Lutaw Lupyaw
"ချစ်သူ မိန်းကလေးရလိုလျှင် အများအကျိုးဆောင်ပါ"
ဘရက်ပစ်လို ဆွဲဆောင်မှုရှိမှ ချစ်သူရနိုင်မည်ဟု ယူဆထားသူများ အမှားကြီး မှားပါပြီ။ ချစ်သူ မိန်းကလေးရရန် ရုပ်ချောစရာမလို သဘောမနောကောင်းပြီး အများအကျိုး ဆောင်တတ်ရန်သာ လိုအပ်ကြောင်း လေ့လာမှုတစ်ခုအရ သိရှိခဲ့ရပြီ ဖြစ်သည်။
ဝေါဆက်စတာ တက္ကသိုလ်နှင့် ဆန်ဒါလန် တက္ကသိုလ်တို့မှ သုတေသန ပညာရှင်များသည် အမျိုးသမီး (၂၀၂) ဦး တို့အား ဓာတ်ပုံ (၁၂) ပုံကို ကြည့်ရှုစေပြီး မေးခွန်းများကို ဖြေဆိုစေခဲ့သည်။ ဓာတ်ပုံတစ်ပုံတွင် အမျိုးသားနှစ်ဦးတို့၏ ပုံများပါဝင်ပြီး တစ်ဦးမှာ ရုပ်ရည် ချောမောသော်လည်း ကျန်တစ်ဦးမှာမူ ရွက်ကြမ်းရေကျိုသာ ရှိနေသည်။
ထို့ပြင် အမျိုးသမီးများအား ယင်းအမျိုးသားများ လူမှုရေး လုပ်ဆောင်နေသည့် ပုံများနှင့် သာမန် နေရိုး နေစဉ်ပုံများကို ပြသခဲ့သည်။ ဓာတ်ပုံတစ်ပုံတွင် ရုပ်ရည် သာမန်သာရှိသော အမျိုးသားတစ်ဦးသည် အိမ်ခြေရာမဲ့ တစ်ဦးအား အသားညှပ်ပေါင်မုန့် ကျွေးနေပုံကို မြင်တွေ့ရမည် ဖြစ်ပြီး၊ ကျန်တစ်ခြမ်းတွင်မူ ရုပ်ရှည် ချောမောသော အမျိုးသားသည် အိမ်ခြေရာမဲ့အား ဂရုမစိုက်ဘဲ ဖြတ်သွားနေပုံကို မြင်တွေ့ရမည် ဖြစ်သည်။
လေ့လာမှုတွင် ပါဝင်ခဲ့သည့် အမျိုးသမီး အများစုက သာမန်ရုပ်ရည်သာ ရှိသော်လည်း အများအကျိုးဆောင်နေသည့် အမျိုးသားများကိုသာ ကာလရှည် လက်တွဲဖော်အဖြစ် ရွေးချယ်လိုကြောင်း ပြောဆိုခဲ့သည်။ အများအကျိုးဆောင်မှုသည် လူသား၏ အဖော် ရွေးချယ်မှုတွင် အရေးပါသော ကဏ္ဍမှ ပါဝင်ကြောင်း သုတေသန ပညာရှင်များက ဆင့်ကဲပြောင်းလဲမှု စိတ်ပညာ ဂျာနယ်တွင် ရေးသားခဲ့သည်။
ကိုယ်ကျိုးစွန့်သော အမျိုးသားများသည် ရုပ်ချောသော အမျိုးသားများထက် ပိုမိုလိုလားစရာ ကောင်းကြောင်း စမ်းသပ်မှုတွင် ပါဝင်ခဲ့သည့် အမျိုးသမီးများက ပြောဆိုခဲ့သည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။ အမျိုးသားတစ်ဦးသည် ရုပ်လည်းချောသလို သဘောမနောကောင်းပြီး ကိုယ်ကျိုးလည်း စွန့်တတ်ပါက ၎င်းသည် ပျိုတို့ အချစ်တော် ဖြစ်လာမည် ဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။
အများအကျိုးဆောင်သော အမျိုးသားများအား အမျိုးသမီးများက မည်သည့်အတွက်ကြောင့် နှစ်သက်ကြသည်ကို ဆက်လက် လေ့လာခြင်း မရှိခဲ့သော်လည်း ယင်းသည် မိဘကောင်းတစ်ဦး ဖြစ်နိုင်သည်ဆိုသည့် အမြင်နှင့်မူ ဆက်စပ်နေနိုင်ကြောင်း ပညာရှင်များက ဆိုသည်။
လူလူငြိမ်း
Credit: messenger
Wednesday, January 27, 2016
"ချစ်သူ မိန်းကလေးရလိုလျှင် အများအကျိုးဆောင်ပါ"
Labels:
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment