မကြာမတင်အချိန်ဖြစ်တဲ့ ၂၀၁၅ နိုဝင်ဘာ ၈ ရက် နေ့မှာဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကနေ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ်တွေကို ရွေးကောက် တင်မြှောက်ကြတော့မှာ ဖြစ်ပါတယ်။
အခုဆိုရင် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းများလည်း ပြည်သူလူထုကို မဲဆွယ် စည်းရုံးနေကြပြီဖြစ်ပါတယ်။ ပြည်သူအများကလည်း ဘယ်ပါတီက ဘယ်ကိုယ်စားလှယ်ကို မဲထည့်ကြမလဲဆိုတာကို လေ့လာစဉ်းစားနေကြပါပြီ။
ဒီနေရာမှာ ပါတီတချို့က လွှတ်တော်ကိုယ်စားလှယ်များ မဲဆွယ်နေကြပုံဟာ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အဓိက မူလတာဝန်များနဲ့ အံချော်နေတယ်လို့ ထင်မြင်မိလို့ ဖြစ်ပါတယ်။ မဲပေးကြမယ့် ပြည်သူတွေကို ရေတို အကျိုးများနဲ့ ဗန်းပြကာ လှည့်စား ဖြားယောင်းမှုတွေကိုလည်း တွေ့မြင်နေရပြန်ပါတယ်။ နောက် တချို့သောပြည်သူများရဲ့ လွှတ်တော် ကိုယ်စားလှယ်များအပေါ် စဉ်းစားသုံးသပ်ပုံများနဲ့ ပတ်သက်ပြီး မိမိရဲ့အမြင်ကို ပြည်သူလူထုအား ဒီဆောင်းပါးနဲ့ တင်ပြချင်လာ ပါတယ်။
ပါတီတစ်ခုက မြို့နယ်ကိုယ်စားလှယ်လောင်း ရွေးချယ်ထားရာမှာ လာရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းဟာ ဒေသခံ မဟုတ်တဲ့အတွက် ဒေသခံ မဲဆန္ဒရှင်တချို့ဆီက မကျေနပ်သံ တွေကြားခဲ့ကြရပါတယ်။
‘‘ကိုယ့်မြို့နယ်ကမဟုတ်ရင် မြို့နယ်ဖွံ့ဖြိုးရေးကိစ္စတွေ ဘယ်လိုလုပ် ဆောင်ရွက်ပေးမလဲ’’ ဆိုတဲ့ စကားတွေလည်း ကြားခဲ့ရပါ တယ်။
နောက်တစ်ဖန် ‘‘နောက်မှ ပေါက်တဲ့ရွှေကြာပင် အရင်ပွင့် ချင်လို့ရမလား။ ငါတို့က အစဉ်အဆက် စစ်အစိုးရရဲ့နှိပ်စက်မှုကို ကြံ့ကြံ့ခံပြီး ပါတီကို သစ္စာရှိရှိ ထောက်ခံလာခဲ့တာ။ သူတို့က ခုမှ နေရာလိုချင်လို့ ရောက်လာသူတွေပါ’’ လို့ တချို့သော လူဟောင်းများက ပြောဆိုနေတာတွေလည်း ရှိနေပြန်ပါတယ်။
အစဉ်အဆက် နိုင်ငံရေးလုပ် ခဲ့သူများထဲမှ တချို့ကလည်း ၂၀၁၂ နောက်ပိုင်းမှ နိုင်ငံရေး လောကထဲ ဝင်လာသူများကို အချောင်သမားများ၊ သာကူးများ၊ နေရာလိုချင်သူများအဖြစ် ဝါးလုံး သိမ်းရမ်းနေတာလည်း ကြားသိ နေရပြန်ပါတယ်။ ဒီလို ဝါးလုံး သိမ်းရမ်းသူများကိုလည်း ပြည်သူတွေက မေးခွန်းထုတ်စရာတစ်ခုရှိ လာခဲ့ပါတယ်။
ဒီမေးခွန်းကတော့ ‘‘တစ်မျိုး သားလုံးအတွက် ဒီမိုကရေစီစနစ် ရရှိစေချင်လို့ တိုက်ပွဲဝင်ခဲ့ကြတာလား၊ စစ်အစိုးရဖြုတ်ချပြီးရင် မိမိက နေရာလိုချင်လို့လား’’ ဆိုတဲ့ ပြည်သူရဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ တော်လှန်ရေးနဲ့ တည်ဆောက်ရေး ခွဲခြား မြင်ကြရမယ်လို့ ထင်ပါတယ်။ Activist နဲ့ Politician ဟာ အခြေအနေအချိန်အခါအရ ဆောင်ရွက်ရမယ့်တာဝန်တွေ မတူပါဘူး။ အာဏာရှင်ဖြုတ်ချရေးမှာ Acti-vist ရဲ့ကဏ္ဍဟာ အင်မတန် အရေးကြီးသလို တိုင်းပြည်တည်ဆောက်ရေးမှာ Politician ကဏ္ဍကလည်း အရေးကြီးပြန်ပါတယ်။ လုပ်ငန်း သဘောသဘာဝကလည်း အခြေအနေချင်း မတူကြပါဘူး။
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဟာ မိမိကိုတင်မြှောက်လိုက်တဲ့ မြို့နယ် (သို့မဟုတ်) ဒေသရဲ့ ရပ်ကျိုးရွာကျိုးများကို လွှတ်တော်နားချိန်မှာ ဆောင်ရွက်ရမှာမှန်ပါတယ်။ သို့သော် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ အဓိကနဲ့ မူလတာဝန်ဟာ တရားဥပဒေရေးဆွဲရေးသာ ဖြစ်တာကြောင့် ရွေးချယ်မဲပေးရမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းဟာ နိုင်ငံလွှမ်းခြုံသော အမြင်ရှိသူ၊ nationwide စဉ်းစားသူတွေ ဖြစ်ဖို့ အဓိက လိုအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရာမှာ မြို့နယ်အလိုက် (သို့) ဒေသအလိုက် ကိုယ်စားပြုဖြစ်သော်လည်း မိမိတစ်မြို့နယ်စာ၊ ဒေသတစ်ခုသာ တာဝန်ယူလုပ်ဖို့ မဟုတ်ပါဘူး။
ခုလက်ရှိမှာ တချို့သော ပါတီမှ ကိုယ်စားလှယ်များရဲ့ မဲဆွယ်ပုံများဟာ စည်ပင်လူကြီး ရွေးချယ် ခန့်ထားရေးအတွက် မဲဆွယ်နေလေသလားလို့ မေးခွန်း ထုတ်စရာဖြစ်နေပါတယ်။ မိမိတစ်မြို့နယ်၊ ဒေသတစ်ခုစာ ကျောင်းဆောက်ပေးမယ်၊ လမ်းဖောက်ပေးမယ်၊ ဆေးရုံဆောက်ပေးမယ်၊ တံတားဆောက်ပေးမယ်၊ လျှပ်စစ်မီးလင်းစေရမယ် စတဲ့ စတဲ့ ဒေသတစ်ခုစာအတွက် မဲဆွယ်နေမှုများ ပြုလုပ်နေကြပါတယ်။
ပြည်သူလူထုအနေနဲ့ ဒီလို မဲဆွယ်မှုမျိုးကို လက်ခံသာယာနေလို့ မဖြစ်ပါဘူး။ မူလတန်း ကျောင်းအဆင့်ကနေ မူလွန်အဆင့် တိုးပေးဖို့အစီအစဉ်ရှိ၊ မရှိ ချောင်းကူး၊ မြောင်းကူးတံတားလေး ထိုးပေးဖို့ အစီအစဉ်ရှိ၊ မရှိတို့၊ ဆေးရုံလေးဆောက်ပေးဖို့ အစီအစဉ်ရှိ၊ မရှိတို့ မေးပေးမယ့် ကိုယ်စားလှယ်ကို လိုချင်နေကြလို့ မဖြစ်ပါဘူး။
ဒီလိုမဲဆွယ်နေမှုများဟာ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မူလတာဝန်တွေနဲ့ဆိုရင် သဘောတရားအရ အတော့်ကို လွဲမှားနေပါတယ်။ တံတားဖောက်တာ၊ ကျောင်းဆောက်တာ၊ ဆေးရုံဆောက်တာ စတဲ့အလုပ်တွေဟာ ပြည်ထောင်စုအစိုးရနဲ့ သက်ဆိုင်ရာ ဒေသန္တရအစိုးရတွေက လုပ်ဆောင်ရမှာတွေသာ ဖြစ်ပါတယ်။
လွှတ်တော် ကိုယ်စားလှယ်များဟာ ၎င်းတို့အနိုင်ရတဲ့အခါမှာ ပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံကာကွယ်ပေးနိုင်မယ့် ဘယ်ဥပဒေများကို ဘယ်လိုရေးပေးမယ်၊ အစိုးရဖွဲ့နိုင်ရင် ပြည်သူလူထုရဲ့လိုအပ်ချက်တွေကို ဘယ်လို ဖြည့်ဆည်းမယ် စတဲ့ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အာမခံနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်များကိုသာ အဓိက ထည့်သွင်းစဉ်းစား မဲပေးကြဖို့ လိုမယ်လို့ မြင်မိပါတယ်။
