Saturday, January 30, 2016

"လိုက်လျောရင်း တုံး အ သွားသူများ"


"လိုက်လျောရင်း တုံး အ သွားသူများ"

တိုးတက်တဲ့ အနောက်နိုင်ငံမှာ လူအနည်းစုက ချစ်သူတွေကို သဝန်တိုတတ်ပြီး သိပ်မဖွံ့ဖြိုးသေးတဲ့ အရှေ့တိုင်းမှာ သမီးရည်းစား၊ လင်မယားတွေ အချင်းချင်း သဝန်တိုတဲ့လူအရေအတွက် ပိုများလာပါတယ်။ မြန်မာနိုင်ငံမှာတော့ သဝန်တိုမှ တကယ်ချစ်တဲ့သူလို့တောင် အထင်မှားတဲ့အထိ သဝန်တိုတဲ့သူတွေ အတော့်ကိုများပါတယ်။ ဘာကြောင့် သဝန်တိုရသလဲဆိုတာကို သဝန်တိုစိတ် ဘယ်ကလာ ဆိုတဲ့ ပို့စ်ထဲမှာ ရေးသားခဲ့ပြီးဖြစ်ပါတယ်။ မဖတ်ရသေးရင်
http://lutawlupyaw.blogspot.com/2016/01/blog-post_186.html?m=1
မှာ ကလစ်နှိပ်ပြီး ဖတ်နိုင်ပါတယ်။ အဲဒါ လင့်ခ်ပေးထားတာပါ။

ကိုယ့်ချစ်သူက ကိုယ့်ကို နားလည်မှုပေးလို့ပဲဖြစ်ဖြစ်၊ အလုပ်ဘက်စိတ်ရောက်နေပြီး သဝန်တိုဖို့ အချိန်ရှားလို့ပဲဖြစ်ဖြစ်၊ သဘောထား ကြီးလို့ပဲဖြစ်ဖြစ်၊ အကြောင်းကြောင်းကြောင့် ကိုယ့်အပေါ် သဝန်တိုတာတွေမရှိဘူး၊ ဒီလိုကိစ္စကြောင့် နှစ်ဦးကြား ဆက်ဆံရေး ကတောက်ကဆဖြစ်တာမျိုး မရှိဘူးဆိုရင် တဘက်မိန်းမသားစိတ်ထဲမှာ ငါ့ကို သူတကယ်မချစ်လို့ သဝန်မတိုတာလားဆိုတဲ့ ခံစားမှုတွေ ခံစားသွားရလောက်အောင်ကို သမီးရည်းစားနဲ့ အိမ်ထောင်သက်နုတဲ့ လင်မယားစုံတွဲ အများစုက သဝန်တိုတာကို အချစ်လို့ သတ်မှတ်နေကြတာပါ။

ကောင်မလေးဆို သူ့ကောင်ကလေးကို မိန်းကလေးတွေနဲ့ တွဲသွားတွဲလာရှိရင် ဒါမှမဟုတ် တွေ့ဆုံဆက်ဆံမှုများရင် သဝန်တိုမယ်၊ ကောင်ကလေးတွေကလည်း သူ့ကောင်မလေးကို ဒီ့ထက်မလျော့သော သဝန်တိုခြင်းတွေနဲ့ သဝန်တိုမယ်။ ဒါမှ တကယ်အချစ်စစ်၊ ကိုယ့်အပေါ်ကို တကယ်ချစ်တာလို့ မှတ်ယူလွဲနေကြတယ်။ သဘောထားကြီးကြီးနဲ့ တကယ်ချစ်တဲ့သူဟာ ကိုယ့်ချစ်သူကို အဆုံးရှုံးမခံနိုင်ဘူးဆိုတာ မှန်ပေမယ့် ကိုယ့်ချစ်သူကို ထိုက်သင့်တဲ့ လွတ်လပ်ခွင့်မျိုးကို ပေးတယ်။ လွတ်လပ်စွာ တွေးခေါ် လုပ်ကိုင်ခွင့်ဆိုတာကို လက်ခံတယ်။ သူ့အကျင့်စာရိတ္တနဲ့ ကိုယ့်အပေါ်ထားတဲ့ သူ့အချစ်ကို ယုံကြည်မှုပေးတယ်။ အထူးသဖြင့် အပြန်အလှန် သစ္စာထားပြီး အချစ်ဆိုတာကို နားလည်မှုနဲ့ ခံစားမှုတွေတည်ငြိမ်အောင် တည်ဆောက်သွားပါတယ်။

သဘောထား မကြီးနိုင်သူတွေကတော့ လက်လွတ် ဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကြောမခံနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကိုပစ်ပြီး နောက်တယောက်တွဲပြီး ကြောသွားမှာ၊ တခြားတယောက်က ကိုယ့်ချစ်သူကို ကိုယ့်လက်ကဖြတ်လုပြီး ကိုယ့်ကို ကြောသွားမှာကို မခံနိုင်တာ ဖြစ်ပါတယ်။ ဒီလို အကြောမခံနိုင်ဘူး ဆိုကတည်းက သူ့မှာ ယုံကြည်စိတ် မရှိတာပါ။ သူ့ကိုယ်သူ ယုံကြည်စိတ် မရှိတာ ဖြစ်နိုင်သလို သူ့ချစ်သူအပေါ်မှာလည်း ယုံကြည်စိတ် မထားနိုင်တာပါ။ ယုံကြည်စိတ် မရှိတဲ့သူတွေဟာ အားငယ်စိတ် ရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် ငယ်ရွယ်သေးတဲ့အရွယ်မှာ ထိုက်သင့်တဲ့ အရည်အချင်းနဲ့ ယုံကြည်ချက်မျိုး ကိုယ့်မှာမရှိသေးတဲ့အတွက် ကိုယ့်ချစ်သူ (သို့မဟုတ်) အိမ်ထောင်ဘက်အပေါ် သဝန်တိုစိတ် ပိုများတတ်ပါတယ်။ အရမ်းသဝန်တိုစိတ် ကြီးတဲ့သူတွေဟာ အဲဒီ သဝန်တိုစိတ်ကြောင့်ဘဲ သူတို့ချစ်သူကို ဆုံးရှုံးကြရတာတွေ ရှိပါတယ်။ ဥပမာ ကိုယ့်ချစ်သူက ကိုယ်သဝန်တိုလွန်းတဲ့ဒဏ် မခံနိုင်တော့တာမျိုး၊ ကိုယ့်ထက် သဘောထားကြီးနိုင်တဲ့သူ တွေ့သွားခဲ့ရင် လွတ်လပ်တဲ့ စိတ်ခံစားမှုအပေါ် သာယာသွားတာမျိုးတွေပါ။

တကယ်တိုးတက်တဲ့ နိုင်ငံတွေမှာတော့ တစ်ဦးနဲ့တစ်ဦး သဘောကျတယ်ဆိုရင် (Date) လုပ်ပြီး အကဲခတ်တယ်။ အဆင်ပြေတယ်လို့ တွေးမြင်ရင် တွဲကြည့်တယ်။ ပိုလေးနက်လာတယ်လို့ ခံစားရရင် တစ်ဦးအကြောင်းတစ်ဦး ပိုသိရအောင်ဆိုပြီး တအိမ်တည်းမှာ ပြောင်းရွှေ့ နေထိုင်ပြီး လင်မယားဘဝမှာ ဘယ်လို ပြောင်းလဲသွားမလဲလို့ အကဲခတ်ကြည့်တယ်။
(သူတို့လို လက်မထပ်ဘဲ အတူနေရမယ်လို့ လုံးဝ မဆိုလိုဘူးနော်။ သူတို့ဟာ အိမ်ထောက်ဘက်ကို ဘယ်လိုမျိုး ရွေးချယ်ကြတယ်ဆိုတာကို ဝေမျှတာဖြစ်ပါတယ်။)

