Tuesday, January 26, 2016

"အချစ်ကြောက်ရောဂါ- ချစ်ရမှာ ကြောက်နေပါသလား"



Lutaw Lupyaw

"အချစ်ကြောက်ရောဂါ- ချစ်ရမှာ ကြောက်နေပါသလား"

အချစ်ဆိုတဲ့အရာကို အယုံအကြည် မရှိပါလို့ လူအတော်များများ ပြောတာ ကြားဖူးပါတယ်။ အချစ်နဲ့ပတ်သက်ရင် မကောင်းတဲ့အမြင်တွေ အများကြီး ရှိတတ်ပါတယ်။ လူတွေ ဘာကြောင့် အချစ်ကို ကြောက်ကြတာပါလဲ ။ အချစ်က တကယ်ပဲ ကြောက်စရာ ကောင်းပါသလား ။ ဒါမှမဟုတ် အချစ် အတွေ့အကြုံတွေကြောင့် လူတွေက အချစ်ကို မလိုလားတော့တာလား။

အချစ်ဆိုတာ ဘာလဲ

အချစ်ဆိုတာ ပေးဆပ်လိုမှုရော ရယူပိုင်ဆိုင်လိုမှုရော နှစ်မျိုးစလုံး ပါဝင်နိုင်ပါတယ်။ အချစ်ဆိုတာ တစ်ဦးတစ်ယောက်အတွက် ခံစားရတဲ့ ခံစားမှု။ အသက်အရွယ်၊ အသားအရောင်၊ ဘာသာ၊ လူမျိုးဆိုတာတွေနဲ့ ခွဲခြားလို့ မရပါဘူး။ တူညီမှုတွေကြောင့် အချစ် ဖြစ်နိုင်သလို မတူညီမှုတွေကြောင့်လည်း အချစ်ဆိုတာ ဖြစ်လာတတ်ပါတယ်။ အချစ်ဆိုတာ ရုပ်ရှင်တွေထဲကလို လိပ်ပြာလေးတွေ ပျံဝဲအောင်၊ လေပြည် လေညှင်းတွေ တိုက်ခတ်လာအောင်၊ ငှက်ကလေးတွေ တေးဆိုလာအောင် မလုပ်နိုင်ပေမဲ့ အချစ်ရှိနေရင် အဲဒီ့အရာအားလုံးရဲ့ လှပမှုက ကိုယ့်အတွက် ဖန်ဆင်းပေးထားတဲ့ အရာတွေလို့ ခံစားရအောင် လုပ်ပေးနိုင်ပါတယ်။ အရာရာကို ပျော်ရွှင်စေနိုင်ပါတယ် ။ ကဲ... အချစ်ဆိုတဲ့ ဒီလောက်လှပတဲ့ အရာတစ်ခုကို လူတွေက ဘာကြောင့် ကြောက်ရွံ့နေကြတာလဲ။

