Lutaw Lupyaw
"အောင်မြင်မှုကို ဖျက်ဆီးနိုင်သော အဆိပ်သင့်နေတဲ့ အလေ့အကျင့်ဆိုးများ"
အောင်မြင်မှုဆိုတာ ကျွန်မတို့ရဲ့ အတွေးအခေါ်၊ ယုံကြည်မှုနဲ့ အပြုအမူတွေအပေါ်မှာ ရာနှုန်းပြည့်နီးပါး မှီခိုနေပါတယ်။ အမှန်တကယ် အောင်မြင်ချင်ရင်တော့ အောင်မြင်အောင် ကြိုးပမ်းရမယ့် အဓိက ဇာတ်ဆောင် ဦးနှောက်အတွင်းမှာ အလေ့အကျင့်ကောင်းတွေ ရှိဖို့နဲ့ ရှင်းလင်းနေဖို့ လိုပါတယ်။ အောက့်ါ်ပါ အချက်တွေကတော့ သင့်ကို အောင်မြင်မှုနဲ့ ဝေးကွာစေမယ့် အဆိပ်သင့် အကျင့်ဆိုးများပဲ ဖြစ်ပါတယ်။
၁။ အတိတ်မှာပဲ နေထိုင်ခြင်း
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို အတိတ်ကို ပြန်တမ်းတရင်းနဲ့ပဲ အချိန်ကုန်ဆုံးနေတာမျိုး မဖြစ်စေသင့်ပါဘူး။ အောင်မြင်ဖို့ဆိုရင် အတိတ်မှာ နစ်မျောနေရမှာ မဟုတ်ဘဲ အတိတ်ကို သင်ခန်းစာ ယူရမှာ ဖြစ်ပါတယ်။ အတွေ့အကြုံတွေကို မှတ်သားပြီး နောင်တစ်ချိန်မှာ အသုံးချရမှာပါ။ သေချာ မှတ်သားထားရမှာက အတိတ်ကို ပြုပြင်လို့ မရနိုင်ပေမဲ့ အနာဂတ်ကို ဖန်တီးနိုင်တယ် ဆိုတာပါပဲ။
၂။ စိန်ခေါ်မှုတွေကို ကြောက်ရွံ့ခြင်း
စိန်ခေါ်မှုဆိုတာ ကိုယ့်ရဲ့အရည်အချင်းကို ထက်မြက်လာအောင် သွေးပေးတဲ့ ဓားတစ်လက်ပါ။ မသွေးတဲ့ ဓားက တုံးလာတတ်သလို စိန်ခေါ်မှုတွေကို ကြောက်ရွံ့နေရင်လည်း အသုံးဝင်တဲ့ လူတစ်ယောက် ဖြစ်မလာနို်င်ပါဘူး။
၃။ မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်း
ကိုယ့်ရဲ့ အရည်အသွေးကို ကိုယ်ကိုတိုင် မေးခွန်းထုတ်ပြီး မ၀ံ့မရဲ ဖြစ်နေမယ်ဆိုရင် ဘာမှ ရှေ့ဆက်လုပ်လို့ မရနိုင်တော့ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ အရည်အသွေးကို ကိုယ်ကိုတိုင် သိရှိလာနိုင်အောင် အကန့်အသတ်တွေကို ကျော်လွှားပါ။ ပြီးရင် မိမိ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တာတွေအတွက် ကိုယ့်ဘာသာကိုယ် ဂုဏ်ပြုပွဲလုပ်ပါ။ လူတစ်ယောက်က မိမိဘာသာ ယုံကြည်မှုရှိမှ တခြားသူတွေကလည်း မိမိကို ယုံကြည်လာမှာပါ။
၎။ သူတစ်ပါးရဲ့ အမြင်တွေကို ပူပင်နေခြင်း
ဘ၀မှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ မကောင်းမြင်တတ်သူတွေ ရှိတတ်စမြဲပါ။ သူများ မကောင်းမြင်မှာကို တွေးပူနေရင် ကိုယ်လုပ်နိုင်မယ့် အလုပ်တွေမှာ အကန့်အသတ်တွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် သူများအမြင်ကို အာရုံစိုက်နေမယ့်အစား ကိုယ့်စိတ်ထဲက အသံကို နားထောင်ကြည့်လိုက်ပါ။
၅။ သူများတွေနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်ခြင်း
ကိုယ့်ကိုယ်ကို သူများနဲ့နှိုင်းယှဉ်ပြီး စိတ်ဓာတ် ကျနေမယ်ဆိုရင် ရှုံးမယ့် တိုက်ပွဲတစ်ပွဲထဲ ရောက်နေသလို ဖြစ်နေပါလိမ့်မယ်။ လူတစ်ယောက် လျှောက်ရမယ့်လမ်းဟာ အခြားတစ်ယောက်နဲ့ ဘယ်လိုမှ မတူနိုင်ပါဘူး။ သူတစ်ပါးခြေရာအတိုင်း လိုက်လျှောက်နေရင် ကိုယ့်ရဲ့ အဖိုးတန်တဲ့ စွမ်းအင်တွေကို အလဟဿ ဖြစ်သွားစေမှာပါ။ ဒါကြောင့် သူတစ်ပါးနဲ့ နှိုင်းယှဉ်မနေပါနဲ့။
၆။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လွန်းခြင်း
အမှားလုပ်မိတတ်တာ လူ့သဘာဝပါ။ လူတိုင်း အမှားနဲ့ မကင်းပါဘူး။ အမှားတစ်ခု လုပ်မိတဲ့အခါမှာ မိမိကိုယ်ကို အပြစ်တင်မနေဘဲ အဲဒီ့အမှားကနေ သင်ခန်းစာယူလိုက်ပါ။ ဒါက အောင်မြင်မှုရဲ့ လမ်းစပေါ်ကို ရောက်စေမှာ ဖြစ်ပါတယ်။
၇။ ပြောင်းလဲမှုကို လက်မခံနိုင်ခြင်း
အရာအားလုံးက အစဉ်အမြဲ ပြောင်းလဲနေတာပါ။ ပြောင်းလဲမှုကို ငြင်းဆန်နေမယ်ဆိုရင် ဟောင်းနွမ်းနေတဲ့ အတွေးအခေါ်တွေက အခွင့်အရေးတွေနဲ့ လွဲချော်သွားစေနိုင်ပါတယ်။ အပြောင်းအလဲကို လက်ခံနိုင်ပြီး လိုက်လျောညီထွေ ပြုမူနိုင်မယ်ဆိုရင် အခွင့်အရေးတွေက ကိုယ့်ရဲ့ လက်တစ်ကမ်းအလိုမှာ ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သေးငယ်တဲ့ ခြေလှမ်းလေးတွေကစပြီး ပြောင်းလဲကြည့်လိုက်ပါ။
ကျွန်မတို့အားလုံး အဆိပ်နဲ့တူတဲ့ ဒီ အကျင့်တွေကို သတိပြုမိပြီး ရှောင်ရှားနိုင်မယ်ဆိုရင် အောင်မြင်မှုရဲ့ လမ်းတစ်ဝက်ကို ရောက်နေမှာ ဖြစ်ပါတယ်။
ခင်သူဇာ
Credit: Trend Myanmar
Friday, January 22, 2016
"အောင်မြင်မှုကို ဖျက်ဆီးနိုင်သော အဆိပ်သင့်နေတဲ့ အလေ့အကျင့်ဆိုးများ"
Labels:
လူမှုဘဝ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment