Thursday, October 22, 2015

"အပြောင်းအလဲဟုဆိုရာတွင်.."

လူသားတိုင်းဟာ အပြောင်းအလဲဆိုတာကို လိုချင်ကြတာချည်းပါပဲ။ သူဌေးကြီးကလည်း ဒီထက်ချမ်းသာချင်သလို။ ဆင်းရဲသားကလဲ လက်ရှိဘ၀က ရုန်းထွက်ပြီး တိုက်ကြီးနဲ့ ကားစီးနိုင်တဲ့ဘ၀ကို ရချင်တယ်။ ပုထုဇဉ်တို့မည်သည် လက်ရှိဘ၀မှာ ကျေနပ်နေပြီ၊ ရောင့်ရဲနိုင်တယ်၊ တင်းတိမ်တယ် ရယ်လို့ မရှိကြပါဘူး။ ဒါကြောင့် လူတိုင်းဟာ အပြောင်းအလဲဆိုသည့် အသံကိုကြားလိုက်တိုင်း မြက်စားနေတဲ့ ယုန်သူငယ်လေး ခြေသံကြားလို့ နားစွင့်နားရွက်ထောင်သလို အားလုံးက အာရုံစူးစိုက်ကြတာပဲ။ ဘာကြောင့်လဲဆိုတော့ ရှင်းပါတယ်။ လူတိုင်းက အပြောင်းအလဲကို လိုချင်လို့ပါ။

ဒီမှာ အပြောင်းအလဲဆိုတာကို တိတိကျကျပြောဖို့ လိုပါတယ်။ ဘာကို ဘယ်လိုပြောင်းလဲမှာလဲ။ ပြောင်းလဲဖို့လိုပြီ၊ ပြောင်းလဲဖို့အချိန်တန်ပြီရယ်လို့ ပြောနေယုံနဲ့ မပြီးသေးပါဘူး။ ဥပမာ အိမ်ရှေ့က သစ်ငုတ်ကြီးက ရွှေတုံးကြီးအဖြစ် ပြောင်းလဲသွားမှာလား။ ဒါက မြင်သာအောင်ပြောတာပါ။ နောက်တစ်ခုက အပြောင်းအလဲဆိုတာ ဒီနေ့ အရက်သောက်တာကို အပြောင်းအလဲဖြစ်အောင် ဘီယာသောက်လိုက်မယ်။ ဒါလည်း အပြောင်းအလဲပဲ။ နောက်နေ့ အရက်ပြန်သောက်မယ်။ ဒါလည်း အပြောင်းအလဲပဲ။ သို့သော် ဒီအပြောင်းအလဲဆိုသည့်အပေါ်မှာ ရလဒ်ကတော့ မူရင်းအတိုင်း အရက်သောက်မြဲပဲ။ ဆိုလိုတာက သူဆင်းရဲက ဆင်းရဲရာကနေ ချမ်းသာသွားတာလဲ အပြောင်းအလဲ ဖြစ်သွားတယ်လို့ ပြောလို့ရသလို သူဌေးကြီးက ချမ်းသာနေရာကနေ ချက်ချင်း ဆင်းရဲသွားတာလည်း အပြောင်းအလဲ ဖြစ်သွားတာပဲ။ ဒီတော့ ဘယ်လို အပြောင်းအလဲဆိုတိုင်း အတင်းတိုးဝှေ့နေရင် သေချင်တဲ့ကျားတောပြောင်း ဆိုသလိုလဲ ဖြစ်နေကြမှာဆိုးတယ်။

၂၀၁၅ မှာ NLD က "ပြောင်းလဲဖို့အချိန်တန်ပြီ" လို့ စတင်လှုံဆော်လာတယ်။ ဟုတ်ပြီ။ ပြောင်းလဲဖို့က အချိန်တန်တာမဟုတ်ဘူး အချိန်တောင် လွန်နေပြီဆိုတာ အားလုံးသိကြတယ်။ ဒီတော့ NLD က ဘာကို ဘယ်လိုပြောင်းလဲမှာလဲ။ တိတိပပ ထုတ်ပြောဖို့လိုတယ်။ ဒါကို ဒီလိုမေးတော့ အချို့က အဘဘောမ၊ ကြံ့ဖွတ်ရယ်လို့ ဆဲကြပြန်တယ်။ ကျွန်တော် မေးတဲ့အထဲမှာ ဆဲစရာလည်းတစ်ခုမှ မပါဘူး။ မဲဆွယ်စည်းရုံးကာလ အစလောက်က NLD က ရွေးကောက်ပွဲ ကြေငြာစာတမ်းကို ထုတ်ပြန်လိုက်တယ်။ တကယ်လည်း စိတ်ဝင်စားပါတယ်။ နှစ်ခေါက်လောက်လည်း ဖတ်ဖြစ်လိုက်တယ်။ ကိုယ့်ဥာဏ်စဉ်လေးနဲ့ မှီသလောက် ဖတ်ပြီး စဉ်းစားမိရာမှာ NLD စီမံချက်တွေ၊ စီးပွားရေးကဏ္ဍတွေ၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာတွေကိုလည်း သဘောကျသလို ရှိပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ နိုင်ငံခြားရေး မူဝါဒမှာ တက်ကြွ၍ဘက်မလိုက်သော ဆိုတဲ့ မူဝါဒတွေကို ပြင်ထားတာ တွေ့ရတယ်။ ဒါတွေဟာ ကျွန်တော်တို့လို အင်အားကြီး နှစ်နိုင်ငံအလည်မှာရှိတဲ့ နိုင်ငံငယ်တစ်ခုအတွက် အံဝင်ဂွင်ကျဖြစ်မယ်မထင်ဘူး။ ပြီးတော့ တရားရေးရာကိစ္စမှာ လုပ်ပိုင်ခွင့် အပြည့်ပေးထားရမယ်လို့ ဆိုတယ်။ ကောင်းပါတယ်လို့ တစ်ဖက်ကတွေးလို့ရသလို တစ်ဖက်ကလည်း NLD သာနိုင်လို့ အစိုးရဖွဲ့နိုင်တဲ့အခါမှာ ဦးကိုနီလိုလူကို တရားဥပဒေ ရှေ့နေချုပ်အဖြစ် ခန့်အပ်လိုက်ရင် တိုင်းပြည်အတွက် အပြောင်းအလဲတော့ ဖြစ်သွားမယ်။ ဒါပေမယ့် ဇောက်ထိုးအပြောင်းအလဲ။ ချောက်ထဲရောက်မယ့် အပြောင်းအလဲ ဖြစ်သွားမယ်ဆိုတာ သတိချပ်ဖို့လိုတယ်။

ဒါကြောင့် အပြောင်းအလဲကို လူတိုင်း လိုချင်တာပဲ။ ဒါပေမယ့် ငါးစာကိုကြီးကြည့် မနေနဲ့ ငါးမြှားချိတ်ကိုလည်း ကြည့်ဖို့လိုတယ်။ ရေထဲလို့ ခုန်ထွက်ကာမှ ဆီဒယ်အိုးထဲကျရတဲ့ ငါးကလေးအဖြစ်မျိုး၊ အပြောင်းအလဲမျိုး မဖြစ်ဖို့အတွက် အားလုံး သတိရှိရှိနဲ့ ဖြတ်ကျော်သွားကြဖို့ လိုတယ်။

ဦးကိုရင်

Credit: Oppositeye myanmar

No comments:

Post a Comment