Lutaw Lupyaw
"မကောင်း မြင်တတ်လွန်းတဲ့ သူငယ်ချင်းကို ဆက်ပြီး ပေါင်းသင်းသင့်ရဲ့လား"
လောကမှာ ကိုယ့်အတွက် ဥပဒ် ဖြစ်စေနိုင်တဲ့ သူငယ်ချင်းတွေ ရှိပါတယ်။ ကိုယ့်အတွက် ကိုယ်ပဲကြည့်တတ်တဲ့သူ၊ ကိုယ့်ဆီက ယူဖို့ပဲသိပြီး ဘာမှ ပြန်မပေးတတ်တဲ့သူနဲ့ ကိုယ်နဲ့ အကြိုက်ချင်း၊ အတွေးအခေါ်ချင်း လုံးဝ မတူတဲ့သူတွေနဲ့ အပေါင်းအသင်း လုပ်မိပြီဆိုရင် ကိုယ့်ဘ၀ထဲက ထုတ်ပစ်ဖို့ ၀န်လေးမနေပါနဲ့။ မကောင်းတဲ့ မိတ်ဆွေတစ်ယောက်က ကိုယ့်ဘ၀ကိုတောင် ပျက်စီးစေပြီး အန္တရာယ် ဖြစ်စေတတ်ပါတယ်။
သူငယ်ချင်းတွေထဲကမှ အဆိုးဆုံး အမျိုးအစားက မကောင်းမြင်လွန်းတဲ့သူပဲ ဖြစ်ပါတယ်။ သူ့ရဲ့အဆိုးမြင်စိတ်၊ ခါးသီးမှုနဲ့ မကောင်းတဲ့ စိတ်ထားက ကိုယ့်ရဲ့ ရွှင်လန်းနေတဲ့ စိတ်ထားကို သက်ရောက်စေတတ်ပါတယ်။ မကောင်းမြင်လွန်းတဲ့ သူငယ်ချင်းမှန်း သိနိုင်တဲ့ အချက်တွေကတော့-
၁။ ကိုယ့်ကို ခံနိုင်ရည်ရှိဖို့ လိုအပ်တယ်လို့ ပြောတတ်တာ
သူတို့က သူတို့အပေါ် အပြုသဘောနဲ့ ဝေဖန်ရင်တောင် မကြိုက်တတ်ကြပေမဲ့ ကိုယ့်ကိုကျရင် နာကျင်စေမဲ့ စကားလုံးတွေသုံးပြီး ဝေဖန်တဲ့အခါ ကိုယ်က စိတ်မကောင်းဖြစ်မိရင် ဒီလို ဝေဖန်ခံနိုင်ဖို့ ကိုယ်က ခံနိုင်ရည်ရှိဖို့ လိုတယ်လို့ ပြောတတ်ကြတယ်။
၂။ အမြဲ ဝေဖန်တတ်တာ
သူငယ်ချင်းကောင်းတစ်ယောက်က ကိုယ့်ရဲ့ကောင်းခြင်းရော ဆိုးခြင်းတွေကိုပါ လက်ခံပေးနိုင်ပေမဲ့ သူတို့ကတော့ ကိုယ့်ရဲ့ ချို့ယွင်းချက်တွေကိုပဲ မြင်ပြီး တချိန်လုံး အပြစ်ပြောနေတတ်ပါတယ် ။
၃။ ဖိအား အများကြီးပေးတတ်တာ
သူတို့ဟာ သူတို့အရည်အချင်းနဲ့ ပတ်သက်ရင် ယုံကြည်မှု မရှိကြဘဲ ကိုယ့်ကို သူတို့ရဲ့ အစားဝင်ပေးသူ တစ်ယောက်လို သဘောထားပြီး တွန်းအားတွေ အများကြီး ပေးလေ့ရှိတယ်။
၎။ ကိုယ့်အကြောင်း အားလုံး သိချင်တာ
မိတ်ဆွေစစ်ဆိုတာ ကိုယ်ပေးသလောက် သူကလည်း ပြန်ပေးတတ်ပေမဲ့ သူတို့ကတော့ ကိုယ့်လျှို့ဝှက်ချက်ကအစ အားလုံးသိချင်ပြီး သူတို့ အကြောင်းတော့ ဘာမှ အသိမပေးတတ်ပါဘူး ။
၅။ မကောင်းတာကို မြှောက်ပင့်ပေးတတ်တာ
ကိုယ့်အပေါ်ကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ်နဲ့မလိုက်ဖက်တဲ့ အရာတွေကို တိုက်တွန်းအားပေးတာ ။ "နင်ဝတ်ထားတဲ့ ၀တ်စုံက အရမ်းလိုက်တယ် ငါတောင် အဲဒီလို မ၀တ်ရဲဘူး ဆက်ဝတ်ထားစမ်းပါ" လို့ မသင့်တော်မှန်း သိသိကြီးနဲ့ ချောက်ထဲ တွန်းပို့သလို လုပ်လေ့ရှိတာ။
၆။ ကိုယ့်နောက်ကွယ်မှာ ကိုယ့်မကောင်းကြောင်း ပြောတာ
ကိုယ့်အမှားတွေ၊ အဆင်မပြေမှုတွေကို ထုတ်ဖော်ပြီး အတင်းအဖျင်းတွေ အမြဲပြောတတ်တယ်။
၇။ မနာလိုဖြစ်တာ
မကောင်းမြင်စိတ်ရှိသူဟာ ဘယ်တော့မှ ကြည်လင်ရွှင်လန်းစွာ မနေတတ်ပါဘူး။ ဒါကြောင့် သူများ ပျော်ရွှင် ကြည်နူးနေရင်လည်း မနှစ်မြို့ပါဘူး။ ကိုယ့်ကိုလည်း ထောက်ခံအားပေးတာမျိုး မရှိတတ်ပါဘူး။ ကိုယ်မျှော်မှန်းထားတဲ့ အလုပ် ဒါမှမဟုတ် ကိုယ့်ရည်မှန်းချက် အောင်မြင်တဲ့အခါမျိုးမှာ ကိုယ်နဲ့အတူ ပျော်ရွှင်ပေးလေ့မရှိတတ်တဲ့ သူတွေပါ။
တချို့ ခင်မင်မှုတွေက ကိုယ့်အတွက် မကောင်းပါဘူး။ ဒီလိုသူငယ်ချင်းတွေကို အပေါင်းအသင်း မလုပ်တဲ့အတွက် ကိုယ်က မကောင်းတဲ့လူတစ်ယောက် ဖြစ်သွားမှာ မဟုတ်ဘဲ ကိုယ့်ဘ၀ထဲက အဆိုးတစ်ခုကို ဖယ်ရှားပြီး လွတ်လပ်ပျော်ရွှင်နိုင်မှာ ဖြစ်ပါတယ်။
ခင်သူဇာ
Credit: Trend Myanmar
Thursday, January 21, 2016
"မကောင်း မြင်တတ်လွန်းတဲ့ သူငယ်ချင်းကို ဆက်ပြီး ပေါင်းသင်းသင့်ရဲ့လား"
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment