Thursday, January 28, 2016

"Facebook ရဲ့ ဆောင်ရန် ရှောင်ရန်"



Lutaw Lupyaw

"Facebook ရဲ့ ဆောင်ရန် ရှောင်ရန်"

Facebook ဆိုတာ ဒီနေ့ဒီခေတ် လူတိုင်းနီးပါးရဲ့ နေ့စဉ်ဘ၀မှာ ပါဝင် ပတ်သက်နေတယ်ဆိုတာကို ငြင်းလို့မရပါဘူး။ နောက်တစ်မျိုးပြောရမယ်ဆိုရင်တော့ facebook ဆိုတာ ကျွန်တော်တို့ရဲ့ ကိုယ်ပွားတစ်ခုဆိုလည်း မမှားပါဘူး။ ကျွန်တော်တို့ နေ့စဉ် ဖြတ်သန်းနေရတဲ့ ဘ၀ထဲက ပျော်ရွှင်မှုတွေ၊ ၀မ်းသာမှုတွေနဲ့ တခြားခံစားချက်တွေ အားလုံးကို ရင်ဖွင့်နိုင်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် facebook ကို အသုံးပြုတဲ့အခါမှာ အမှတ်မထင် လုပ်မိကြတဲ့ အမှားလေးတွေ ကိုယ်စီကိုယ်စီမှာ ရှိကြပါတယ်။ ဒီလိုအမှားလေးတွေဟာ တစ်ဖက်သားက ကိုယ့်အပေါ် အထင်သေးသွားနိုင်သလို ကိုယ့်ကို အခွင့်ကောင်းယူနိုင်မယ့် နိုင်ကွက်တွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် facebook သုံးတဲ့အခါမှာ လုံလုံခြုံခြုံနဲ့ professional ကျကျ သုံးပြီး ကိုယ့်ရဲ့ကိုယ်ပွားလေးကို လူမြင်ကောင်းစေဖို့ ဆောင်ရန် ရှောင်ရန်လေးများ ပြောပြချင်ပါတယ်။

ဆောင်ရန်

Facebook အသုံးပြုတဲ့အခါမှာ အကောင်းဆုံးကတော့ ကိုယ့်ရဲ့ profile picture နဲ့ နာမည်ကို အမှန်သုံးပါ။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ကိုယ့်ကို facebook ပေါ်မှာ ရှာချင်တဲ့အခါ လွယ်လွယ်ကူကူ ရှာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒီလိုပဲ ကိုယ်တက်ခဲ့တဲ့ ကျောင်းဖြစ်ဖြစ် တက္ကသိုလ်ဖြစ်ဖြစ် တစ်ခုခုကို ထည့်ထားခြင်းအားဖြင့် ကိုယ်နဲ့ အဆက်အသွယ်ပြတ်နေတဲ့ ကိုယ့်ငယ်သူငယ်ချင်းတွေ ပြန်ဆုံဆည်းနိုင်ဖို့လည်း အခွင့်အရေး ရှိပါတယ်။

ကိုယ့်နဲ့ သူငယ်ချင်းဖြစ်ဖို့ friend request ပို့ထားတဲ့ သူတွေရှိရင် သူတို့ရဲ့ profile တွေကို သေသေချာချာ သွားကြည့်သင့်ပါတယ်။ facebook ပေါ်မှာ account အတုတွေ အများကြီး ရှိတဲ့အတွက် သေချာ စိစစ်ပြီးမှ လက်ခံသင့်ပါတယ်။

Facebook မှာ ဓာတ်ပုံတင်တဲ့အခါ အထူး သတိထားသင့်တာကတော့ Privacy setting ပါပဲ။ ကိုယ်တင်တဲ့ ဓာတ်ပုံတွေမှာ လူတိုင်းနဲ့ ဝေမျှချင်တဲ့ ဓာတ်ပုံတွေရှိသလို ကိုယ်တိုင် မဝေမျှပဲ သိမ်းထားချင်တဲ့ ဓာတ်ပုံတွေ ရှိပါတယ်။ အကောင်းဆုံးကတော့ ဓာတ်ပုံတွေကို ကိုယ်နဲ့ သူငယ်ချင်းဖြစ်တဲ့ သူတွေပဲ ကြည့်နိုင်အောင် ထားတာ အကောင်းဆုံးပါပဲ။

နောက်တစ်ခုအနေနဲ့ facebook မှာ ကိုယ့်ရဲ့ သူငယ်ချင်း၊ အလုပ်က မိတ်ဆွေတွေ၊ မိဘဆွေမျိုးနဲ့ မောင်နှမတွေ စသဖြင့် အဖွဲ့လေးတွေ ခွဲပြီး ထားခြင်းဟာ အသုံးပြုတဲ့ သူတွေအတွက် ပိုကောင်းပါတယ်။ အဖွဲ့တစ်ဖွဲ့စီနဲ့ ကိုယ်နဲ့ ဆက်ဆံတဲ့ပုံစုံတွေက မတူတဲ့အတွက်ကြောင့် သီးခြားစီ ထားရှိ ထားသင့်ပါတယ်။