သူတို့ဘာကြောင့် လက်မထပ်ခင် တစ်ဦးကိုတစ်ဦး အပြန်အလှန် အကဲခတ်ဖို့ တကယ့်လင်မယားလို တအိမ်တည်း ပြောင်းရွှေ့ အတူနေကြသလဲဆိုရင် လူတွေဟာ နာရီပိုင်းအတွင်း၊ ရက်ပိုင်းအတွင်း၊ တချို့ဆို လပိုင်းအတွင်းထိ ဟန်ဆောင်နေနိုင်ကြလို့ပါ။ တကယ် လင်မယားလို အတူနေကြည့်တဲ့အခါမှာ ဒီလူရဲ့ စရိုက်၊ အတွေးအခေါ်၊ နေထိုင်စားသောက်ပုံ၊ သုံးစွဲပုံ၊ အလေ့အကျင့် စတာတွေကို အတွင်းသိ၊ အဆင်းသိ ကာလကြာရင် ကြာသလို သိလာရပါပြီ။ ဒီအခါမှာတော့ ခွင့်လွှတ်နိုင်တာတွေ ခွင့်လွှတ်မယ်၊ မကြိုက်တဲ့အချက်တွေဆို ညှိယူကြည့်မယ်၊ ညှိယူလို့မရဘူးဆိုရင် အချိန်ကုန်မခံဘဲ လမ်းခွဲလိုက်ကြတယ်။ အရွယ်ရှိတုန်း ကိုယ့်စရိုက်နဲ့ အကိုက်ညီဆုံး ကြင်ဖော်ကို ဒီလိုရှာကြပါတယ်။

ဒီလိုဓလေ့ရှိတဲ့နိုင်ငံမှာ လူတွေဟာ တဘဝစာလက်တွဲဖို့ မသေချာရင် လက်ထပ်လေ့မရှိကြဘဲ လက်ထပ်ပြီးမှ ကွာရှင်းမယ်ဆိုရင်တော့ တိကျတဲ့ လင်မယားကွာရှင်းမှု ဥပဒေအတိုင်း မိဘတွေက ကလေးကို တလှည့်စီ ထိန်းကျောင်းတာ၊ မိဘနှစ်ဦးလုံးက သူတို့မွေးထားတဲ့ ကလေးတွေကို ကွာရှင်းပေမယ့် လုံလောက်အောင် ထောက်ပံ့ပေးရတာ၊ မထောက်ပံ့ရင် ဥပဒေအရ တင်းတင်းကျပ်ကျပ် အရေးယူတာမျိုးတွေနဲ့ စိတ်ရှိတိုင်းယူ၊ စိတ်ရှိတိုင်းဖောက်ပြန်၊ စိတ်ရှိတိုင်းကွာရှင်း စတဲ့ မဖြစ်သင့်တာတွေကို ဥပဒေနဲ့ တင်းကျပ်ထားပါတယ်။ ဒါကြောင့် တိုးတက်တဲ့နိုင်ငံတွေမှာ တရားဝင် လက်ထပ်ဖို့ကို အတော်စဉ်းစားကြတာပါ။

သူတို့ဟာ လိင်အာသာ ဆန္ဒဖြည့်ရုံအတွက် (living togetger) လို လက်မထပ်သေးဘဲ နှစ်ဦး အတူနေကြတာ မဟုတ်ဘူး။ ဆန္ဒဖြည့်ရုံဆို တအိမ်တည်း အတူမနေဘဲ ဆန္ဒရှိတဲ့အချိန် မိနစ်ပိုင်း၊ နာရီပိုင်း အချိန်ယူ အတူနေလိုက်တာပါ။ (ဒီလိုဆိုတော့ မြန်မာနိုင်ငံက တည်းခိုးခန်းတက်တဲ့ စုံတွဲတွေနဲ့ ထူးမခြားနားပေါ့။) ဒါဟာ ချစ်လို့ အတူနေတာမဟုတ်ပါဘူး။ ဆန္ဒဖြည့်ဖို့ နှစ်ဦးသဘောတူ အတူနေတာပါ။ ချစ်လို့ အတူနေတာနဲ့ ဆန္ဒဖြည့်ဖို့ အတူနေတာကို ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ သူတို့ တအိမ်တည်းမှာ ပြောင်းရွှေ့နေထိုင်တယ် ဆိုတာ ခံစားမှုတွေ လေးနက်လာတဲ့သဘော၊ တဘဝတာ လက်တွဲဖို့ တမိုးအောက် အတူနေကြည့်ကြတာပါ။ ဒီလိုနေသည့်တိုင်အောင် လူတွေဟာ လက်ထပ်ပြီးရင် ပိုင်ဆိုင်မှု ရှိသွားပြီဆိုတဲ့အသိနဲ့ ပြောင်းလဲတတ်ကြတာကို သူတို့ဟာ ကောင်းကောင်း နားလည်ထားလို့ ဖြစ်ပါတယ်။

သူတို့ဟာ တိုးတက်တဲ့နိုင်ငံမှာ နေထိုင်နေတာမို့ ကောင်းမွန်တဲ့ ပညာအရည်အချင်းနဲ့ တွေးခေါ်တတ်မှု၊ လူတွေအပေါ်မြင်နေတဲ့ သဘောထားအမြင်နဲ့ ရရှိတဲ့ဝင်ငွေ အဆင့်အတန်း၊ ကျင်လည်နေထိုင်နေတဲ့ လူနေမှုအဆင့်အတန်းတွေက သူတို့ဘဝမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာတွေ အနည်းနဲ့အများ ထည့်သွင်းပေးပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒီလူက ကိုယ့်ကို ထားခဲ့လို့ ခံစားရခဏပေါ့၊ (Move on) ဆိုတဲ့စိတ်တွေနဲ့ မနက်ဖန်တွေကို ကျင်လည်နေကျအတိုင်း ကျင်လည်ဖြတ်သန်းဖို့ ခပ်မြန်မြန်ပဲ ဆုံးဖြတ်နိုင်ကြတယ်။

ဆိုလိုတာက အချစ်ကြောင့် ကိုယ့်ဘဝအချိန်တွေ၊ အလုပ်အကိုင်အခွင့်အရေးတွေ၊ ခံစားမှုတွေ၊ နောက်ဆုံး ရရှိနေပြီးသား ကိုယ့်ဘဝအခြေအနေ အပျက်ခံတာမျိုးဟာ သူတို့ရဲ့ တကယ့်လူနေမှုဝန်းကျင်မှာ ရှားပါးလှပါတယ်။ ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲမှာလောက်ပဲ ဖတ်ကောင်းတဲ့ အရာလောက် ခံစားကြတာဖြစ်ပါတယ်။ အနည်းနဲ့အများတော့ ခံစားရတာပေါ့။ တဘဝစာတော့ မခံစားဘူးဆိုတဲ့ စိတ်ဓါတ်တွေက သူတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တွေ၊ မာနတွေကနေ ဖြစ်တည်နေတာပါ။

မြန်မာနိုင်ငံက ရုပ်ရှင်တွေထဲမှာ၊ ဝတ္ထုတွေထဲမှာ၊ တကယ့်လူနေမှု ဘဝတွေထဲမှာ အများစုက သဝန်တိုမှ အချစ်စစ်လို့ ထင်မြင်နေတာ ဆိုးတယ်။ ဒီလိုယုံကြည်နေတဲ့အတွက် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကန့်သတ်မှုတွေ၊ စည်းမျဉ်းတွေဟာ တရစ်ထက်တရစ် တိုးပတ်နှောင်ပြီး နောက်ဆုံးမှာ မလူးသာ မလွန့်သာနဲ့ ဘဝအဓိပ္ပါယ်ဆိုတာကို ချစ်အဓိပ္ပါယ်နဲ့ ပြန်ညှိ အဖြေရှာနေကြရတယ်။

အချစ်ဆိုတာ ဘဝတခုလုံးမဟုတ်သလို ဘဝရဲ့ အစိတ်အပိုင်းတခုအဖြစ် ခံစားရမယ်ဆိုတာကို နားမလည်နိုင်တော့ဘူး။ ဘဝဆိုတာမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး စသဖြင့် ဟန်ချက်ညီညီရှိနေမှ နေပျော်စရာ ဘဝကို ပိုင်ဆိုင်မှာပါ။ ဘဝ=အချစ်လို့ ဘဝကို အချစ်တစ်ခုတည်းနဲ့ သတ်မှတ်လိုက်ရင် ဘဝဟာ တဘက်စောင်းနင်းဝဖြစ်သွားပါပြီ။ ဒီလိုတဘက်စောင်းနင်း တွေးခေါ် လုပ်ကိုင်နေရင် အမှားတွေ လုပ်ကိုင်လာနိုင်တာပေါ့။

ကျွန်မရဲ့ ရည်းစားဦးအကြောင်းကို ကြုံတုန်း ဖောက်သည်ချရမယ်။ သူနဲ့ ဥပမာခိုင်းနှိုင်းရမှာမို့ သူ့အကြောင်း ဖောက်သည်ချရတာပါ။ တခြား ဘာရည်ရွယ်ချက်မှတော့ မရှိပါဘူး။ သူလည်းရည်းစားဦး၊ ကိုယ်လည်း ရည်းစားဦးဆိုတော့ တသည်းသည်း၊ တကဲကဲ ဘယ်သူ သဘောတူတူ၊ မတူတူ နှစ်ကိုယ်တူဘဝ တည်ဆောက်ကြမယ်ဆိုတဲ့ ကတိတွေနဲ့ တကယ်ချစ်ခဲ့ကြတာပါ။ ကျွန်မက ပျော်ပျော်နေသမား၊ အပေါင်းအသင်း အထိုက်အလျောက်ရှိတယ်။ သူလည်း အပေါင်းအသင်း များသူတယောက်ပဲ။ ကျွန်မအပေါင်းအသင်း သူငယ်ချင်းမှန်သမျှကို သူက အဆက်အသွယ် ဖြတ်ခိုင်းခဲ့တယ်။ အကြောင်းပြချက်က သဝန်တိုလို့ပါ။ သူ့ကျတော့ရော မိန်းကလေးသူငယ်ချင်းတွေနဲ့ အဆက်ဖြတ်မှာလားဆိုတော့ သူ့ကိုတော့ ကျွန်မက စိတ်ချရမယ်တဲ့။ ကျွန်မကိုတော့ သူ စိတ်မချလို့ သူငယ်ချင်းတွေနဲ့ အဆက်ဖြတ်ပါလို့ တောင်းဆိုခဲ့ဖူးတယ်။

မတရားမှန်းသိပေမယ့် သူ့ဆန္ဒအတိုင်း လိုက်လျောချင်စိတ်ကြောင့် ယောကျာ်းလေး သူငယ်ချင်းတွေကို သူ့ဆန္ဒအတိုင်း အဆက်အဆံဖြတ်ဖို့ သဘောတူခဲ့တဲ့ ကျွန်မဟာ ကျွန်မရဲ့ မိန်းကလေး သူငယ်ချင်းတွေကိုတော့ အဆက်အဆံ မဖြတ်လိုခဲ့ဘူး။ သူ့အကြောင်းပြချက်က သူတို့မှာ အစ်ကိုတွေ၊ မောင်တွေရှိပြီး သူတို့နဲ့ ပတ်သက်ဆက်ဆံနေသမျှ ဒီလူတွေနဲ့ တွေ့မြင်ခေါ်ပြောတာ သူ မလိုလားဘူး။ ဘာလိုလို သူ့ပဲပြော၊ ဘယ်သွားသွား သူ့ပဲခေါ်ဆိုတဲ့ ပိတ်ပင်မှုကို သဘောတူခဲ့တဲ့နောက်မှာ ကျွန်မဟာ အတော့်ကို အထီးကျန် ခံစားခဲ့ရတယ်။ ဒါပေမယ့် ချစ်စိတ်ကြောင့် သူ့လိုက်လျောပြီး သူ့သဘောကျ နေထိုင်ခဲ့တယ်။ ဒါတင်မက ကျွန်မရဲ့ အီးမေးလ်၊ ဒိုင်ယာရီ၊ ဖုန်း စသဖြင့် ကျွန်မနဲ့ပတ်သက်သမျှ စစ်ဟယ်၊ ဆေးဟယ်နဲ့ အလွန်သဝန်တိုခဲ့တာ။ ဘာရယ်မဟုတ် မျက်စိ တခြားဘက်ရောက်သွားလို့ အဲဒီဘက်မှာ အမျိုးသားတဦးဦး ရှိနေရင် ကျွန်မနဲ့သူ စကားများပြီပေါ့။

သူ့စိတ်အလို၊ သူ့သြဇာ၊ သူ့ကန့်သတ်ချက်တွေ အောက်မှာဘဲ နေထိုင်လှုပ်ရှားရတော့ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်၊ သူ ဘာအပြစ်ပြောဦးမလဲ စိုးရိမ်စိတ်၊ အဲဒီကနေ မလုပ်ရဲ မကိုင်ရဲစိတ်တွေနဲ့ နောက်ဆုံးမှာ ရှိရင်းစွဲ အစွမ်းအစတွေပါ ငုပ်သွားပြီး သူခိုင်းတာပဲ လိုက်လုပ်တော့ ကျွန်မဟာ သူ့အတွက် အသုံးမကျတဲ့သူတစ်ယောက်၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိတဲ့သူတယောက်၊ သူကသာ ကျွန်မကို ဦးဆောင်ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုး သူ့မှာ ဝင်လာပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း သူနဲ့ အတိုက်အခံ မပြောလိုစိတ်နဲ့ သူပြောသမျှ သဘောတူ လက်ခံနေတော့ ကျွန်မရဲ့ ကိုယ်ပိုင်အရည်အချင်းတွေ ပျောက်မှန်းမသိ ပျောက်လာပြီး သူရှေ့ရောက်ရင် ဘာမှမသိ၊ မတတ်တဲ့ တုံးနန တစ်ယောက် ဖြစ်လာပါတယ်။ တကယ်ဆိုရင် ဒီလိုမဖြစ်သင့်ဘူး။

ချစ်တော့ချစ်ပါ ကိုယ့်အစွမ်းအစတွေ တုံးအပြီး အထီးကျန်ဖြစ်သွားတဲ့အထိ သူ့အလိုကို မလိုက်လျောသင့်ဘူး။ သူ့စိတ်တိုင်းကျ ထားရာနေ၊ စေရာသွားဖြစ်သွားရင် သူ့အတ္တကို ကိုယ်က အရောင် သွေးပေးလိုက်တာပါ။ ဆိုလိုတာက သူ့ကို အတ္တကြီးသထက်ကြီးပါ ကျွန်မကို မငဲ့ညှာပါနဲ့လို့  ကိုယ်တိုင်က သဘောတူလိုက်တာပါ။

ဒီ့နောက်ပိုင်းမှာ ကိုယ်ပြောတဲ့စကားတွေကို လူရာသွင်းပြီး နားထောင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ကိုယ့်ခံစားမှုတွေကို ကိုယ်ချင်းစာ နားလည်ပေးလာလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ့်အပေါ်ကို အထင်ကြီး လေးစားနေလိမ့်မယ်လို့ အိမ်မက် မက်မနေပါနဲ့။ ဒါတွေအကုန်လုံးကို ကိုယ့်အချစ်တွေနဲ့ စတေးခဲ့ပြီးပြီ။ ကိုယ့်အပေါ် ခံစားမှုတွေ ငြီးငွေ့လာအောင် ကိုယ်က ပေးဆပ်ခဲ့တာပါ။ မဖြစ်သင့်ဘူးနော်။

ကျွန်မတို့ခေတ်ကပဲ ဒီလို ရှိသလားထင်နေတာ။ အခုခေတ်ထဲက ကလေးမလေးတွေလည်း ဒီ့ထက်မဆိုးတောင် ဒီ့လောက်မလျော့တဲ့ ချုပ်ခြယ်မှုမျိုး၊ သဝန်တိုမှုမျိုးတွေ ခံစားနေရဆဲ့လို့ သိရတယ်။ တချို့ကျတော့ ဒီလိုသဝန်တိုလွန်းသူတွေကို လက်တွဲဖြုတ်ပြီး နောက်တယောက် ပြောင်းတွဲကြည့်တယ်။ စိတ်တိုင်းမကျလိုက် တွဲလိုက်ကွဲလိုက်နဲ့ ရည်းစားများသူ ဖြစ်လာတယ်။ တချို့ကျတော့ သူ့ချစ်သူအလိုကျ လိုက်လျောရင်း တုံးအလာတဲ့ အရည်အချင်းတွေကြောင့် နောက်ပိုင်းမှာ လက်တွဲဖော်က ချောင်ထိုး ပစ်ပယ်တာမျိုးတွေ ခံစားလာရတာတွေ မြင်နေရဆဲ၊ ကြားနေရဆဲပဲ။ ချစ်တော့ချစ်ပါ။ ကိုယ့်အရည်အချင်းနဲ့ အစွမ်းအစတွေ တုံး အ သွားတဲ့အထိတော့ မချစ်သင့်ဘူး။ သူ့ဆန္ဒမှန်သမျှ ကြောင်းကျိုးမလျော် ချစ်စိတ်တခုတည်းကြည့် မလိုက်လျောသင့်ဘူး။

အချစ်ဖိစီးပြီး ဒီစိတ်တခုတည်းနဲ့ ရှင်သန်နေလေ လူ့ဘဝထဲမှာ အရည်အချင်းတွေ နောက်ကောက်ကျ ကျန်ခဲ့ဖို့ သေချာနေလေပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေပြီး တကယ်သစ္စာရှိတယ်ဆိုတာကို လက်တွေ့ပြနိုင်သူကိုမှ အမျိုးသားတွေက တန်ဖိုးထားတာ။ သူတို့တားမြစ်တိုင်း၊ စွပ်စွဲတိုင်း လိုက်လျောပြီးရင်း လိုက်လျောနေမယ်ဆို ကိုယ်ဟာ သူတို့ သဝန်တိုရလောက်အောင် အနေအထိုင်မတတ်ဘူး၊ စိတ်ချစရာမရှိဘူးလို့ သူတို့က တကယ်ဘဲ ယုံကြည်လာပါတယ်။

ဒီကနေ တဆင့်ပြီးတဆင့် တိုးချုပ်ခြယ်၊ တိုးရစ်၊ တိုးကျပ်တဲ့ စည်းကမ်းတွေအလယ် ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းပြီး ကိုယ့်စိတ်နဲ့ အသက်မရှင် သူ့စိတ်နဲ့ အသက်ရှင်လာရရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်လာမယ်။ အရည်အချင်းတွေ တုံး အ လာမယ်။ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အလိုမကျစိတ်တွေနဲ့ အထီးကျန်စိတ်တွေ တိုးလာပြီး ပျော်ရွှင်မှုမရှိတဲ့ သူတယောက်လို ဖြစ်နေမယ်၊ တခြားအမျိုးသမီးတွေရဲ့ ဘဝကို အားကျ ငေးမောနေရပြီး ကိုယ့်ဘဝ အခြေအနေနဲ့ ကိုယ့်အချစ်ရေး၊ အိမ်ထောင်ရေးအပေါ် အားငယ်စိတ်တွေ ဝင်နေမယ်ဆိုရင် ကိုယ်ဟာ သူ့ဆန္ဒတွေ လိုက်လျောရင်း တုံး အ သွားခဲ့သူပါ။

Credit: ရတု (Burmesehearts.com)

No comments:

Post a Comment