Thursday, October 29, 2015

"မိန်းကလေးတွေ ဘာကြောင့် အိမ်ထောင်ပြုကြလဲ"


"မိန်းကလေးတွေ ဘာကြောင့် အိမ်ထောင်ပြုကြလဲ"

အိမ်ထောင်မပြုခင်မှာ မိန်းကလေးတွေဟာ စိတ်ကြိုက် ပိုက်ဆံ သုံးဖြုန်းလို့ရပါတယ်။ ၀ယ်စရာရှိရင် တွန့်ဆုတ်မနေပဲ ၀ယ်လို့ရပါတယ်။ လည်ပတ်စရာဆိုလဲ ချက်ချင်း ထသွားလို့ ရပါတယ်။ ပြီးတော့ သူငယ်ချင်းတွေကိုလဲ ဂုဏ်ယူစွာ ငါက လိုတရနေသူလို့ ပြောလို့ရပါတယ်။ အိမ်ထောင်ပြုပြီးတဲ့အခါ  မိန်းကလေးတွေဟာ ချွေချွေတာတာ သုံးစွဲတတ်လာပါတယ်။ မိမိကိုယ်တိုင်အတွက်တောင် ကပ်စေးနဲတတ်လာပါတယ်။ ရသမျှ ပိုက်ဆံအများစုကို ဘဏ်ထဲမှာ စုဆောင်းလာကြပါတယ်။ ငွေစုစာအုပ်ကို ဂရုစိုက်တတ်လာပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ စိတ်သဘောကြိုက်သလို ပြုလုပ်လို့ရပါတယ်။ အသံကျယ်ကြီးနဲ့ ရယ်မောမလား၊ အသံနက်ကြီးနဲ့ အော်ငိုမလားရပါတယ်။ သူများတွေရဲ့အမြင်မှာ ကလေးတစ်ယောက်လိုပဲ သဘောထားတဲ့အတွက် အခက်အခဲမရှိပါဘူး။ အိမ်ထောင်ပြုပြီးတဲ့အခါ မိန်းကလေးတွေဟာ ဘာကိစ္စကိုပဲလုပ်လုပ်၊ ဘယ်အကြောင်းအရာကိုပဲပြောပြော အရင်ဆုံး စဉ်းစားပြီးမှ လုပ်ရပါတယ်။ မဟုတ်ရင် လူတွေအမြင်မှာ မတင့်တယ်နိုင်ပါဘူး။

