"အကျိုးမရှိဘဲ အချိန်မကုန်ကြစေနှင့်"
"အိပ်မပျော်သောသူတစ်ဦးအတွက် ညတာ အလွန်ရှည်၏၊ အလွန်အိပ်ကောင်းနေသူ တစ်ဦးအတွက် ညတာ အလွန်တို၏" ဟု ဗုဒ္ဒဘုရားရှင် ဆုံးမခဲ့ဖူးသည်။ ထိုသို့ပင် အလုပ်သိပ်များနေသူ တစ်ဦးအတွက် အချိန်သည် မလုံလောက်သလိုပင် အလုပ်မရှိသူ တစ်ဦးအတွက် အချိန်တွေ သိပ်ပြီး ပိုနေပေလိမ့်မည် ဖြစ်သည်။
ယနေ့ မြန်မာလူမျိုးတစ်ဦး၏ လူ့ဘဝသည် ပျမ်းမျှ ၇၅ နှစ်နှင့် ၈၀ ကြားတွင်သာ ရှိကြသည်။ ထိုအရွယ်တွင်မှာပဲ အသက်နှင့်ဘဝ နှစ်ခုလုံးကို လုံးဝ အဆုံးသတ်ကြရသည်။ ၇၅ နှစ်၊ ၈၀ နှစ်သည် ဘဝအဆုံးဟု ဆိုသော်လည်း ဘဝအစမှာ ၂၅ နှစ် (သို့) ၃၀ နှစ် (သို့) ၃၅ နှစ်မှ စနိုင်ကြသည်။ ရေးတတ် ဖတ်တတ်ဖို့ သင်ကြားရင်း၊ ပျော်ပါးရင်း၊ အချိန်ဖြုန်းရင်းနှင့် အချို့ဆိုလျှင် ၄၀ ကျော်ချိန်ထိ ဘဝ မစနိုင်သေးပေ။ ဘဝကို မစနိုင်သေးသည် ဆိုတာထက် ဘဝရဲ့ အနှစ်သာရကို ရှာဖွေဖို့ မေ့လျှော့နေကြသည်ဆိုလျှင် ပိုမှန်လိမ့်မည်။ ထိုအရွယ်များတွင် ဘဝအတွက် အဓိပ္ပါယ်ရှိသော အလုပ်တစ်ခုကို စတင်လုပ်ဆောင်နိုင်ကြပြီး အသက် ၆၀ အရွယ်ရောက်သောအခါ အဆုံးသတ်သွားကြပြန်သည်။ အမှန်တကယ် အလုပ်လုပ်နိုင်သည့် အကောင်းဆုံးအချိန်က အလွန်နည်းလှသည်။
ကျွန်ုပ်တို့၏ ယခုလက်ရှိအသက်ကို ၆၀ ထဲမှ နှုတ်ကြည့်ပါက နောက်ထပ် အလုပ်အကောင်းဆုံး လုပ်ဆောင်နိုင်မည့် အချိန်အပိုင်းအခြား တစ်ခုကို ရရှိပေမည်။ ထိုကာလ အပိုင်းအခြားသည် ဘဝတစ်လျှောက်လုံးအားဖြင့် သင်ယူ၊ အလေ့လာရဆုံး အချိန်အပိုင်းအခြားတစ်ခု ဖြစ်သလို၊ ကြိုးစား အရုန်းကန်ရဆုံး အပိုင်းအခြားလည်း ဖြစ်သည်။ ထို့အပြင် လူတစ်ဦးနှင့်တစ်ဦးကို အခြေအနေတစ်ခုမှ တစ်ခုသို့ လုံးဝ ကွဲပြား၊ ကွာဟသွားအောင် ခွဲခြားပေးသည့် ကာလဖြစ်သည်။ ထို့ကြောင့် ဤမျှလောက်သော ဘဝတစ်ခုလုံးအတွက် အရေးပါသည့် လူလတ်ပိုင်းအရွယ်ကို စက္ကန့်နှင့်အမျှ အကျိုးရှိအောင် အသုံးချသင့်ပေသည်။
အချိန်တစ်ခုကို အသိပညာတစ်ခု သော်လည်းကောင်း၊ ဥစ္စာပစ္စည်းတစ်ခု သော်လည်းကောင်း၊ တရားဘာဝနာတစ်ခု သော်လည်းကောင်း မရရှိလိုက်ပဲ မကုန်ဆုံးသင့်ပေ။ လုပ်ဆောင်မှုတိုင်းက ရည်ရွယ်ချက်ရှိနေရမည်။ အကျိုးမမဲ့စေရ။ လူငယ်တစ်ဦးနှင့် လူကြီးတစ်ဦးသည် ဦးနှောက်၏ ထိုးထွင်းသိမြင်နိုင်မှုစွမ်းရည် တူနေသော်လည်း လူကြီးတစ်ဦး၏ ဦးနောက်က လူငယ်တစ်ဦး၏ ဦးနောက်ထက် အလေးချိန် ပိုစီးနေရမည်။ ပိုမို တည်ငြိမ်ရင့်ကျက်နေရမည်။ မည်သူမဆို လူသားတစ်ဦးအနေနှင့် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် သည်ကနေ့တွင် ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။ ထိုသို့မဟုတ်ပါက အကြီးမားဆုံး ပြစ်မှုကို ကျူးလွန်ရာရောက်သည်။ ထို့ကြောင့် တန်ဖိုးရှိသည့်အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချဖို့ ဗုဒ္ဓဘုရားရှင်က "အကျိုးကျေးဇူးမရှိပဲ အချိန်မကုန်ကြစေနှင့်” ဟု အမြဲမပျက် တိုက်တွန်းခဲ့သည်။
မှန်၏။ ဘဝသည် အလွန်တိုတောင်း၏။ အကျိုးမရှိပဲ အချိန်မကုန်စေဖို့ ကျွန်ုပ်တို့အားလုံး သတိပြုသင့်သည်။ မိမိအကျိုးစီးပွား သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်မှ လူသားတို့၏ အကျိုးစီးပွားကို သော်လည်းကောင်း၊ မိမိနိုင်ငံနှင့် မိမိလူမျိုး၏ အကျိုးစီးပွား သော်လည်းကောင်း အချိန်ရှိသလောက် များများ အလုပ်လုပ်ဆောင်၍ မိမိ၏ခန္ဓာကိုယ်နှင့် မိမိအသိပညာတို့အား ပြင်းပြင်းထန်ထန် အသုံးချပြီး အချိန်ကုန်စေဖို့ ကြိုးစားသင့်ပေသည်။
တစ်ခုခုတော့ ရရှိသွားပါစေ……
Credit: Hnin Nandar
Wednesday, October 28, 2015
"အကျိုးမရှိဘဲ အချိန်မကုန်ကြစေနှင့်"
Labels:
လူမှုဘဝ,
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment