Lutaw Lupyaw
"အချစ်သာ အမှန်တရားဖြစ်ရင်"

ညက အကြည်တော်ရဲ့ ၀တ္ထုဖြစ်တဲ့ "အချစ်သာ အမှန်တရားဖြစ်ရင် ကျွန်တော် မှားနေတာကြာပြီ" ကို ဖတ်ဖြစ်တယ်။ ၀တ္ထုခေါင်းစဉ်ကို သဘောကျလို့ပါ။ ကျွန်တော်လည်း မှားနေတာ ကြာပြီ။
ဝတ္ထုထဲက တချို့စာသားလေးတွေကို ဖော်ပြချင်ပါတယ်။ "သူများပစ္စည်း ယူပြီး ပြန်ထားစရာမလိုတာ မိန်းမ တစ်မျိုးပဲရှိတယ်" သူတစ်ပါးအိမ်က အရုပ်ကလေး လှလို့ကိုင်ကြည့်ပြီးရင် သူ့နေရာတကျ ပြန်ထားရသဗျ။ သူတစ်ပါးဆီက အ၀တ်အစား ယူဝတ်ပြီးရင် အိမ်ပြန်ချိန် ပြန်ချွတ်ပေးခဲ့ရသဗျ။ သူတစ်ပါးဆီက ပန်းပင်လေး ကိုင်ကြည့်ပြီး နေရာတကျ ပြန်ထားရပြန်ရော။ အဲဒီလို ပြန်ထားတဲ့အတွက် ဘယ်သူမှ အပြစ်မမြင်ဘူး။ ယူသွားရင်သာ အပြစ်ရှိတာ။ တရားစွဲခံရမှာ။
ဟော… မိန်းမကျတော့ အဲလိုမဟုတ်ဘူး။ အမှန်ဆို ဒီမိန်းမက ကိုယ့်ပစ္စည်းမဟုတ်ဘူး။ သူ့မိ၊ သူ့ဘ၊ သူ့ဘိုးဘွားပိုင်ပစ္စည်း။ ဒါပေမယ့် အဲဒါကိုယူပြီးရင် ဘယ်တော့မှ ပြန်ထားစရာ မလိုဘူး။ ယူပြီဆိုတာနဲ့ အပိုင်ရပြီပဲ။ အဲဒီတော့ လောကမှာ သူတစ်ပါးပစ္စည်း ယူပြီး ပြန်ထားစရာမလိုတာ မိန်းမပဲရှိတာ။ အဲဒါကြီးကျတော့ ယူပြီး ပြန်ထားကြည့်ပါလား။ တရားတောင်အစွဲခံရဦးမှာ။
"ငါ့သမီး နင်ယူလို့ဝမှ အိမ်ပြန်ချခဲ့တယ် ဟုတ်လား" ဆိုပြီး။ နောက်ပြီး ဒါကြီးကိုယူပြီး မကြိုက်ပါဘူးဆိုပြီး ပြန်လဲလို့မရဘူး။
"ယူပြီးပစ္စည်း ပြန်မလဲပါ" ဆိုတဲ့ အထဲမှာလည်း မိန်းမက နံပါတ်တစ်က ပါသဗျ။ အဲဒီ စည်းကမ်းသာမရှိရင် ပြန်လဲလိုက်မယ့်အမျိုး။
"သြော်… အိမ်ကဟာကြီးတော့ ဟောင်းသွားလို့ သူငယ်စဉ်ကလို အရွယ်မှန်၊ ဆိုဒ်မှန်၊ တစ်ကိုယ်တော်ဝတ်ကလေးနဲ့ လဲပေးပါ"။ "အာ… ကြာပါတယ်ကွာ ဒီဟာကြီးကလွဲရင် ဘာဖြစ်ဖြစ်" အဲဒါမျိုးတွေလည်း နည်းမယ် မထင်ပေါင်။ သိုးဆောင်း ဟာသလေးတောင် သတိရပါ့။
"ငါကွာ အိမ်ထောင်မကျခင်က ဘယ်မိန်းမကြည့်ကြည့် လှခဲ့တာ"
"အခုရောကွာ"
"အခုတော့ တစ်ယောက်လျော့သွားပြီ"
မိန်းမဘက်ကတော့ ပြောပါတယ်။
"မရခင်ကတော့ ဖျာလိုလိပ် ထိပ်ပေါ်တင်၊ ရပြီးတဲ့အခါကျတော့ ဖျာလိုခင်း နင်းလို့ခြေ"
မရခင်မှာ ဖျာလိုလိပ် ထိပ်ပေါ်တင်တာတော့ ဟုတ်ပါရဲ့။ အကြောင်းမသိသေးတော့ တင်ကြည့်တာပေါ့။ ဖျာလိုခင်းတဲ့အခါကျမှ ကြမ်းပိုးကထိုးတော့ ဘယ်သူက ခံနိုင်မှာလည်း။ ကျုပ်တို့ ယောက်ျားတွေဘက်က ပြောပါတယ်။ မိန်းမများ ပါစပ်ဒဏ်က ကြမ်းပိုးထိုးတာထက် ဆိုသေး၊ ဟုတ်ဖူးလား။ ဒါကိုတောင် အမျိုးသမီးထုတွေက ပြောရဲ့
ရှင်တို့ယောက်ျားတွေ ဘာကောင်းသေးလို့လဲ။ မပြောကောင်း မနှိုင်းကောင်းပါရှင်ရယ်၊ ကန်တော့ပါရဲ့ ဘုရားရှင် ကိုယ်တော်မြတ်တောင် ယသော်ဓယာကို ထားပြီး တောထွက်သွားသေးတာပဲ"
သြော်… အဲလိုမှ မိန်းမပစ်ပြီး တောမထွက်ရင် ကျွန်တော်တို့ အခု ဘာကိုးကွယ်ရမှန်းတောင် သိမှာမဟုတ်ဘူး။ မိန်းမပစ်မှ ဘုရားဖြစ်တာ။ ဆက်ပြောရင် ယောက်ျားထုကို မြှောက်ပေးရာကျတော့မယ်။ ကိုင်း ထားပေဦးတော့။
Credit: Kaung Khant
Wednesday, January 20, 2016
"အချစ်သာ အမှန်တရားဖြစ်ရင်"
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment