Lutaw Lupyaw
"ဂဂျောင်"
သူ့နာမည် ဂဂျောင်...
ကျောင်းတုန်းက သူငယ်ချင်းတွေ ၀ိုင်းပေးထားတာ။ သူ့နာမည်အရင်းပျောက်လို့ တစ်ကျောင်းလုံးက ဝိုင်းပြီး အသိအမှတ် ပြုထားတဲ့ နာမည်။ လူကိုက ဂဂျိုး ဂဂျောင်။ လုပ်လိုက်တိုင်းမှာ တစ်လွဲ။ ရည်းစားစာနဲ့ ခွင့်စာ လွဲပြီး အပေါက်ဆိုးတဲ့ အပျိုကြီး ဆရာမကို ရည်းစားစာပေးတာ သူ။ ဂိုးမဖမ်းရရင် ကျောင်းမတက်တော့ဘူးဆိုလို့ ဂိုးဖမ်းခိုင်းပြန်တော့ ဘုန်းတန်ခိုးရှင် (ဖုန်း တစ်ဂိုး) ဘွဲ့ထူး ထပ်ရတာသူ။ စာမေးပွဲဖြေမဲ့နေ့မှာ ခိုးကူးဖို့ စာတွေကို တစ်လွဲယူသွားတာလဲ သူ။ ဖိနပ်ဆိုင်မှာ ဖိနပ်ဝယ်ရင်း ဘယ်ချည့်နှစ်ဘက် ယူလာခဲ့တာ သူ။ ဘွဲ့ထူးများစွာနဲ့ အနှီလူသားဟာ ကျနော့်သူငယ်ချင်း အရင်းခေါက်ခေါက်ပါ။
ဂဂျောင်က ကျနော့်ကို အရိုးခံ ခင်တာ။ သူ့အပြင်ပန်းက တစ်လွဲတွေ လုပ်တတ်လွန်းလို့ လူတစ်ကာက သူ့ကို ကျဉ်ကြတော့ သူကိုယ်တိုင်ကလဲ ခပ်ဆိုးဆိုးလေး ဖြစ်ချင်နေတာ။ ဒါပေမဲ့ သူ့ အတွင်းစိတ်က တစ်ကယ်ဖြူတာပါ။ ကျနော်ကတော့ အခန်းထဲမှာ Monitor လဲဖြစ်၊ လူတော်လေးတစ်ယောက်လို့လဲ ဆရာ၊ ဆရာမတွေက သတ်မှတ်ထားကြတော့ သူများအမြင်မှာ ကျနော်တို့နှစ်ယောက်ဟာ ဖြောင့်ဖြောင့်ကြီးကို ကွဲလွဲလို့နေတာပေါ့။ လူတစ်ချို့ ကျနော့်ကို ဂဂျောင်နဲ့ သတိထားပေါင်းသင်းဖို့၊ ဖြစ်နိုင်ရင် အပေါင်းအသင်း မလုပ်ဖို့ လာပြောကြတဲ့အခါတိုင်း ကျနော် ပြုံးလို့သာ နေခဲ့ပါတယ်။
တစ်နေ့ ကျနော်တို့အတန်းထဲက သူငယ်ချင်းတွေစုပြီး Picnic ထွက်ကြတယ်။ အဲဒီနေ့ကတော့ ကျနော် သိပ်စိတ်မကြည်ဘူးရယ်။ ဂဂျောင် သောက်တစ်လွဲ လုပ်ထားလို့။ အဲဒီ မတိုင်ခင်ညက အသေအချာမှာတယ်။ ကားစီစဉ်ဖို့။ ကျနော့်မှာ တစ်ခြား စီစဉ်စရာတွေ ရှိတာမို့ သူ့ကို လုပ်ခိုင်းလိုက်တာ။ စီစဉ်တယ်ဆိုတာကလဲ ဘာရယ်မှခက်တာ မဟုတ်ဘူး။ ကားမောင်းပို့ပေးမဲ့ ဒရိုင်ဘာကို ဘယ်အချိန်ဆိုတာ ဖုန်းဆက်ပြောရုံပဲ။ ကျန်တဲ့ကိစ္စ အကုန်ပြောဆိုပြီးသား။ ဘယ်အချိန်သွားမယ် ဆိုတဲ့ အချိန်လေး ပြောလိုက်ရုံ။
အချိန်ကမနက် ၈နာရီ။ ၈ နာရီ ၁၅ အထိ ကားဆရာ ပေါ်မလာဘူး။ ဂဂျောင်လဲ ပေါ်မလာဘူး။ အဆောင်ကို လိုက်သွားကြတော့ သကောင့်သားက အိပ်ပျော်နေလို့ မနည်း နှိုးယူရတယ်။ ဖုန်းဆက်ဖို့ မေ့သွားတယ်တဲ့။ သူ့အဖြေက ရှင်းရှင်းလေး။ မရှင်းတာက ကျနော်။ ကားဆရာကို ဖုန်းဆက်တော့ ဖုန်းမကိုင်တော့ဘူး။
ဆရာ၊ ဆရာမတွေကို ခေါ်ထားပြီးသား။ သူတို့ကို အားနာစရာ။ ဂဂျောင်လဲ အဲဒီအခါကျမှ ကြံရာမရဖြစ်ပြီး လမ်းမကြီးပေါ် ထွက်ရပ်နေတယ်။ ခဏနေတော့ ထရပ်ကားတစ်စီး အဖြတ်မှာ သူ လှမ်းတားလိုက်တယ်။ ကောင်းတယ် ဆိုရမလား ဆိုးတယ် ဆိုရမလား မသိ။ ဖြစ်ချင်တော့ အဲဒါ အတန်းထဲက ကောင်မလေးတစ်ယောက်ရဲ့ အဖေ ဖြစ်နေတယ်။
ကျနော် ထရပ်ကားကြီးနဲ့ ဆရာ၊ ဆရာမတွေကို ခေါ်ဖို့ သင့်မသင့် ဆုံးဖြတ်မရ ဖြစ်နေချိန်မှာ တစ်ချို့က ကားပေါ်တက်ပြီးသား ဖြစ်နေပြီ။ အဲဒါ ၉ နာရီမှာ။ ကျနော် ထရပ်ကားဘီးကြီးတွေကိုပဲ စိုက်ကြည့်ရင်း မျက်လွှာချထားမိတယ်။ ဆရာမတွေကို အားနာလိုက်တာ။
သွားမဲ့နေရာ ရောက်တော့ စားကြမယ် သောက်ကြမယ်ပေါ့။ ပစ္စည်းတွေ သယ်ကြ ချကြ။ အဲဒီမှာ ဂဂျောင်က မနိုင်မနင်းနဲ့ ထမင်းထုပ်ခြင်းကြီးကို သွားသယ်တယ်။ ခဏလေးပါ။ ဘယ်လောက်မှ မကြာလိုက်ဘူး ဒုန်း ဆိုတဲ့ အသံနဲ့အတူ ဂဂျောင်ရဲ့ ညောင်နာနာ အော်သံကိုပါ ကြားလိုက်လို့ သွားကြည့်တော့ ထမင်းဟင်းတွေ ပြန့်ကျဲလို့။ မြေပြင်ပေါ်မှာ ရွဲပြဲနေတဲ့ ခြင်းတောင်းနဲ့အတူ နေရာကျနေတာက ကျနော့်သူငယ်ချင်း ဂဂျောင်။
ဖော့ဘူးလေးတွေနဲ့ထုပ်ထားတဲ့ ထမင်းဟင်းတွေ အားလုံး ပေါက်ပြဲ ထွက်ကုန်ပြီ။ ကျနော် ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။ စိတ်ဆိုးလွန်းလို့။ ပြောနေလို့လဲ မထူးဘူးလေ။ အားလုံးကို တောင်းပန်ပြီး နီးစပ်ရာ ထမင်းဆိုင်တွေကနေ စားသောက်ဖို့ အပြေးအလွှား စီစဉ်ရပြန်တယ်။ ပိုက်ဆံတွေ ထပ်ကုန်ကြတော့ သိပ်တော့ မကြည်လင်ချင်ကြဘူး။ တစ်ချို့ဆို ဒီခရီးမှာ ဂဂျောင်ပါရင် မလိုက်ဘူးဆိုလို့ ကျနော် အတင်း ချော့ခေါ်လာရတာ။ ဘာပဲဖြစ်ဖြစ် နေ့လည်ပိုင်းကျတော့ ဂိမ်းဆော့ကြ၊ ဂီတာတီးပြီး သီချင်းဆိုကြ၊ လျှောက်လှည့်ပတ်ကြည့်ကြနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။
