမိ ဆုတ်ယုတ်အောင် တွန်းအားပို့တဲ့ အင်အားတစ်မျိုးလို ဖြစ်နေရာ ဒီမကောင်းတဲ့ အတွေးအမြင်တွေကို တွန်းလှန် ဖယ်ရှားနိုင်ခြင်းဟာ မိမိအတွက် များစွာ အကျိုးသက်ရောက်မှု များစေပါတယ်။ ဒါ့အပြင် မိမိဘဝကိုမိမိ အေးချမ်းစွာ နေထိုင်နိုင်ဖို့ ကယ်တင်ခြင်းတစ်မျိုး ဖြစ်တာကြောင့် လူတွေအနေနဲ့ မကောင်းတဲ့ အတွေးအမြင်တွေကို အတတ်နိုင်ဆုံး လျော့ချနိုင်ကြဖို့ ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

Credit: Yangon Life

No comments:

Post a Comment