"စိတ်ဖိစီးမှုကို ဖြေလျှော့နည်း"
"စဉ်းစားဆင်ခြင်မှုကင်းရင် သောကများတယ်" လို့ ကျွန်တော်တို့ ပြောလေ့ရှိတယ်။ အဓိပ္ပါယ်က ကျွန်တော်တို့ပတ်ဝန်းကျင်မှာ စိတ်ဖိစီးမှု၊ ဖိနှိပ်မှုတွေ အချိန်နေရာမရွေး ရှိနေကြတယ်။ လူတွေမှာ အသက်အရွယ်နဲ့လိုက်ပြီး ဖိစီးမှုတွေ ရှိတတ်ကြတယ်။ ဥပမာ- ငယ်ရွယ်ချိန်မှာ ကျောင်းသင်ခန်းစာရဲ့ ဖိစီးမှု၊ လူလတ်ပိုင်းမှာ အိမ်ထောင်ရေး၊ အလုပ် ဖိစီးမှု၊ အသက်အရွယ် အိုမင်းလို့ ပင်စင်ယူချိန်မှာ အထီးကျန်၊ ပြေးမလွတ်တဲ့သေဘေး စတဲ့ ဖိစီးမှုတွေ ရှိကြတယ်။
မတူညီတဲ့ ဘဝသရုပ်ဆောင်ချက်တွေကြောင့် ခံစားရတဲ့ ဖိစီးမှုတွေကလည်း ခြားနားကြတယ်။ ဆရာနဲ့ကျောင်းသားတို့ရဲ့ ဖိစီးမှုက မတူသလို၊ ခေါင်းဆောင်နဲ့အလုပ်သမားရဲ့ ဖိစီးမှု၊ မိဘနဲ့သားသမီးတို့ရဲ့ ဖိစီးမှုတွေကလည်း မတူကြပါဘူး။ ဒါပေမယ့် ဖိစီးမှုမျိုးစုံကို လူတိုင်း ခံစားကြရတယ်။
ဘဝရဲ့ဖိစီးမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ? ဒီမေးခွန်းက အခုခေတ်လူတွေ အဓိကထား သင်ယူနေကြတဲ့ သင်ခန်းစာဖြစ်ပါတယ်။ စိတ်ဖိစီးမှု များနေသူတွေအတွက် အချက်တချို့ကို ကိုးကားနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
(၁) ကိစ္စအသေးအမွှားနဲ့ စိတ်ပျက်၊ ဒေါသမထွက်ပါနဲ့
ကျွန်တော်တို့က ဘာမှမဟုတ်တဲ့ကိစ္စနဲ့ စိတ်ပျက်၊ ဒေါသထွက်တတ်ကြတယ်။ တကယ်တွေးကြည့်ရင် အဲဒီအရာတွေက ဘာမှအရေးပါတဲ့အရာ မဟုတ်ခဲ့ဘူး။ ကျွန်တော်တို့က ပြဿနာသေးသေးမွှားမွှားပေါ် အာရုံစိုက်ပြီး ပြဿနာကို အကျယ် ချဲ့ကြည့်တတ်ကြတယ်။ အဲဒီအတွက် စိတ်အာရုံ၊ အင်အားတွေ အလဟဿ ဖြုန်းပစ်ပြီး စိတ်ဖိစီးမှုကို တိုးအောင် လုပ်ခဲ့ကြတယ်။
(၂) ကိုယ့်တွေးတောမှုက နှင်းဘောလုံးသက်ရောက်မှုမျိုး မဖြစ်ဖို့ ဂရုပြုရမယ်
ကိုယ်စိတ်ပျက်၊ စိတ်ညစ်တဲ့အရာပေါ် အာရုံစိုက်လေလေ ခံရခက်လေလေဖြစ်တယ်။ စိတ်ခံစားမှုတွေ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပေါ်စေပြီး နောက်ဆုံး ထိန်းမနိုင်သိမ်းမရတဲ့အထိ ပူပင်သောက ရောက်တတ်တယ်။ ဒါကြောင့် ပြဿနာအစမှာ ကိုယ့်စိတ်ကို နိုင်အောင်ထိန်းရမယ်။ စိတ်ခံစားမှုရဲ့ လှည့်ဖျားဆော့ကစားတာကို မခံရအောင် ထိန်းချုပ်တတ်ရမယ်။ နှင်းဘောလုံးလို သောကတွေ လှိမ့်လေကြီးလေ မဖြစ်အောင် သတိထားရမယ်။ ကိုယ့်ပတ်ဝန်းကျင်က အရာဝတ္ထု၊ လူတွေကို မကောင်းမြင်စိတ်နဲ့ ပြုမှုဆက်ဆံခဲ့ရင် သေးငယ်တဲ့ဖိစီးမှုလည်း တခဏချင်း ကြီးထွားသွားတတ်တာ ဧကန်မလွဲပါပဲ။
(၃) စိတ်ဖြေလျော့ပြီး (၁ဝ) အထိရေနိုင်ဖို့ ကြိုးစားပါ
ဒေါသထွက်တဲ့အခါ လေဝဝတစ်ချက်ရှုသွင်းပြီး (၁) ကနေ (၁ဝ) ထိ အသံကျယ်ကျယ် အော်ဟစ်ရေတွက်ပါ။ ပြီးရင် လေတွေကိုမှုတ်ထုတ်ပြီး တစ်ကိုယ်လုံးကို ဖြေလျော့လိုက်ပါ။ (၁) ကနေ (၁ဝ) ထိ ပြန်ရေတွက်ပါ။ (၁ဝ) ထိ ရေတွက်ပြီးရင် ဒေါသစိတ်တွေ လျော့သွားတာကို ခံစားမိပါလိမ့်မယ်။ ဒီလိုနည်းက ပြဿနာကြီးကနေ ပြဿနာသေးကို ပြောင်းလဲပေးသလို စိတ်ဖိစီးမှုကိုလည်း ပပျောက်စေပါတယ်။
(၄) ကိုယ်အမြဲလုပ်တဲ့အပြုအမှုက ကိုယ့်အကျင့် ဖြစ်သွားတတ်တယ်
တကယ်လို့ ကျွန်တော်တို့က မကြာခဏ ဒေါသထွက်၊ ဆဲဆို၊ စိုးရိမ်ပူပန်နေမယ်ဆိုရင် ကျွန်တော်တို့ဘဝကို အဲဒီအရာတွေက ရောင်ပြန်ထင်ဟပ်နေပြီး အကျိုးမဖြစ်ထွန်းစေဘူး။ တကယ်လို့ ကျွန်တော်တို့က အမြဲစိတ်ရှည်၊ သည်းခံမယ်၊ စိတ်ဖြေလျော့မယ်၊ သင်ယူချင်စိတ်ရှိမယ်၊ ကောင်းမွန်တဲ့ စိတ်သဘောထားတွေ ရှိမယ်ဆိုရင် ဖိစီးမှုတွေနဲ့ ကြုံခဲ့ရလည်း အဲဒီအရာတွေကို ဘယ်လိုဖြေရှင်း၊ ရင်ဆိုင်မယ်ဆိုတာကို သိနိုင်ပါတယ်။
ဘဝမှာ အမျိုးမျိုးသော ဖိစီးမှုတွေရှိကြတယ်။ ဘယ်လိုဖိစီးမှုမျိုးကိုမှ ခံယူမယ်လို့ ရွေးချယ်ဖို့နည်းလမ်း ကျွန်တော်တို့မှာ မရှိခဲ့ပေမယ့် ဘယ်လိုနည်းနဲ့ ရင်ဆိုင်ဖြေရှင်းမယ်ဆိုတာကိုတော့ ထက်မြက်တဲ့ကျွန်တော်တို့ ရွေးချယ် လုပ်ဆောင်နိုင်ပါတယ်။
“လုပ်သလို မဖြစ်သေးတဲ့အချိန်မှာ
ဖြစ်သလို မလုပ်ပါနဲ့........”
“လုပ်ချင်တာ မလုပ်ရသေးခင်
လုပ်နေတာကို လုပ်ချင်နေပါစေ.......”
ဖြစ်အောင်လုပ်ဖို့ပဲ လိုအပ်ပါတယ်......
Credit: ကိုကိုးအိမ် (မန္တလေး)
Wednesday, October 14, 2015
"စိတ်ဖိစီးမှုကို ဖြေလျှော့နည်း"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment