Friday, January 15, 2016

"ကမ္ဘာအနှံ့က အယူသည်းမှုများ"



Lutaw Lupyaw

"ကမ္ဘာအနှံ့က အယူသည်းမှုများ"

အယူသည်းမှုတွေကို အခုချိန်ထိ လူအများ လက်ခံနေကြဆဲပါ။ ဘယ်လောက်ပဲ သိပ္ပံပညာတွေ ထွန်းကားနေပါစေ လူမျိုးတိုင်းမှာ သူတို့ လက်ခံယုံကြည်နေဆဲ အယူသည်းမှုတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုလည်း ခန္ဓာကိုယ်ပေါ် ငှက်ချေးပါချရင် ထီးပေါက်ကိန်းရှိတယ်၊ ငှက်ပျောသီးကား ရှေ့ကဖြတ်သွားတာတွေ့ရင် ကံကောင်းတယ်၊ နိဗ္ဗာန်ယာဉ် ဖြတ်သွားတာတွေ့ရင် ငွေဝင်တယ်ဆိုပြီး ပိုက်ဆံအိတ်တွေ ပုတ်တတ်ကြတဲ့ အယူအဆတွေ ရှိကြပါတယ်။ စာဖတ်သူရော ဘယ်လိုအယူသည်းမှုတွေ လက်ခံယုံကြည်လဲ။ နိုင်ငံပေါင်းစုံက အယူသည်းမှုတွေကို လေ့လာကြည့်ရအောင်။

ကိုရီးယားနိုင်ငံမှာ အချစ်ရေးနဲ့ပတ်သက်တဲ့ အယူသည်းမှုတွေ ပိုတွေ့ရတတ်ပါတယ်။ ချစ်သူကို ဖိနပ်လက်ဆောင်ပေးလိုက်ရင် ကိုယ့်ဆီက ထွက်သွားလိမ့်မယ်၊ ချစ်သူနဲ့ ကြက်တောင်ပံကြော် အတူတူစားမိရင် သင့်ဘေးက ပြေးထွက်သွားတတ်တယ်လို့ အယူသည်းမှုတွေ ရှိကြပါတယ်။ တစ်ချို့အယူသည်းမှုတွေက ကိုရီးယားတစ်နိုင်ငံတည်း လက်ခံထားတာမျိုး မဟုတ်ပဲ တခြားနိုင်ငံတွေမှာလည်း ဆင်တူ လက်ခံထားကြတာ ရှိပါတယ်။ မင်္ဂလာဆောင်မှာ သတို့သမီးဆီကပစ်လိုက်တဲ့ လက်ကိုင်ပန်းကို အလုအယက်ဖမ်းကြတဲ့ ဓလေ့မျိုးလိုပေါ့။ လက်ကိုင်ပန်းကို ဖမ်းမိတဲ့သူက ၆ လအတွင်း အိမ်ထောင်ပြုရမယ် မဟုတ်ရင် နောက်ထပ်သုံးနှစ် တစ်ကိုယ်တည်း ဖြတ်သန်းရမယ်လို့ အယူရှိကြပါတယ်။ အခန့်မသင့်ရင် တစ်သက်လုံးတောင် တစ်ကိုယ်တည်း အရိုးထုတ်သွားနိုင်ပါတယ်တဲ့။ ကိုရီးယားအမျိုးသမီးတွေဟာ လက်သည်း၊ ခြေသည်း အလှပုံဖော်တဲ့အခါ ထင်ရှုးပင်ကထုတ်တဲ့ ပစ္စည်းတွေကို အခြေခံထားတဲ့ လက်သည်းနီကို သုံးတတ်ပါတယ်။ ဆိုးထားတဲ့ လက်သည်းနီတွေ ဆောင်းတွင်း ပထမဆုံးနှင်းကျတဲ့နေ့အထိ မခံဘူးဆိုရင် ချစ်သူနဲ့ ခွဲခွာရမှာမို့ ပန်းကန်းဆေး၊ အိမ်သန့်ရှင်းရေး ကူလုပ်ပေးနိုင်မယ့် ချစ်သူမျိုး ရှာထားတာ ပိုအဆင်ပြေပါလိမ့်မယ်။

သင့်မှာ ပြင်သစ်လူမျိုး သူငယ်ချင်းရှိတယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန်အချက်တွေ ရှိပါတယ်။ ဓါး လက်ဆောင် မပေးပါနဲ့။ အဓိပ္ပာယ်ကတော့ သင်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကို ဖြတ်တောက်ချင်တယ်လို့ ဆိုလိုလို့ပါ။ ဖယောင်းတိုင်ကလည်း ပြင်သစ်တွေရဲ့ အယူသည်းမှု ခေါင်းစဉ်အောက်မှာ ပါ,ပါတယ်။ ဘုရားကျောင်းမှာ ဆုတောင်းတဲ့အခါ တစ်ယောက်ထွန်းထားတဲ့ ဖယောင်းတိုင်းကို နောက်တစ်ယောက်က လာပြီး မီးမညှိရပါဘူး။ ပထမတစ်ယောက် ဆုတောင်းတွေ နောက်တစ်ယောက်ဆီ ရောက်သွားတယ်လို့ ယုံကြည်ကြလို့ပါ။ ပြင်သစ်လူမျိုးတွေက ကြောင်တွေအပေါ်မှာလည်း အယူသည်းမှုတွေ ရှိကြပါတယ်။ ကြောင်နက်တွေ ညဘက်မှာ သင့်ရှေ့က ဖြတ်သွားတယ်ဆိုရင် ကံဆိုးမိုးမှောင်ကြတော့မယ့် လက္ခဏာပါတဲ့။

ကိုရီးယား၊ ပြင်သစ်နိုင်ငံတင်မဟုတ်ပဲ ကမ္ဘာတစ်ဝှမ်းမှာလည်း ယနေ့တိုင် လက်ခံယုံကြည်နေဆဲ အယူသည်းမှုတွေ ရှိနေပါတယ်။ တူရကီနိုင်ငံမှာဆိုရင် ညဘက် ပီကေမ၀ါးသင့်ပါဘူးတဲ့။ ညဘက် ပီကေ၀ါးသူတွေဟာ အသက်အန္တရာယ် ရှိတယ်လို့ အယူရှိကြလို့ပါ။ လက်အိတ် လက်ဆောင်ပေးလာခဲ့ရင် သင့်ဘက်ကလည်း အပြန်အလှန် ပြန်ပေးရပါမယ်။ ပြန်မပေးခဲ့ရင် နှစ်ယောက်လုံး ကံဆိုးမိုးမှောင် ကျနိုင်တယ်လို့ လက်ခံထားကြပြန်တယ်။ နောက်ထပ် အယူသည်းမှုကတော့ စပိန်နိုင်ငံမှာပါ။ နှစ်သစ်မရောက်ခင် တစ်ရက်အလို ည ၁၂ နာရီအချိန်မှာ စပျစ်သီး ၁၂ လုံးစားရင် နှစ်သစ်မှာ ၁၂ လလုံး ကံကောင်းမှုတွေ ရှိလာမှာပါတဲ့။ ရုရှားမှာဆို သင့်အိမ်ပေါ်ကို ငှက်ချေးပါချတယ်ဆိုရင် ကံကောင်းပြီး ကြွယ်ဝချမ်းသာမယ့် နိမိတ်လို့ အယူရှိကြပါတယ်။

Credit: Yangon Life



No comments:

Post a Comment