"ကျွန်မရဲ့အကြောင်း"
ကျွန်မ… …
နာမည်ကြီး အလှကုန်ပစ္စည်းတွေရဲ့ တံဆိပ်တွေကို ဘယ်မှာ ဝယ်လို့ရနိုင်မလဲ ကျွန်မ မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ကို ကျွန်မနှစ်သက်တဲ့ သနပ်ခါးစစ်စစ် ဘယ်မှာရနိုင်မလဲကိုသာ စုံစမ်းနေမိလို့ပါ။
အရက်၊ ဝိုင်နဲ့ ဘီယာတွေရဲ့အရသာ ဘယ်လိုရှိလဲ ခုထိ ကျွန်မ မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မနှစ်ခြိုက်တာက လက်ဖက်ရည်ကြမ်း ခါးခါးလေးရဲ့ အရသာ ဖြစ်နေလို့ပါ။
အဖိုးတန်ပါတယ်ဆိုတဲ့ ရတနာပစ္စည်းတွေရဲ့ ဈေး ဘယ်လောက်ရှိတယ် မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ ခုထိ ကျွန်မ ဝတ်ဆင်ထားနိုင်တာက ဖြူစင်တဲ့ စိတ်ထားလေး ဖြစ်နေလို့ပါ။
ခေတ်ပေါ်သီချင်းတွေရဲ့ ရက်စ် စာသားတွေကို ကျွန်မ မရွတ်တတ်ပါဘူး။ ဘာကြောင်လဲဆိုတော့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ရွတ်ဖတ်ရင်းသာ အချိန် ကုန်စေမိလို့ပါ။ အမုန်းတွေရဲ့ ခါးသက်မှုကို ကျွန်မ မခံစားဖူးပါဘူး။ ဘာကြောင့်လဲဆိုတော့ ယနေ့ထိ ကျွန်မကိုချစ်တဲ့သူတွေရဲ့ အချစ်တွေကိုသာ ခံစားရင်း ပျော်ရွှင်နေခဲ့ရလို့ပါ။
ချစ်သူတွေ ထည်လဲတွဲရင်း စန်းပွင့်စွာ မပျော်တတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မျက်နှာများတဲ့ ကောင်းကင်ထက် နေမင်းကြီးတစ်ခုတည်းကိုသာ မျက်နှာမူရင်း ပွင့်လန်းချင်တဲ့ ပန်းနေကြာလေးဖြစ်ဖို့ ရည်ရွယ်ထားလို့ပါ။
ခေတ်ပေါ် မိန်းမပျိုတွေလို လန်းဇယား နေတတ်ဖို့ထက် သနပ်ခါး ပါးကွက်ကြားလေးကို နှစ်ခြိုက်မိတဲ့ ကျွန်မက ခေတ်နောက်ကျနေပြီလို့ အပြောခံရတာတောင် အမှတ်မရှိဘဲ ခုထိ နှစ်ခြိုက်မိနေတုန်း။
Credit: စိမ်းလဲ့လဲ့ထွေး (လယ်ဝေး)
Lutaw Lpyaw
No comments:
Post a Comment