ညနေပြန်ကြတော့ ဂဂျောင် တစ်စခန်းထလာတယ်။ ဖြစ်ပုံကဒီလို။ ပြန်ထွက်လာကြတော့ ဘယ်သူမှ သတိမထားမိဘူး။ ဒါပေမဲ့ လမ်းခုလပ်မှာ တစ်ထောက်နားကြ အပေါ့အပါးသွားကြပြီး ပြန်အထွက်လာမှာ ကျနော်လူစစ်တော့
ဂဂျောင်ကို မတွေ့တော့ဘူး။ တစ်ချို့က ပါလာတယ် အသေအချာပြောတယ်။ တစ်ချို့က ကျန်ခဲ့တယ် အသေအချာ ပြောတယ်။ အနားယူခဲ့ကြတဲ့ အနီးအနားဝင်းကျင် လိုက်ရှာတော့လဲ မတွေ့ဘူး။ စိတ်ကတိုနေပြီ။ အားလုံးလဲ နားချင်နေကြပြီ။
ဒါပေမဲ့ ကျနော် အားလုံးကို ဖြောင်းဖျပြီး ကားကို ပြန်လှည့်ခိုင်းတယ်။ လူတိုင်းက ဂဂျောင်ကို တဗျစ်ဗျစ် ကြိမ်ဆဲနေကြပေမဲ့ Monitor ကျနော့်စကားကိုတော့ နားထောင်ကြရှာပါတယ်။ ဟိုပြန်ရောက်တော့လဲ သကောင့်သားကို မတွေ့ပါဘူး။ ဒါပေမဲ့ တွေ့တာက ကျနော့်သူငယ်ချင်း အဖေရဲ့ ဂီတာ။ ကျနော် ငှါးလာခဲ့ပြီး သူသိမ်းမလို ကိုယ်သိမ်းမလိုနဲ့ ဒီမှာ ကျန်ရစ်တာ။ ဒီလိုဆိုတော့ ဂဂျောင့်ကိုတောင် ကျေးဇူး တင်ရမလိုလို။ နာရီဝက်တိတိ လှည့်ပတ်ရှာပြီးတဲ့နောက် မတွေ့တဲ့အဆုံး ပြန်လှည့်လာကြတယ်။
တွေ့မဲ့တွေ့တော့ ခုနကနားခဲ့တဲ့ နေရာမှာ အနှီလူသားလေးက ကွမ်းတမြုံ့မြုံ့ဝါးလို့ မခိုးမခန့် မျက်နှာနဲ့။ ဆရာတွေဆို မျက်နှာကိုတင်း လို့။ သူ့ကို စိတ်ဆိုးဆိုးနဲ့ ကားပေါ်ခေါ်တင်ပြီး ပြန်လာခဲ့တယ်။ တစ်လမ်းလုံး အတန်းဖေါ်တွေရဲ့ မျက်စောင်းတွေကိုတော့ သကောင့်သားလေး အပြည့်အ၀ကို ခံယူလာခဲ့တာပေါ့။
ဒီလိုနဲ့ နောက်ဆုံး ချောချောမောမော ပြန်ရောက်လာတယ်။ လူစုမခွဲခင်မှာ အတန်းပိုင်ဆရာက ကျနော်တို့ကို ခဏ ၀ိုင်းထိုင်ခိုင်းတယ်။ ကျနော့်ကို လူကြားထဲကခေါ်ထုတ်ပြီး ကျနော့် ပုခုံးကိုဖက်လို့… ဒီနေ့ သူ့အနေနဲ့ ကျနော့်ကို အားလုံးရှေ့မှာ အသိအမှတ်ပြုချင်ကြောင်း၊ ကျနော့်ရဲ့ ဦးဆောင်မှုနဲ့ စီမံခန့်ခွဲမှုတွေဟာ စံပြုထိုက်ကြောင်း၊ ခေါင်းဆောင်ကောင်း ပီသကြောင်း၊ အားလုံး အတုယူကြဖို့ သူက ပြောသွားတယ်။
အဆောင်ပြန်ကြတော့ ဂဂျောင် ကျနော့်နောက် လိုက်လာတယ်။ ကျနော်လဲ စိတ်ပေါက်ပေါက်နဲ့ ဂဂျောင် မင်းပြန်တော့ ငါ စိတ်မကြည်သေးဘူး လို့ ခပ်မာမာ ပြောလွှတ်လိုက်တယ်။ သူ ခေါင်းကိုငိုက်စိုက်ချပြီး သူ့အဆောင်ဖက် ပြန်သွားတယ်။
ညဖက်ကျတော့မှ မအိပ်ခင်လေးမှာ နဲနဲတော့ ပြောဆိုဦးမှဖြစ်မယ်လေ ဆိုပြီး သူ့အဆောင်ဖက် ထွက်လာခဲ့တယ်။ သူ့အခန်းတံခါးကို အဖွင့်မှာ အရက်နံ့က ထောင်းကနဲ။ သကောင့်သား အရက်မူးပြီး အိပ်ပျော်နေပြီ။ ကျနော် လဲ မနေနိုင်လို့ တွဲလဲကျနေတဲ့ သူ့ခြေထောက်ကို ပြန်တင်ပေးပြီး ခြင်ထောင်ချအပေးမှာ ဘုတ်ဆို ကျလာတာ သူ့ဒိုင်ယာယီစာအုပ်။
ဒီကောင်က ဒိုင်ယာရီတော့ရေးသားဟ ဆိုပြီး စာအုပ်လေးကို လှမ်းကောက်လိုက်တော့ ဘောလ်ပင်ညှပ်ရပ်သားလေး ပွင့်နေတာက ဒီနေ့ နေ့စွဲ။ ပထမ တစ်ပိုဒ်လောက်ကို ဖတ်အပြီးမှာ ကျနော် ခေါင်းကြီးသွားတယ်။ သူရေးထားတာက...
2.8.2008
ဒီနေ့ ပျော်ပွဲစားထွက်တယ်။ ပျော်လိုက်တာ။
နိုင်ကြီးကတော့ သိရှာမှာ မဟုတ်ပါဘူး။ သူငှားထားတဲ့ကားက ဈေးပြောတာ မှားနေတယ်။ ကားဆရာ မမှားဘူး။ နိုင်ကြီးအမှတ်မှားတာ။ အဲဒါနဲ့ ငါ ကားဆရာကို မငှားတော့ဘူးလို့ ပြောလိုက်တယ်။ ကားဆရာလဲ တော်တော် စိတ်ဆိုးသွားတယ်။ မသူရဲ့ အဖေဆီက ထရပ်ကားကတော့ အဆင်ပြေလောက်တယ် ထင်လို့ ငါလှမ်းပြောကြည့်တော့ အဘိုးကြီးက အိုကေတဲ့။ တော်ပါသေးရဲ့ အဆင်ပြေသွားလို့။
နိုင်ကြီးရေ ထမင်းတွေထုပ်ကြတော့ မင့်ကို ငါ ပြောလိုက်သေးတယ်။ ထမင်းနဲ့ ဟင်းကို အတူမထုပ်နဲ့ သိုးမယ်လို့။ ဒါပေမဲ့ မင်း မကြားလိုက်ဘူးထင်ပါရဲ့ကွာ။ မင်းတို့ရောထုပ်လိုက်တဲ့ ထမင်းတွေ သိုးကုန်တာလေ။ ငါ ခြင်းကို သယ်လိုက်တာနဲ့ အနံ့က ထွက်ချင်နေပြီ။ ဆောရီးပါသူငယ်ချင်း။ ဒီထက်ကောင်းတဲ့ နည်းကို ရုတ်တရက် စဉ်းစားမရတော့လို့ ခြင်းကို မှောက်ချပစ်လိုက်တာပါ။ မင်းတော့ ငါ့ကို တော်တော်စိတ်ဆိုးမှာသွားမှာပဲနော်။
