Tuesday, January 19, 2016

"အသည်းကွဲနေသူတွေ ကြာရှည်စွာ ၀မ်းနည်းကြေကွဲမနေပဲ ဒီခံစားချက်ကို အချိန်တိုတွင်း ဖျောက်ဖျက်ပစ်နိုင်ဖို့ဆိုရင်"



Lutaw Lupyaw

"အသည်းကွဲနေသူတွေ ကြာရှည်စွာ ၀မ်းနည်းကြေကွဲမနေပဲ ဒီခံစားချက်ကို အချိန်တိုတွင်း ဖျောက်ဖျက်ပစ်နိုင်ဖို့ဆိုရင်"

အသည်းကွဲပြီဆိုရင် ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သူမှားမှား၊ ကိုယ်မှားမှား ခံစား နာကျင်ရတာချည်းပါပဲ။ ဒီ့အတွက် တစ်ရက်ပြီးတစ်ရက် ငါ့ဘ၀ကြီးက နာကျင်စရာတွေနဲ့ ပြည့်နေပါလားလို့ တွေးနေစရာတော့ မလိုပါဘူး။ ဒီအခြေအနေကနေ ငါ ဘယ်လိုအမြန်ဆုံး ရုန်းထွက်ပစ်နိုင်မလဲဆိုတဲ့ အဖြေကိုသာ ရှာဖွေရမှာ ဖြစ်ပါတယ်။ ဒီတော့ ဆိုးဝါးတဲ့ ခံစားချက်တွေကို အမြန်ဆုံး ဖျောက်ပစ်နိုင်ဖို့ ဒီအချက်လေးတွေအတိုင်း လုပ်ဆောင်ကြည့်ပါ။

၁။ ဒီနာကျင်မှုအတွက် ကုသခြင်း အချိန်ကာလတစ်ခုဆိုတာကို သိထားပါ။

အချစ်ရေး အဆုံးသတ်သွားပြီဆိုတာနဲ့ ဒါဟာ ဘ၀ရဲ့ အပြောင်းအလဲတစ်ခုပါပဲ။ နောင်တတွေ၊ နာကျင်ရတာတွေ၊ ဝေဒနာတွေနဲ့ ပြည့်နေတဲ့ ဘ၀ကို သင် စိတ်ပျက်လက်ပျက် ဖြစ်နေရပါလိမ့်မယ်။ ဒီ့အတွက် သင်ဟာ အိပ်ယာထဲမှာပဲ ခွေနေချင်တာ၊ မထချင်တာမျိုးတွေ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သင့်စိတ်ထဲ သိထားရမယ့်အရာက ဒါ ငါ့ဝေဒနာကို ကုစားနေချိန်မို့ ငါ ဒီလိုခံစားနေရတာ ဖြစ်တယ်။ ဒီလိုမျိုး တစ်ရက်ပြီးတစ်ရက် အချိန်တွေကြာအောင် ငါ့စိတ်တွေ လေနေလို့တော့ မဖြစ်ဘူး။ ဒီအချိန်မှာ ဒီလိုခံစားကြရတာ မထူးဆန်းပါဘူး ဆိုပြီးတော့ တွေးပါ။

၂။ ဒေါသတွေထွက်လွယ်နေပေမယ့် ဘ၀ကြီးက မှောင်အတိ ကျသွားတာမျိုး မဟုတ်ပါဘူး။

သင့်ဘ၀ဟာ လုံးဝ ပျက်စီး ဆုံးရှုံးသွားတာမျိုးတော့ မဟုတ်သေးပါဘူး။ ဒီ့အတွက်ကြောင့် သင့်စိတ်ထဲရှိသမျှ ဒေါသတွေကို facebook လို လူမှုကွန်ယက်ပေါ်မှာ ရည်းစားဟောင်းကို အပြစ်တွေတင်ရင်း အားလုံးပုံချ ပြောဆိုရေးသားတာမျိုး မလုပ်မိပါစေနဲ့။ ဒီလိုလုပ်မယ့်အစား အေးဆေးနေပြီး ကောင်းကောင်းမွန်မွန် ဒီရက်တွေကို ဖြတ်ကျော်လိုက်ပါ။ ဒီလိုဆိုရင် ခဏလေးမှာ ခံစားလိုက်ရတဲ့ ဒေါသတွေအတွက် သင် နောင်တရစရာ မရှိတော့ဘူးပေါ့။

၃။ သီချင်းဟောင်းတွေ နားမထောင်ပါနဲ့။

ဟိုးအရင်က ကြိုက်ခဲ့တဲ့ သီချင်းတွေ နားထောင်ခြင်းဟာ သင့်ကို ပိုခံစားရစေပါလိမ့်မယ်။ ဒီတော့ သီချင်းသစ်လေးတွေ ရွေးချယ်ပြီး နားထောင်လိုက်ပါ။ စိတ်ကို မြူးကြွစေမယ့် သီချင်းမျိုး၊ စိတ်ဓာတ်ခွန်အားပေးမယ့် သီချင်းမျိုးပေါ့။

၎။ ဘာလုပ်ခဲ့သင့်တယ် ဆိုတာမျိုးတွေ ပြန်တွေးပြီး မခံစားပါနဲ့။

ငါအရင်တုန်းက ဘာလုပ်သင့်ရဲ့သားနဲ့ မလုပ်ခဲ့မိဘူး ဆိုတာမျိုးတွေ ပြန်တွေးပြီး ကိုယ့်ကိုကိုယ် ဒေါသထွက် နာကျင်နေတာမျိုးတွေ မလုပ်ပါနဲ့။ ခုချိန်မှာ သင်တွေးရမှာက ရှေ့ဆက်သွားဖို့ တစ်ခုတည်းပါပဲ။ အနာဂတ်မှာ သင် ဘယ်လိုရပ်တည်မယ် ဆိုတာကိုသာ အလေးပေး တွေးပါ။

၅။ တစ်ခုခု ထလုပ်ပစ်လိုက်စမ်းပါ။

သင့်စိတ်ကို ပျော်ရွှင်သွားစေမယ့် ဘယ်အရာမဆို လုပ်ဆောင်ပစ်လိုက်ပါ။ ထပဲကက၊ လမ်းလျှောက်မလား၊ အလုပ်တစ်ခုခု ထလုပ်လိုက်မလား ကြိုက်တာသာလုပ်ပါ။ သင့်စိတ်တွေ လွတ်လပ် ပျော်ရွှင်သွားဖို့က အရေးကြီးပါတယ်။

၆။ နောက်ထပ်အသစ်တစ်ယောက် ချက်ချင်း မထားပါနဲ့။

သင့်ဘေးနားမှာ အသင့်ရှိနေတဲ့ သူတစ်ယောက်ကို အသဲကွဲတဲ့ခံစားချက်ကို ကုစားဖို့အတွက်တော့ ချက်ချင်း ကောက်တွဲလိုက်တာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်ဆောင်ခြင်းဟာ ပျော်ရွှင်ကောင်းမွန်တဲ့ အချစ်ရေးရဖို့ မဖြစ်နိုင်ပါဘူး။ နောက်ဆုံး အသဲကွဲရတာနဲ့ပဲ ထပ်အဆုံးသတ်သွားပါလိမ့်မယ်။

ဟန်နီ

Credit: Trend Myanmar



No comments:

Post a Comment