Friday, January 8, 2016

"ရှင်သန်မှု"



Lutaw Lupyaw

"ရှင်သန်မှု"

လူတိုင်းလူတိုင်းမှာ လှပဖူးတဲ့ အတိတ်ကိုယ်ဆီ ရှိကြတယ်။ ရပ်မနေတဲ့ အချိန်တွေကြောင့် အနာဂတ်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားသလို အတိတ်တွေလည်း အသစ်အသစ် ထပ်ထပ်ဖြစ်ကြတယ်။

ခု သတိရနေမိတာက ကလေးဘ၀မှာ ကျန်ခဲ့တဲ့ အတိတ်ပေါ့။ ဘာမှ ထွေထွေထူးထူးမရှိပေမယ့် ဟန်ဆောင်မှုမရှိတဲ့ အရမ်းကိုအရောင်မဲ့လွန်းတဲ့ အတိတ်ကိုတော့ တစ်ခါတစ်ခါ ပြန်တမ်းတမိတတ်ပါတယ်။

ငယ်ငယ်က ဘ၀မှာ အပူအပင်မရှိဘူး။ ဘာကိစ္စမဆိုမှာ ဦးဆောင်ပေးမယ့် မိဘရှိတယ်။ ဘာကိစ္စမဆို ခေါင်းထဲထည့်ထားစရာ မလိုဘူး။ အချိန်တန်ရင် မိဘတွေက ဖြေရှင်းပေးကြတယ်။

မလုပ်ချင်တဲ့ကိစ္စကို အတင်းဖြစ်ညှစ် လုပ်စရာမလိုဘူး။ မသိချင်ယောင်ဆောင် နေလိုရတယ်။ မခေါ်ချင်တဲ့လူကိုလည်း ဟန်လုပ် ခေါ်နေစရာမလိုဘူး။ မခေါ်မပြော နေလို့ရတယ်။

ခုတော့ အဲလိုအခွင့်အရေးတွေကနေ ကင်းလွတ်စွာနဲ့ လိုအပ်တာရော မလိုအပ်တာရော ကိုယ့်ဟာကိုယ် ပူပန်နေရတယ်။ ကိစ္စတိုင်းကို ခေါင်းထဲထည့်ထားပြီး အဖြေကို လိုက်ရှာနေရတယ်။ မလုပ်ချင်တာကို လုပ်ချင်တဲ့ကိစ္စထက် ပိုဦးစားပေးပြီး လုပ်ကိုင်နေရတယ်။ မခေါ်ချင်မပြောချင်ပေမယ့်လည်း ၀တ္တရားအရ ခေါ်နေပြောနေရတယ်။ သေချာစဉ်းစားကြည့်တော့ ငယ်ငယ်က အခွင့်အရေးတွေ အကုန် ဆုံးရှုံးသွားပြီ။

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်။ ကိုယ်လုပ်ရပ် ကိုယ်တာဝန်ယူ။ ကိုယ့်ကိစ္စကိုယ်ဖြေရှင်း။ တာဝန်တွေ မနည်းမနောပဲ။ ဒါကို အရွယ်ရောက်ခြင်းရဲ့ သင်္ကေတလို့ပဲ ခေါ်ရတော့မလား။

ငယ်ငယ်ကတည်းက ခေါင်းမာတယ်။ အတေးအမှတ် ကြီးတယ်။ ပြန်တုံ့ပြန်တတ်တယ်။ ကိုယ်မကျေနပ်ရင်လည်း မကျေနပ်တာကို တနည်းနည်းနဲ့ သိအောင် လုပ်တတ်တယ်။ ခုတော့ ခေါင်းမာတာကလွှဲရင် တခြားဟာတွေ တော်တော်လျှော့သွားပါပြီ။

မကျေနပ်တာကိုလည်း မြိုသိပ်လာနိုင်သလို မကျေနပ်ရင်တော့ ပြန်မတုံ့ပြန်မိတော့ဘူး။ အရာအားလုံး အချိန်တန်ရင် ပြီးဆုံးမယ်ဆိုတာ သိထားပြီးပြီပဲ။ ကိစ္စအားလုံးက အကြောင်းတရားရှိခဲ့လို့ အကျိုးတရား ဖြစ်ပေါ်လာတဲ့အပေါ် မကျေနပ်နေလို့ သံသရာလည်ပြီးရင်း လည်နေရုံပဲ ရှိတော့မှာပေါ့။

အတိတ်က အရိပ်လို ကိုယ့်နောက်က လိုက်နေမယ်ဆိုရင် ကိုယ့်အနောက်က အရိပ်ဟာ အရိပ်မဲတော့ မဖြစ်စေချင်ဘူး။ အကောင်းချည်း မဟုတ်ရင်တောင် နောင်တရရမယ့် အတိတ်မျိုးမဖြစ်စေအောင် ကြိုးစားမယ်။ ရှေ့ဆက်မယ့် အနာဂတ်အတွက် အတတ်နိုင်ဆုံးတော့ လူထဲက လူပီသစွာ ရှင်သန်တတ်ဖို့ အရေးကြီးဆုံးပဲ။

Credit: moekhar



Lutaw Lupyaw

No comments:

Post a Comment