အိမ်ထောင်မပြုသေးခင် မိန်းကလေးတွေဟာ သူငယ်ချင်းမိတ်ဆွေရဲ့ မေတ္တာတရားတွေနဲ့ လက်ဆောင်တွေကို စိတ်အေးချမ်းစွာ လက်ခံရယူနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူတူ သီချင်းဆိုတာ၊ လျှောက်လည်တာ၊ လက်ဆုံစကားပြောတာ၊ အရက်သောက်တာကအစ စိုးရိမ်စရာမရှိပါဘူး။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ လည်ပတ်ချင်တိုင်း လည်ပတ်လို့မရတော့ပါဘူး။ တခါတလေ မိတ်ဆွေအပေါင်းအသင်နဲ့ ဖုန်းဆက် စကားပြောတာကအစ အပြစ်ရှိသလို အပြောခံရပါတယ်။ သတိထား ဆောင်ရွက်နေရတဲ့ ဘ၀မျိုးဖြစ်လာပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ ယောက်ျားလေးတွေလို  အရက်သောက်ပြီး သူရဲကောင်းလုပ်လို့ရပါတယ်။ မနက် ၂ နာရီမှ အိမ်ပြန်လဲ အပြစ်ဆိုမဲ့သူ မရှိနိုင်သေးပါဘူး။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ  ယောက်ျားလေးတွေ သူရဲကောင်းလုပ်ပြီး အိမ်ပြန်လာတဲ့အချိန်ကို စောင့်မျှော်သူ ဖြစ်လာပါတယ်။ တစ်ခါတစ်လေ စောင့်စားရင်း အိပ်ပျော်တတ်လာပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ မိမိမွေးနေ့မှာ တကိုယ်လုံး အလှပဆုံးပြင်ဆင်ပြီး ကုမ္ပဏီစားပွဲခုံပေါ်က မိတ်ဆွေတွေ ပို့လာတဲ့ လက်ဆောင်တွေကို မျှော်လင့် လက်ခံကြပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ ဒီလို အရေးကြီးတဲ့ ရက်မြတ်တွေကို မိမိခင်ပွန်း အမှတ်တရရှိဖို့သာ တောင့်တလေ့ရှိကြပါတယ်။ လောကကြီးတစ်ခုလုံးက ပေးစွမ်းနိုင်တာထက် မိမိခင်ပွန်းက အမှတ်တရပေးတဲ့ လက်ဆောင်ကို ပိုတန်ဖိုးထားကြပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ ကျော့ကျော့မော့မော့ ကော့နေအောင် ပြင်ဆင်ဖီးလိမ်းပြီး အ၀တ်အစား အပျံစားနဲ့ ၁၀ လက်မလောက်ထူတဲ့ ဒေါက်ဖိနပ်ကြီးနဲ့ ရှိုးထုတ်ပြီး လမ်းမှာတွေ့တဲ့သူတွေကို ဆွဲဆောင်မှုရှိအောင် ပြင်ဆင်လို့ရပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ ကိုယ်ဝန်ဆောင်လာရပါတယ်။ အဲဒီအခါ မိမိကိုယ်တိုင် ပြင်ဆင်ခြယ်သဖို့အတွက် အချိန်မပေးနိုင်တော့ပါဘူး။ အင်္ကျီဆိုရင်လဲ ၀တ်ခွင့်ရရုံနဲ့ ကံကောင်းပြီလို့ ခံယူတတ်ကြပါတယ်။ အဲဒီအချိန်မှာ မိန်းကလေးတွေဟာ သူတို့အားကျတာကတော့ လမ်းမှာတွေ့တဲ့ ဖျတ်လတ်တောက်ပစွာ သွားလာလှုပ်ရှားနေကြတဲ့ လူငယ် မိန်းကလေးတွေပဲ ဖြစ်ပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ အိပ်ရေးပျက်တာ၊ အစားပျက်တာ၊ အိပ်မပျော်တာမျိုး မရှိသလောက်ပါပဲ။ စိတ်ဓာတ်အရလဲ တက်ကြွလေ့ရှိကြပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ အိမ်ထောင်တာဝန်ကို ထမ်းဆောင်ရင်း အိပ်ရေးပျက်တဲ့ညတွေကို ဖြတ်သန်းလာခဲ့ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်ဝန် ရင့်မာလာတာနှင့်အမျှ အိပ်ရတာ အခက်တွေ့လာပါတယ်။ အိပ်ရေးပျက်တဲ့ အကြိမ်အရေအတွက်ဟာလဲ တဖြည်းဖြည်း များလာခဲ့ပါတယ်။ နောက်နေ့ရုံးတက်တဲ့အခါ မျက်ခွံလေးလံထိုင်းမှိုင်းတဲ့ နေ့တွေကို ဖြတ်သန်းခဲ့ရပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ အချစ်ဆုံးက မိခင်ဖြစ်ပါတယ်။ ဘယ်လို ခံစားချက်ပဲဖြစ်ဖြစ် မိခင်ကို ရင်ဖွင့်လေ့ရှိပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေ အချစ်ဆုံးက သူ့ခင်ပွန်းပါ။ သတင်းဆိုးကို မပြောပဲ သတင်းကောင်းကိုသာ မိမိခင်ပွန်းကို ပြောဆိုလေ့ရှိပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ နာမည်ကောင်း၊နဲ့ လူအထင်ကြီးတာကို ခံချင်ကြပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ အိမ်ထောင်မှုကရတဲ့ ခံစားမှု အသီးအပွင့်တွေနဲ့ စစ်မှန်တဲ့ မေတ္တာတရားတွေကိုသာ အလိုရှိကြပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ တညလုံး မိတ်ဆွေနဲ့ ဖုန်းပြောလို့ရပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ ည ၁၂ နာရီကျော်တာနဲ့ ဖုန်းဆက်ခွင့် မရနိုင်ကြတော့ပါဘူး။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ မိဘတွေကို စိတ်အနှာင့်အယှက် ပေးနိုင်ပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ မိမိခင်ပွန်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ မိန်းမငယ်ကလေးပဲ ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ အိမ်ထောင်သည် ဇနီးငယ်လေး ဖြစ်လာပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ ......
အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ...

မိန်းကလေးတွေက ဘာလို့ အိမ်ထောင်ပြုကြတာလဲ။ ကျွန်တော်စဉ်းစားကြည့်တယ်။ အကောင်းဆုံး အဖြေကတော့ မေတ္တာတရား၊ အားကိုးခင်တွယ်နိုင်မှု၊ ခံစားနားလည်ပေးမှုနဲ့ ကိုယ်နဲ့ ဘ၀တလျှောက်လုံး လက်တွဲမဲ့ ဘ၀လက်တွဲဖော်ကို အလိုရှိကြတာပဲ ဖြစ်ပါတယ်။ တကယ်လို့သာ ယောက်ျားလေးတွေက မိမိရဲ့ဇနီးကို တန်ဖိုးထား လေးစားမယ်ဆိုရင်……
အကောင်းဆုံးအိမ်ထောင်မှုဘ၀ကို နှစ်ဦးနှစ်ဘက် စိတ်တူကိုယ်တူ တည်ဆောက်နိုင်ကြပါလိမ့်မယ်လို့ ယူဆမိပါတယ်။

ကျေနပ်နိုင်ကြပါစေ။

Credit: Zay Yar

No comments:

Post a Comment