Facebook သုံးတဲ့အခါ အရေးကြီးဆုံး အချက်ကတော့ ကိုယ့်ကို အွန်လိုင်းပေါ်မှ စော်ကားလာတဲ့ သူပဲ ဖြစ်ဖြစ် ခြိမ်းခြောက်လာတဲ့ သူပဲ ဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင်တော့ အဲဒီသူကို ချက်ချင်း block လုပ်တာပဲဖြစ်ဖြစ် report လုပ်တာပဲ ဖြစ်ဖြစ် လုပ်လိုက်ပါ။ ဒီလို လူတွေအတွက် ကိုယ့်ရဲ့အချိန် ဖြုန်းရတာ မတန်ပါဘူး။

ရှောင်ရန်

Facebook သုံးတဲ့အခါမှာ ကိုယ့်ရဲ့ အလုပ်ကိစ္စ၊ ကိုယ်ဘယ်သွားမယ် ဘယ်အချိန်သွားမယ် ဆိုတာကို အတိအကျ မတင်ပါနဲ့။ ကိုယ့်အပေါ် အခွင့်ကောင်း ယူချင်တဲ့သူတွေရှိရင် အချိန်မရွေး ကိုယ့်အတွက် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

ကိုယ့်ရဲ့ ခံစားချက်တွေ ပေါက်ကွဲထွက်တဲ့ အရာတွေကို အကောင်းဆုံးကတော့ facebook ပေါ်မှာ တက်မရေးပါနဲ့။ အထူးသဖြင့် ဘယ်လောက် ဒေါသထွက်ထွက် facebook ပေါ်မှာ တက်ပြီး ဆဲဆိုတာကို မလုပ်ပါနဲ့။ လူတိုင်း ဒေါသထွက်တတ်တာ မှန်ပေမယ့် ဒီလို တက်ရေးလိုက်ခြင်းအားဖြင့် ကိုယ့်အပေါ် အထင်သေးသွားနိုင်တယ် ဆိုတာကို မမေ့ပါနဲ့။ facebook ပေါ်တက်ပြီး ရန်ဖြစ်တယ်ဆိုတာလည်း ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်ပြီး လူရယ်စရာ ဖြစ်နိုင်ပါတယ်။

လူတစ်ဖက်သားကို အရှက်ကွဲစေဖို့ ရည်ရွယ်ပြီး တိုက်ခိုက်ဖို့ အတွက် facebook ကို လက်နက်တစ်ခုအဖြစ် ဘယ်တော့မှ အသုံးမပြုပါနဲ့။ တစ်ဖက်လူက မကျေနပ်လို့ တရားစွဲမယ်ဆိုရင် ဥပဒေအရ အရေးယူ ခံရနိုင်ပါတယ်။

ကိုယ်နဲ့မသိတဲ့ သူတွေ friend request ပို့လာခဲ့ရင်တော့ လက်မခံတာ အကောင်းဆုံးပါပဲ။ လက်ခံချင်တယ်ဆိုရင်တော့ သူတို့ရဲ့ profile ကို သေသေချာချာ သွားကြည့်ပြီးမှ လက်ခံသင့်ပါတယ်။

အထူးသဖြင့် facebook သုံးတဲ့အခါမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဝေဖန်တာပဲဖြစ်ဖြစ် နိုင်ငံရေး ခေါင်းဆောင်တွေကို တိုက်ခိုက် အသရေဖျက်တဲ့ အပြုအမူပဲဖြစ်ဖြစ် မလုပ်မိအောင် ရှောင်ပါ။ အီလက်ထရောနစ် ဥပဒေတွေ ပေါ်လာတဲ့အတွက်ကြောင့် ကိုယ်က အမှတ်မထင် ပြောလိုက်တဲ့ အရာတစ်ခုဟာ ကိုယ့်ဘ၀ကို ဒုက္ခရောက်စေမယ့် အရာ ဖြစ်သွားနိုင်တာကြောင့် သတိထားသင့်ပါတယ်။

facebook ဆိုတာ သုံးရတာ ပျော်စရာကောင်းပြီး ကိုယ့်ရဲ့ ဝေးကွာနေတဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ် ရှိစေတဲ့ လူမှုကွန်ရက် ၀က်ဘ်ဆိုဒ်တစ်ခု ဖြစ်သလို အသစ်အသစ်တွေကို ရှာဖွေ လေ့လာနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုပျော်စရာကောင်းတဲ့ အရာတစ်ခုကို ကိုယ့်ရဲ့ နေ့စဉ်ဘ၀မှာ အသုံးပြုတဲ့အခါ အခြားသူတွေအတွက် အကျိုးရှိအောင် သုံးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီစာလေးကိုဖတ်ပြီး အားလုံးပဲ facebook ကို လုံလုံခြုံခြုံနဲ့ အကျိုးရှိရှိ အသုံးပြုနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Photography by: Google

Credit: Yangon Life


No comments:

Post a Comment