အပြန်ကျတော့ မင်းငှားလာတဲ့ မင်းသူရဲ့ ဂီတာကို မင်း မေ့ကျန်ခဲ့တယ် သူငယ်ချင်း။ အဲဒါ သူ့အဖေ ဂျပန်ကအပြန် ယူလာတာ။ ဆရာကျော်တီးပြီး နောက်ဆုံး မင်းကို လှမ်းပေးလိုက်တာ ငါမျက်စိနဲ့ တပ်အပ်မြင်တယ်။ ငါလဲ သတိမထားမိပါဘူး။ လမ်းခုလတ် နားကြတော့မှ ငါလဲ ပျင်းပျင်းရှိတာနဲ့ မင်းတို့ အပေါ့အပါးသွားတုန်း တီးမယ်ဆိုတော့ မတွေ့တော့တာ။ ကျန်ခဲ့ပြီဆိုတာ ငါ သိလိုက်တယ် သူငယ်ချင်း။ ဒါနဲ့ ငါ အိပ်သာထဲ ၀င်နေလိုက်တယ်။ င့ါကို မတွေ့ရင် မင်းတို့ သွားပြန်ရှာမယ် ဆိုတာ သိနေတယ်လေ။ မင်းတို့ ပြန်တွေ့ပါစေလို့ ဆုတောင်းလိုက်ရတာ အမောကွာ။ ပြန်လာတဲ့ ကားကိုမြင်တော့ အတူရောပါလာတဲ့ ဂီတာသံကိုပါ ကြားရတော့ ငါပျော်လိုက်တာ။
ငါ မင့်ကို ကူညီလိုက်တယ်နော် သူငယ်ချင်း။ မင်း ငါ့ကို ကူညီခဲ့တာတွေ အများကြီးပါကွာ။ ဒါပေမဲ့ မင့်နောက်လိုက်လာပြီး မင်းကို ဒီအကြောင်းတွေ ပြန်ပြောပြချင်ခဲ့တာ ကျေးဇူးအတင်ခံချင်လို့တော့ မဟုတ်တာ သေချာပါတယ် နိုင်ကြီး။ မင်းလဲ စိတ်ညစ်သွားတာ နားလည်ပါတယ်ကွာ။
နောက်ပိုင်း ဆက်ရေးထားတာတွေက မညီမညာစာလုံးတွေနဲ့ ဆိုးဆိုးဝါးဝါး ဖြစ်လာတော့ ဖတ်လို့မရတော့။ ကျနော်လဲ ဆက်ဖတ်ဖို့ ခွန်အားမရှိတော့ပါ။
ကျနော်တို့ အောင်မြင်နေချိန်၊ အမြင့်ရောက်နေချိန်တိုင်းမှာ လောကကြီးကို ကန့်လန့်ဖြတ် လိုက်ပါနေရှာတဲ့ သူငယ်ချင်းတွေကို ပြန်သတိရပါ။ သူတို့မှာလဲ ခံစားချက် အတွေးကိုယ်စီရှိမှာပါ။ သူတို့နည်း သူတို့ဟန်နဲ့ ကျနော်တို့ကို ကူညီဖို့ ကြိုးစားနေကြတာပါ။
ဒါတွေကို ကျနော် အမှတ်မထင် သိရှိသွားပြီး နောက်ပိုင်းမှာလဲ သူဟာ တစ်လွဲတွေကို လုပ်ကောင်းတုန်း။ ကျနော်ကလဲ သူ့ကို ဆူဟောက်တုန်း။ လူတွေ သူ့ကို အမြင်ကပ်မြဲကပ်တုန်း။ အားလုံး ဟာ ဒီအတိုင်း ဟန်ချက်ညီညီ ဆက်ရွေ့လျောခဲ့တယ်။ ကျနော်က လူတော် သူကလူရှော်။ လောကကြီးရဲ့ ဇာတ်ခုံပေါ်က ကျနော်တို့ကို ၀ိုင်းသတ်မှတ်ကြတာက ဒီလို။
အခု ကျောင်းတွေလဲပြီးကုန်တာ ကြာပေါ့။
ကျနော့် တစ်သက်တော့ ဂဂျောင်လိုသူငယ်ချင်း ထပ်ရနိုင်မယ် မထင်တော့ဘူး။ ကျေးဇူးတင်တယ်လို့ပဲ (အဲဒီတုန်းက မပြောခဲ့မိတဲ့အတွက်) ပြောပါရစေတော့ သူငယ်ချင်း....။
Credit: ကိုစော
Thursday, January 14, 2016
"ဂဂျောင်"
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment