Sunday, January 17, 2016

"စိတ်ကူးယဉ်မိသူ"



Lutaw Lupyaw

"စိတ်ကူးယဉ်မိသူ"

တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုသာထူးဆိုတဲ့ လူတစ်ယောက်ရှိတယ်။ လူကဆင်းရဲပေမယ့် အလုပ်အကိုင်က မယ်မယ်ရရ မရှိဘူး။ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲမလုပ်ချင်ဘဲ စိတ်ကူးယဉ်နေတာနဲ့ အချိန်ဖြုန်းလေ့ရှိတယ်။

တစ်နေ့တော့ တောထဲကို ထင်းခုတ်သွားရင်း တောဝက်လေးတစ်ကောင်ကို သွားတွေ့တယ်။ သူက ချင်ချင်းပဲ တောဝက်လေးကိုဖမ်း မြို့မှာသွားရောင်းတယ်။ မြို့မှာဆို တောဝက်က ဈေးကောင်းရတယ်လေ။ တောဝက်ရောင်းပြီးတော့ ၀က်မလေးတစ်ကောင် ၀ယ်ပြီး ရွာကိုပြန်လာတယ်။ နောက်တော့ အဲဒီဝက်မလေးကနေ ၀က်ကလေး (၆) ကောင် ပေါက်ရော။ ၀က်မလေး (၃) ကောင်နဲ့ ၀က်ထီးလေး (၃) ကောင်ပေါ့။ ၀ယ်လာတဲ့ ၀က်မလေးက သားပေါက်နှုန်းက ကောင်းတဲ့အပြင် ၀က်ပေါက်ကလေးတွေကလည်း သန်သန်မာမာ ထွားထွားကြိုင်းကြိုင်းနဲ့ပေါ့။ အဲဒီလိုနဲ့ ၀က်တွေပေါက်လိုက်။ ရောင်းလိုက်နဲ့ စီးပွားရေး အဆင်ပြေ။ အိမ်နဲ့ ခြံနဲ့ ဖြစ်လာတဲ့အခါ။ ရွာထဲက သူကြိုက်နေတဲ့ မိချော ဆိုတဲ့ ကောင်မလေးကို လူကြီးတွေကို ဖွင့်ပြောပြီး တောင်းရမ်း လက်ထပ်ယူလိုက်တယ်တဲ့။ နောက်တော့ သားကလေး (၂) ယောက် ထွန်းကားတယ်။ အဲဒီသားကလေးတွေ အရွယ်ရောက်တဲ့အခါ ရှင်ပြုပွဲကို ခမ်းခမ်းနားနား ကျင်းပတာပေါ့။ သူ့ရဲ့ အလှူပွဲကို ကြည်ကြည်နူးနူးနဲ့ ပြုံးပြုံးကြီး ရပ်ကြည့်နေတုန်း ဗြုန်းဆို သူ့ရဲ့ အလှူမဏ္ဍပ်ကြီးလည်းပျောက်။ သူ့ဇနီးနဲ့ သားတွေလည်းပျောက်။ သူ့ရှေ့က မြင်ကွင်းအားလုံး ပျောက်သွားတယ်။ သူကိုယ်တိုင်လည်း တောထဲကို ရောက်နေတာ သတိထားမိသွားတယ်။ အဲဒီတော့မှ သူ့အမှားတစ်ခုကို သူ နောင်တရသွားတယ်။ သူ ဘာမှားခဲ့တာလည်းဆိုတော့ တောထဲကို ထင်းခုတ်သွားရင်း တောဝက်ကလေးကို တွေ့လိုက်တဲ့အချိန်မှာ လိုက်ဖမ်းဖို့ မစဉ်းစားမိဘဲ တောဝက်ကလေးကို ဖမ်းမိခဲ့ရင်… ဆိုပြီး အတွေးလွန်သွားတာပဲ။ သူ သတိရလိုက်တဲ့အချိန်မှာ သူ့မြင်ကွင်းထဲက အမှန်တကယ် ပျောက်သွားတာက တောဝက်ကလေး ဖြစ်နေတယ်။

ကျွန်တော်လည်း တောဝက်ကလေး တစ်ကောင်ကို တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီတောဝက်ကလေးက ကျွန်တော့ မြင်ကွင်းထဲကနေ အခုချိန်ထိ ပျောက်သွားခဲ့တယ်။ ဖမ်းဖို့ မကြိုးစားခဲ့မိဘူး။ စိတ်ကူးနဲ့ ရူးခဲ့ရတယ်။ ပိုဆိုးတာက တခြား တောဝက်တစ်ကောင်ကို ရှာဖွေဖမ်းဆီးဖို့ မစဉ်းစားတော့ပဲ အဲဒီ တောဝက်ကလေးကိုပဲ တမ်းတနေမိတယ်။

Credit: Kaung Khant



No comments:

Post a Comment