Monday, January 11, 2016

"ငရဲကို မျက်နှာချင်းဆိုင်ခဲ့သူများ"



Lutaw Lupyaw

"ငရဲကို မျက်နှာချင်းဆိုင်ခဲ့သူများ"

မီးသတ်သမားတွေလေ
နေတော့ လိုင်းခန်း
စားတော့ ဆန်ကြမ်း
ပြည်သူ့ကြားက ပြည်သူ့ဝန်ထမ်း။
ပြည်သူကို အပူလျှော့စေဖို့
ငရဲကို မျက်နှာချင်း
သူတို့ဆိုင်ခဲ့။

မီးညွှန့်မီးလျှံတွေက တညီးညီး
အရှိန်ကုန် ဟီးတက်။
မီးစွယ် မီးတောက်တွေက တဟုန်းဟုန်း
အားအင်နဲ့ လုံးတက်။

မီးပင်လယ်ကို သူ့တို့ခွန်အားတို့နဲ့
ဟန့်တားဖို့ ကြိုးစားရှာခဲ့သူတွေ။
ဒီ့အတွက် ကမ်းလင့်နေတဲ့
စည်းစိမ်ဥစ္စာတွေ မရှိ။
ဒီ့အတွက် ကမ်းလင့်နေတဲ့
တန်ခိုးအာဏာတွေ မရှိ။

ဘာ မက်လုံးမှ မရှိ
ဘာ လာဘ်သပ်ပကာမှ မရှိတဲ့ ဘဝကို
ကိုယ့်တာဝန် ကိုယ်ကျေပွန်ချင်တဲ့
စိတ်တစ်ခုတည်းနဲ့ …
ကိုယ့်လိပ်ပြာ ကိုယ်လုံချင်တဲ့
စိတ်တစ်ခုတည်းနဲ့ …
အားသွန် စိတ်နှစ် 
သူတို့ဖြတ်သန်းခဲ့။

အရာရာချို့တဲ့နေတဲ့ ငါတို့ပြည်မှာ
ခင်ဗျားတို့ရဲ့
ကြွယ်ဝတဲ့စေတနာတွေအတွက်
ကျေးဇူးတင်မိပါရဲ့။

ကမ္ဘာကြီးထဲက အနိမ့်ပါးဆုံးတိုင်းပြည်မှာ
ကမ္ဘာကြီးထဲက
အမြင့်မားဆုံးစိတ်ထားရှိသူတွေ ရှိတယ်။

ဒါဟာ ကျနော်တို့အားလုံးအတွက်
အကြီးမြတ်ဆုံးတန်ဘိုးပါပဲ။
မီးလျှံကို ငြိမ်းသတ်စေခဲ့သလို
တိုင်းပြည်နဲ့ချီတဲ့ သိမ်ငယ်စိတ်ကို
ငြိမ်းသတ်နိုင်ခဲ့တယ်။
မိတ်ဆွေ မီးသတ်သမားတို့ရယ်
ခင်ဗျားတို့ကို သူရဲကောင်းလို့ဆိုရင်
မလုံလောက်ဘူးလို့ ငြင်းချင်ရဲ့။
ခင်ဗျားတို့ဟာ …
ကျနော်တို့ဘဝနဲ့ ဝိညာဉ်နှစ်ခုလုံးအတွက်
ကယ်တင်သူများ ဖြစ်လေတယ်။
______________________

[မင်္ဂလာဈေးမီးလောင်မှုမှ စိတ်လှုပ်ရှားစေသော ဓါတ်ပုံတစ်ပုံ]
ဒီဓါတ်ပုံကို လင်းဘိုဘို ရိုက်တယ်လို့ ခုနောက်မှ သိရပါတယ်။ ဒါ့ကြောင့် နာမည်ထည့်ပေးထားပါတယ်။

Credit: Thorn Nay Soe

https://mobile.facebook.com/photo.php?fbid=1042471312486999&set=a.515796271821175.1073741836.100001724205761&type=3&_rdr



Lutaw Lupyaw

No comments:

Post a Comment