Sunday, January 17, 2016

"ကွာရှင်းပြတ်စဲလိုက်ကြတဲ့ စုံတွဲတွေရဲ့ ဆန်းဆန်းပြားပြား ကွာရှင်းရခြင်း အကြောင်းရင်းများ"



Lutaw Lupyaw

"ကွာရှင်းပြတ်စဲလိုက်ကြတဲ့ စုံတွဲတွေရဲ့ ဆန်းဆန်းပြားပြား ကွာရှင်းရခြင်း အကြောင်းရင်းများ"

အမေရိကန်နိုင်ငံတွင်သာမက နိုင်ငံတကာမှာပါ ကွာရှင်းမှုနှုန်း အရေအတွက်က ကြောက်ခမန်းလိလိ တိုးပွားလာနေပါတယ်။ ကွာရှင်းမှုတိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းရင်း တစ်ခုစီ ရှိမြဲဆိုပေမဲ့ အခုပြောပြမယ့် အကြောင်းတွေကတော့ တကယ့်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

၁။ ဂျပန်နိုင်ငံမှာ ယောက်ျားဖြစ်သူက Disney ကထုတ်တဲ့ Frozen ကာတွန်းကို မကြိုက်လို့ မိန်းမဖြစ်သူက ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။ သူမ အဆိုအရ ဒီလိုချစ်စရာ ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အလှအပကို မခံစားတတ်သူက ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပေးနိုင်မှာ မဟုတ်ဘူးထင်လို့ပါတဲ့။

၂။ အီတလီနိုင်ငံမှာတော့ ခင်ပွန်းက ဟန်နီးမွန်းခရီးမှာ မိခင်ဖြစ်သူကို ခေါ်လာတဲ့အတွက် မိန်းမက ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။

၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှာ မိန်းမက အသက်ကို လိမ်ညာပြောခဲ့လို့ ယောက်ျားဖြစ်သူက သိသိချင်း နောက်တစ်နေ့မှာပဲ ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။ လက်ထပ်တဲ့အချိန်က အမျိုးသမီးက အသက် ၃၀ ကို ၂၄ နှစ်လို့ လိမ်ပြောခဲ့လို့ပါတဲ့။

၎။ ၂၀၀၁ ခုနှစ် ဇွန်လမှာ အိမ်မှာမွေးထားတဲ့ ကြက်တူရွေးက “ကွာရှင်း“ “စိတ်ရှည်ပါ” “နင့်ကိုငါချစ်တယ်“ ဆိုတဲ့ စကားသုံးလုံး ပြောခဲ့လို့ မိန်းမက ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။ ။သူ့အယူအဆကတော့ ယောကျာ်းဖြစ်သူ ဖောက်ပြန်နေလို့သာ ကြက်တူရွေးက ဒီစကားတွေ ကြားပြီး ပြောတတ်ခဲ့တာလို့ ယုံကြည်လို့ပါတဲ့ ။

၅။ တရုတ်ပြည်မှာတော့ ယောကျာ်းရဲ့ ဟောက်သံကြောင့် လက်ထပ်ပြီးကတည်းက တစ်ညမှ အိပ်ရေးဝဝ မအိပ်ခဲ့ရလို့ မိန်းမဖြစ်သူက ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။

၆။ Jian Feng ဆိုတဲ့ တရုတ်အမျိုးသားက သူ့မိန်းမက အရမ်းရုပ်ဆိုးတဲ့အတွက် ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။ ဒီအကြောင်းကို ကလေးမွေးပြီး ကလေးက အရမ်းရုပ်ဆိုးနေတဲ့ အချိန်ကျမှ သိခဲ့ပါတယ်။ မိန်းမဖြစ်သူက လက်မထပ်ခင်မှာ ဒေါ်လာ တစ်သိန်းကျော် အကုန်အကျခံပြီး ပလတ်စတစ် ဆာဂျရီ လုပ်ခဲ့တာကြောင့်ပါ။

၇။ နေ့တိုင်း ကိတ်မုန့်လုပ်ကျွေးတဲ့ မိန်းမကို ကွာရှင်းခွင့်တောင်းပါသတဲ့။ တရုတ်ပြည်က အိမ်ရှင်မတစ်ယောက်က အစာစားပြီးတိုင်း သူကိုယ်တိုင်ဖုတ်တဲ့ ကိတ်မုန့်ကို နေ့စဉ်မပြတ် ကျွေးတဲ့အတွက် သည်းမခံနိုင်တော့လို့ ကွာရှင်းကြတာပါ။

၈။ ဆော်ဒီအာရေဗျက အမျိုးသမီး တစ်ဦးကတော့ သူ့ယောက်ျားကပေးထားတဲ့ နာမည်ပြောင်ကို မကြိုက်လို့ ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။ ယောက်ျားက သူ့ဖုန်းထဲမှာ မိန်းမဖြစ်သူကို ပေးထားတဲ့ နာမည်ပြောင်ကတော့ “ဂွမ်တာနာမို” ပါတဲ့ ။

၉။ ဆော်ဒီအာရေဗျမှာ ခင်ပွန်းက ဇနီးမျက်နှာ ကြည့်ခွင့်မရှိဘူးဆိုတဲ့ ဘာသာရေး တားမြစ်ချက်တစ်ခု ရှိပါတယ်။ အိမ်ထောင်သက် ၃၀ ကြာ ပျော်ရွှင်စွာ ဖြတ်သန်းလာပြီး တစ်ညမှာတော့ ယောက်ျားဖြစ်သူက မိန်းမရဲ့ မျက်နှာကို သိချင်စိတ်ဖြစ်လာလို့ မိန်းမအိပ်ပျော်နေစဉ်မှာ မျက်နှာအုပ်ပုဝါကို ဖယ်ကြည့်ဖို့ ကြိုးစားခဲ့တာကြောင့် ဇနီးက ကွာရှင်းခွင့် တောင်းခဲ့ပါတယ်တဲ့။

အိမ်ထောင်တစ်ခု ပြုဖို့ဆိုတာ လွယ်ပေမဲ့ ခိုင်မြဲအောင် တည်ဆောက်နိုင်ဖို့ ခက်ပါတယ်။ ခိုင်မြဲပျော်ရွှင်တဲ့ အိမ်ထောင်ရေးမှာ အချစ်အပြင် နားလည်မှု၊ ပွင့်လင်းမှုတွေ လိုအပ်တာကို အတုယူနိုင်ကြပါစေ။

ခင်သူဇာ

Credit: Trend Myanmar



No comments:

Post a Comment