လွှတ်တော် ကိုယ်စားလှယ်များဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူများအတွက် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံတော်ရဲ့ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး စတဲ့ နယ်ပယ်အသီးသီးက အကြောင်းအရာများကို မှန်ကန်တည့်မတ်စွာ ထိန်းကျောင်းပေးနိုင်မယ့် ဥပဒေအရပ်ရပ်ကို ရေးသားပြုစုကြဖို့ ဖြစ်ပါတယ်။
တစ်ပြိုင်နက်တည်းမှာပဲ ပြည်သူလူထုကို ကောင်းကျိုးမပေး၊ ဆိုးကျိုးသာပေးခဲ့တဲ့ စနစ်ဟောင်း ခေတ်ဟောင်းက မတရားဥပဒေများကိုလည်း ပြည်သူလူထုအကျိုး ရှေးရှုကာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ဖို့ ဖြစ်ပါတယ်။
အမှန်မှာတော့ လွှတ်တော် ကိုယ်စားလှယ်ဟာ လှုပ်ရှားမှု ကောင်းချင်မှ ကောင်းပါမယ်။ စည်းရုံးရေးအားလည်း ကောင်းချင်မှကောင်းမယ်။ ဒါပေမဲ့ သူ့မှာရှိတဲ့ ပညာရပ် (ဝါ) အရည်အချင်းဟာ တိုင်းပြည်အတွက် အသုံးတည့်မယ်ဆိုရင် သူ့ကို လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။
မဝေးတော့တဲ့ ကာလမှာ မဲပေးကြမယ့် ပြည်သူများအနေနဲ့ မိမိတို့သက်ဆိုင်ရာ ဒေသက အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်၊ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အသီးသီးကို ရွေးချယ်ရ တော့မှာဖြစ်ပါတယ်။
ပြည်သူများအနေနဲ့ သက်ဆိုင်ရာပါတီတွေရဲ့ မူဝါဒနဲ့ နောက်ခံသမိုင်း၊ ကိုယ်စားလှယ်လောင်းတွေရဲ့ အကျင့်စာရိတ္တ၊ အရည်အချင်းနဲ့ နိုင်ငံရေး ယုံကြည်ချက် စတာတွေကို သေသေချာချာ လေ့လာဖို့ လိုပါပြီ။ ကျွန်တော်တို့ ပြည်သူတွေ ရေတိုအကျိုးကို ကြည့်ကြမလား၊ ရေရှည်အကျိုးကို ကြည့်ကြမလား၊ ဒေသတစ်ခုစာ ကြည့်မလား၊ နိုင်ငံလွှမ်းခြုံ စဉ်းစားမလားဆိုတာ အချိန်မီ သုံးသပ် ဆုံးဖြတ်ကြရပါတော့မယ်။ လာမယ့် နိုဝင်ဘာ ၈ ရက်ဆိုတာ နီးနီးလေးရောက်လာပါပြီ။
ကျွန်တော်တို့ ပြည်သူတွေ ဆီကို လွှတ်တော် ကိုယ်စားလှယ်လောင်း အသီးသီးကတော့ တစာစာနဲ့ လာနေကြပါပြီ။
‘‘ငါးတန်းနဲ့ပြိုင်ဘယ်သူနိုင်’’ တီဗီ အစီအစဉ်ထဲက ကျောင်းသားလေးတွေလို ‘‘ကျွန်တော့်ကို ရွေးပါ၊ ကျွန်တော့်ကို ရွေးပါ’’ တဲ့။
ကျွန်တော်တို့ပြည်သူတွေ အရွေးမမှားဖို့ အင်မတန် အရေးကြီးလှပါတယ်။။
ဒေါက်တာ ဇော်မျိုးလှိုင်
Credit: 7day daily
Monday, October 12, 2015
"ကျွန်တော့်ကို ရွေးပါ"
Labels:
နိုင်ငံရေး,
အတွေးအမြင်
Location:
Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment