အင်းစိန်ဈေးကြီး ခေါင်မိုးပေါ်တွင် စနစ်တကျတင်ထားသော ကျောက်ဖရုံသီးကို အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
"ကျောက်ဖရုံသီး မိုးကြိုးလွှဲသည်ဟု မကြားဖူးကြောင်း ဒေါက်တာထွန်းလွင်ပြော။ တနင်္ဂနွေနံဖြင့်စပြီး တနင်္လာနံဖြင့်ဆုံးသော လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုကို ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်နိုင်ဟု စံဇာဏီဘိုသုံးသပ်"
ကျောက်ဖရုံသီးမှာ မိုးကြိုးလွှဲသည်ဟု မကြားဖူးကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။
‘‘ကျောက်ဖရုံသီးက မိုးကြိုးလွှဲတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ မိုးကြိုးလွှဲကိရိယာတွေလည်း အလွယ်တကူဝယ်လို့ရတာပဲ’’ ဟု ရန်ကုန်မြို့ ဈေးကြီးအချို့၏ ခေါင်မိုးတွင် မိုးကြိုးမပစ်အောင် ကျောက်ဖရုံသီးများ တင်ထားခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ၌ ဒေါက်တာထွန်းလွင်က အထက်ပါအတိုင်း ပြန်လည်ဖြေ ကြားသည်။
ထို့အပြင် မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ရန်ကုန်မြို့ရှိ ဈေးကြီးအချို့၏ ခေါင်မိုးများတွင် ကျောက်ဖရုံသီးများကို မိုးကြိုးလွှဲအဖြစ် တပ်ဆင်ခြင်းထက် မိုးကြိုးလွှဲ ကိရိယာများသာ တပ်ဆင်သင့်ကြောင်း ပြောသည်။
‘‘မိုးကြိုးလွှဲဖို့က မိုးကြိုးလွှဲ ကိရိယာတွေ တပ်ဆင်ရမှာပါ။ မိုးကြိုးလွှဲဖို့အပြင် တခြားပတ်သက်မှုတွေ ရှိနိုင်မယ် ထင်တယ်’’ ဟု အထက်ပါတာဝန်ရှိသူတစ်ဦးက ပြောသည်။
အင်္ဂ၀ိဇ္ဇာသဘောအရ တနင်္ဂနွေနေ့နှင့်စပြီး တနင်္လာနံဖြင့် ဆုံးသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းသာဖြစ်နိုင်ကြောင်း ဗေဒင်လက္ခဏာပညာရှင် ဆရာစံဇာဏီဘိုက သုံးသပ်သည်။
‘‘မိုးကြိုးကို ထန်းလက်နဲ့ ကာတယ်လို့ပဲ ကြားဖူးတယ်။ မိုးကြိုးကို ကျောက်ဖရုံသီးနဲ့ ကာတယ်လို့တော့ မကြားဖူးပါဘူး’’ ဟု ဆရာစံဇာဏီဘိုက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ညွှန်ကြားနိုင်သည့် အဖွဲ့အစည်း တစ်ရပ်ရပ်က ညွှန်ကြားခြင်းဖြင့်သာ ဈေးခေါင်မိုးပေါ်တွင် ကျောက်ဖရုံသီးများ တင်ခြင်းဖြစ်နိုင်ကြောင်း ဆရာစံဇာဏီဘိုက ပြောသည်။
ဈေးခေါင်မိုးများတွင် ကျောက်ဖရုံသီးများ တင်ဆောင်ထားသည့် ဓာတ်ပုံများသည် လူမှုကွန်ရက် များပေါ်တွင် ယခု လဆန်းက ပျံ့နှံ့လာပြီး အင်္ဂ၀ိဇ္ဇာ ပညာအရ ဓာတ်ရိုက်ဓာတ်ဆင်ပြုလုပ်ခြင်း ဖြစ်သည်ဟု ဖေ့စ်ဘွတ်ခ်သုံးစွဲသူများနှင့် ပြည်သူများက ဝေဖန်မှုများရှိခဲ့သည်။
ထိုသို့ ဝေဖန်မှုများရှိနေသော်လည်း ဈေးခေါင်မိုးတွင် ကျောက်ဖရုံသီး တင်ထားခြင်းမှာ မိုးကြိုးလွှဲရန်သာဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်မှ မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန) ဌာနမှူးက ပြန်လည်ဖြေကြားထားသည်။
ရန်ကုန်မြို့တွင် ဈေး ၁၇၃ ခုရှိပြီး ကျောက်ဖရုံသီးကို မိုးကြိုးလွှဲအဖြစ် ဈေးအချို့၌သာ တင်ထားခြင်းဖြစ်ကာ အတင်းအကျပ် ညွှန်ကြားထားခြင်းမရှိကြောင်း အဆိုပါ ဌာနမှူးက ဆိုသည်။
မျိုးစန္ဒာအောင်
Credit: 7day daily
Monday, October 12, 2015
"ကျောက်ဖရုံသီး မိုးကြိုးလွှဲသည်ဟု မကြားဖူးကြောင်း ဒေါက်တာထွန်းလွင်ပြော။ တနင်္ဂနွေနံဖြင့်စပြီး တနင်္လာနံဖြင့်ဆုံးသော လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုကို ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်နိုင်ဟု စံဇာဏီဘိုသုံးသပ်"
Labels:
ပြည်တွင်းသတင်း
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment