Lutaw Lupyaw
"ချစ်ရင်ကိုက်တတ်တဲ့ မိန်းကလေးတွေအတွက်"
တချို့မိန်းကလေးတွေမှာ ချစ်ရင် လုပ်တတ်တဲ့ အကျင့်တခုရှိတယ်။ အဲဒါက ကိုက်တာ။ အားတိုင်းယားတိုင်း ကိုက်တာ။ သူတို့ပြောတာက ချစ်လို့ကိုက်တာပါတဲ့။ မညှာမတာကို ကိုက်တာ။ သူတို့ပြောရင်တော့ ဖွဖွလေးကိုက်တာပေါ့။
ကျုပ် အဲ့လို မိန်းကလေးတယောက်နဲ့ ကြုံဖူးတယ်။ လူလစ်ပီဆို ကိုက်ပီ။ ရုပ်ရှင်ရုံထဲမှာလဲ ကိုက်တယ်။ ပန်းခြံထဲ ချိန်းတွေ့ရင်လဲ ကိုက်တယ်။ အလကားနေရင်းကို သွားယားနေတာ။ ပီး လက်မောင်းတွေချည်း ရွေးကိုက်တာ။ နဲနဲ အနာ သက်သာအောင်
"ခြေသလုံးလေး ဘာလေး ပြောင်းကိုက်ပါလား သဲရယ်" ဆိုတော့
"ဟဲ့… ငါက ခွေးမှမဟုတ်တာ" ဆိုပီး ကောက်ကော။ ကျုပ်မှာ ပြန်ချော့ပီး ကြည်ကြည်ဖြူဖြူ အကိုက်ခံရတယ်။ ခဲနဲ့ထုလွှတ်လို့လဲ မရ။ သူကိုက်သလို ပြန်ကိုက်လို့လဲ မကောင်း။ တခါတလေများဆို ငုံပီး မှေးတောင် မှေးနေသေးတယ်။ ကျုပ်မှာ နာတာတောင် အသံမထွက်ရဲဘူး။ သူ့ပြန်ဟောင်ပါတယ် ဆိုပီး ထပ်ကောက်မှာစိုးလို့။ အဲ့သည် အချိန်လေးတော့
ကျုပ် နားညည်းသက်သာတာပေါ့လေ။ ဒင်း ပါးစပ်မှ မအားဘဲ။
ဒါပေမဲ့ အိမ်ရောက်တော့ ပြဿနာတက်ကော။ ကျုပ်အမေက ကျုပ် လိုင်းကားပေါ်ကနေ ပွေးတွေ ကူးလာပီမှတ်ပီး ပွေးဆေး ဖမ်းလူးတာ။ ကိုက်ထားတဲ့အရာတွေကလဲ အကွင်းလိုက်ကိုး။ ကျုပ်အမေက ပွေးဆေးဖမ်းလူး ကျုပ်အဖေက အပ်တချောင်းကိုင်ပီး ဟိုထိုး ဒီထိုးနဲ့။ အနာကြီးရောဂါ ဟုတ်မဟုတ် စမ်းသပ်တာတဲ့။ နာတယ်မအော်မချင်း လှိမ့်ပိတ်ထိုးတာ။ ကျုပ်မှာ မဟုတ်ပါဘူး ပြောလဲမရ။ အမှန်အတိုင်း ပြောပြဖို့ကလဲ ခက်။ တော်တော်ဂွကျတာဗျ။
လက်ဖက်ရည်ဆိုင် ထိုင်တော့လဲ ဝိုင်းမေးကြတယ်။
"ဘာဖြစ်တာလဲ ပွေးတွေလား" တဲ့။ ခွေးကိုက်တာလို့ လိမ်ပြောရအောင်လဲ ကျုပ်မှာ ခွေးမှ မရှိဘဲ။ နောက်ပီး ဒီကောင်တွေက မိန်းမဆိုရင် ကေတီဗီတို့ မာဆတ်တို့မှာလောက်ဘဲ တို့ဖူး ထိဖူးတာလေ။ ရည်းစားတယောက်တောင် ဖြစ်ဖြစ်မြောက်မြောက် တွဲဖူးတာမဟုတ်တော့ အမှန်အတိုင်းပြောရင် ယုံကြမှာလဲ မဟုတ်ဘူး။ အိမ်ကပေးစားတဲ့ မိန်းမကိုယူမဲ့ကောင်တွေ။ အဲ့သည်အခါကျမှ ချစ်လို့ပန်းတာပါ ဆိုပီး
စောစောစီးစီး ကုတင်ပေါ်တက် မျက်နှာကို ရှူးတက်ပန်းမှ မျက်ခွက်လေး တကွက် ကွက်ကွက်ကလေး နူမဲ့ကောင်တွေ။ (ရည်းစားဘဝမှာတောင် ကိုက်တာဆိုတော့ ညားပီးရင် အဲ့သလောက် အခြေအနေ ဆိုးချင်ဆိုးသွား မှာလေ) ဒီကောင်တွေ အဲ့သည့်တော့မှ ကျုပ်ကို ကိုယ်ချင်းစာတတ်မယ်။ ခုတော့ ရင်နာနာနဲ့ဘဲ လိမ်ပြောရတာပေါ့။
"အင်း ပွေးတွေဘဲ ဆိုပါတော့ကွာ" ဆိုပီး ငိုသံဝဲကြီးနဲ့ ဖြေလိုက်ရတယ်။ နေရင်းထိုင်ရင်း ကိုယ့်စရိတ်နဲ့ကိုယ် အနူဖြစ်ရော။
နောက်တော့ ကျုပ်အကြံတခုရသွားတယ်။ ရေမချိုးတော့ဘူး။ လုံးဝကို မချိုးတာ။ ချိန်းရင် ဒီတိုင်း သွားတွေ့လိုက်တယ်။ ထုံးစံအတိုင်း လူလစ်တော့ ကိုက်တာပေါ့။
"အို… ငန်လိုက်တာ" တဲ့ မငန်ခံနိုင်ရိုးလား။ ရေကလဲ မချိုး။ ချွေးထွက်ရင်လဲ လုံးဝကို မသုတ်တာ။ အဲ့တော့ အသားက ချွေးတွေနဲ့ ဝနေတာပေါ့။ တပတ်လောက်ကြာတော့ ကျုပ်အသား ဒင်း ငုံတောင်မငုံနိုင်တော့ဘူး။ ငုံလိုက်တာနဲ့ တံတွေးနဲ့ အသားနဲ့ထိပီလေ။ ဆယ်ရက်လောက် ရေလုံးဝ အထိမခံဘဲ ချွေးတွေ၊ ဂျီးတွေနဲ့ နှပ်ထားတဲ့ အသား တံတွေးစိုတော့ ဂျီးအလိပ်လိုက် ပွတက်လာတော့တာပေါ့။
"နင် တမင် ရေမချိုးတာမှတ်လား။ လူယုတ်မာကြီး လူ့ညစ်ပတ်ကြီး ထွီ ထွီ ထွီ နင်နဲ့ငါနဲ့ ပြတ်ပီ ထွီ အော့" ဆိုပီး ပြေးပါလေရော။ သူ့ခမျာ ဝမ်းတောင်လျှောတယ်ဆိုဘဲ။ ကျုပ်လဲ ဘာထူးလဲ။ အပုပ်နံ့ပါ ထွက်တယ်။ လမ်းလျှောက်သွားရင် မသာကြီး ဖုတ်ဝင်နေသလိုပဲ ယင်ကောင် တဝီဝီနဲ့။ ကျုပ်မှာ ၄ နာရီလောက် ရေပြန်စိမ်လိုက်ရတယ်။
ဒါနဲ့ ဘဲ…
သူကော ကျုပ်ကော ဘယ်သူကမှ စ မဆက်သွယ်တော့ လူမသိ သူမသိ ဇာတ်လမ်း ပီးသွားတာပေါ့။ တချို့ သိတဲ့လူတွေက ဘာလို့ ပြတ်သွားတာလဲ မေးတော့… ငတိမ က ခပ်တည်တည်နဲ့ ဘာပြန်ဖြေတယ်မှတ်လဲ
"အရသာ မကောင်းလို့" တဲ့ဗျ
အဲ့ဒီ့စကား သူနဲ့ကျုပ်ဘဲ နားလည်တယ်… …
Credit: Zay Yar
Lutaw Lupyaw
No comments:
Post a Comment