အချစ်က တကယ်ပဲကြောက်ဖို့ကောင်းလား

မဟုတ်ပါဘူး။ အချစ်က ကြောက်စရာကောင်းတာ မဟုတ်ဘဲ အချစ်ကြောင့် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုကို ကြောက်ရွံ့နေကြတာပါ။ ဒင်္ဂါးတစ်ခုရဲ့ မျက်နှာပြင်နှစ်ဖက်လိုပဲ ကောင်းခြင်းတိုင်းမှာ ဆိုးခြင်းကလည်း ကပ်ပါလာတတ်ပါတယ်။ အစမှာတော့ ဒင်္ဂါးရဲ့တစ်ဖက်ကိုပဲ မြင်ရသလို အရမ်းကို ပျော်ရွှင်ရပြီး အိပ်မက်ဆန်တဲ့ ဘဝမျိုး ကြုံလိုက်ရတဲ့အတွက် လက်တွေ့ကျတဲ့ ဘဝကို မေ့သွားပါတယ်။ ဒင်္ဂါးပြားက တဖြည်းဖြည်း လည်လာပြီး နောက်တစ်ဖက်ကို ရောက်တဲ့အချိန်မှာ အိပ်မက်ကမ္ဘာက အစိတ်စိတ်အမွှာမွှာ ပြိုလဲပြီး ဘယ်လိုမှ မထိန်းချုပ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ လက်တွေ့ဘဝမှာ ဒီပြောင်းလဲမှုက သိပ်မခါးသီးပေမဲ့ လက်တွေ့ဘဝနဲ့ တော်တော်ဝေးတဲ့ အိပ်မက်ကမ္ဘာထဲ ရောက်နေခဲ့တဲ့အတွက် အရမ်းကို ကြီးမားတဲ့ နာကျင်မှု ဖြစ်သွားခဲ့ရတာပါ။ မျှော်လင့်ချက် အရမ်းထားခဲ့တဲ့အတွက် ပိုပြီး ခါးသီးတဲ့ နာကျင်မှု ဖြစ်ခဲ့တာပါ ။ဒီလိုအခြေအနေ ကြုံလိုက်ရတဲ့အတွက် အချစ်ကို စိတ်မဝင်စားတော့ဘဲ အချစ်ကို မုန်းတီးပြီး အချစ်ကျိန်စာမိတယ်လို့ ခံစားခဲ့ရမှာပါ။ ဒီအချစ်ဆိုတဲ့ အရာက ခါးသီးမှု ပေးခဲ့တယ် ဆိုရင်တောင် တစ်ချိန်တုန်းကတော့ သေချာပေါက် မေ့မရနိုင်တဲ့ ပျော်ရွှင်မှုမျိုး ပေးခဲ့မှာ အသေအချာပါပဲ။

ခါးသီးတဲ့ ခံစားမှုတွေ ဖယ်ထုတ်လိုက်ပါ

စီးဆင်းနေတဲ့ရေဟာ အမြဲ သန့်ရှင်းနေသလိုပဲ ဘာတွေပဲ ဖြစ်ပျက်ခဲ့ပါစေ ရပ်တန့်မနေဘဲ ရှေ့ဆက်သွားပါ။ ဘဝမှာ မကောင်းတာတစ်ခု ကြုံရဖူးတိုင်း အမြဲ ကြုံရမယ်ဆိုတာ မရှိပါဘူး။ ကြိုးစားပြီး ဖြတ်ကျော်ပါ။ ဘဝရဲ့ အလှအပတွေက ရှေ့မှာရှိနေ စောင့်ကြိုနေပါတယ်။ နှလုံးသားတံခါးကို ပိတ်ထားရင် ခါးသီးတဲ့ အတွေ့အကြုံတွေ မဝင်လာနိုင်ဘူးဆိုပေမဲ့ တချိန်တည်းမှာပဲ နှလုံးသား အမှောင်ကျသလို ဖြစ်နေမှာပါ။ အိမ်တံခါးတွေ အလုံပိတ်ထားလို့ လုံခြုံတာက လေကောင်းလေသန့်နဲ့ နွေးထွေးတဲ့ နေရောင်ခြည်ကို ခံစားခွင့် မရှိတဲ့ အကျဉ်းသားတစ်ယောက်ရဲ့ လုံခြုံမှုမျိုးပဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လွတ်လပ်ပျော်ရွှင်မှုကို မခံစားဘဲ အကျဉ်းစံလို နေရတဲ့ ဘဝက ထိုက်တန်ပါရဲ့လား။ စဉ်းစားကြည့်ကြပါ။

အားလုံး အချစ်ဆိုတဲ့ လှပတဲ့အရာကို ကြောက်ရွံ့မနေဘဲ ယုံကြည်မှုတွေနဲ့ ချစ်ခြင်းမေတ္တာကို တည်ဆောက်ပြီး လောက အလှဆင်နိုင်ပါစေ။ ။

ခင်သူဇာ

Credit: Trend Myanmar


No comments:

Post a Comment