Monday, October 19, 2015

"လုပ်ခွင်တွင် ဒေါသထွက်ပြသည့် အမျိုးသမီး သြဇာသက်ရောက်နိုင်စွမ်းကျ"


"လုပ်ခွင်တွင် ဒေါသထွက်ပြသည့် အမျိုးသမီး သြဇာသက်ရောက်နိုင်စွမ်းကျ"

အမျိုးသမီးများ အလုပ်ခွင်တွင် သြဇာသက်ရောက်လိုပါက ဒေါသ မထွက်ပြသင့်ကြောင်း လေ့လာမှုတစ်ခုက အကြံပြုလိုက်ပြီ ဖြစ်သည်။

အမျိုးသားများ ဒေါသထွက်ပြပါက လုပ်ဖော်ကိုင်ဖက်များအပေါ် သြဇာ သက်ရောက်နိုင်သော်လည်း အမျိုးသမီးများမှာမူ ဆန့်ကျင်ဘက် ရလဒ်များ ထွက်လာတတ်ကြောင်း သုတေသန ပညာရှင်များက ပြောသည်။

အလေ့လာခံ (၂၁၀) တို့အား ဂျူရီ လူကြီးများ အဖြစ် လုပ်ကိုင်ရန် ညွှန်ကြားပြီး လေ့လာမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမျိုးသား ဂျူရီလူကြီး တစ်ဦးက ဒေါသ ထွက်လာပြီး ၄င်း၏ အမြင်ကို တင်ပြခဲ့ပါက အခြား ဂျူရီလူကြီးများ ၎င်းတို့၏ ဆုံးဖြတ်ချက် အပေါ် ယုံကြည်မှု နည်းလာပြီး ဒေါသထွက်နေသူ၏ ဆုံးဖြတ်ချက်ကို သဘောတူလေ့ ရှိကြောင်း တွေ့ရှိခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် အမျိုးသမီး ဂျူရီတစ်ဦး ဒေါသထွက်ပြပါက အခြားဂျူရီ လူကြီးများသည် ယင်းအမျိုးသမီးဂျူရီအား စိတ်ခံစားချက် လွန်ကဲသည်ဟု ယူဆကာ အမျိုးသမီးဂျူရီ တင်ပြသော ဆုံးဖြတ်ချက်ကို အလေးထားခြင်း မပြုတော့ကြောင်း  အာရီဇိုးနား တက္ကသိုလ်မှ ပညာရှင်များက ပြောသည်။

ဒေါသထွက်ပြခြင်းကြောင့် အမျိုးသားများ သြဇာရှိလာသော်လည်း အမျိုးသမီးများမှာမူ သြဇာကို လက်လွှတ် ဆုံးရှုံးရကြောင်း ယခုလေ့လာမှုအရ သိရှိခဲ့ရသည်ဟု ပညာရှင်များက ပြောသည်။

ယခုတွေ့ရှိမှုကို ဥပဒေနှင့် လူသား အပြုအမူဂျာနယ်တွင် ဖော်ပြထားသည်။

လူလူငြိမ်း

Credit: messenger

No comments:

Post a Comment