Sunday, April 5, 2015

" ဘယ်သူက အပျော်ဆုံးလဲ "

" ဘယ်သူက အပျော်ဆုံးလဲ "

တခါက ကျီးကန်းတကောင်ဟာ သူ့ဘဝသူ ကျေနပ် ပျော်ရွှင်နေပါသတဲ့။ တနေ့မှာ ငန်းဘဲဖြူတကောင်ကို ကျီးကန်းက တွေ့တဲ့အခါ။ ဒီငန်းဘဲကတော့ ဖြူစွတ်နေတာပဲ၊ သူဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံးသူ ဖြစ်နိုင်တယ်လို့ တွေးမိပြီး၊ ငန်းဘဲကို သူ့အတွေးအကြောင်း ပြောပြတယ်။

ငန်းဘဲကလည်း သိပ်မှန်တာပေါ့။ ငါဟာ ကြက်တူရွေးကို မမြင်ဘူးခင်ထိ ငါကိုယ်ငါ ဂုဏ်ယူပြီး အပျော်ရွင်ဆုံးလို့ ထင်ခဲ့တယ်။ ကြက်တူရွေးက အရောင်နှစ်ရောင်ရှိတယ်လေ။ အခုတော့ ငါထင်တယ် ကြက်တူရွေးဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံးဌက်ဖြစ်မယ်လို့ ပြောသတဲ့။

ဒီတော့ ကျီးကန်းလည်း ကြက်တူရွေးထံ ချဉ်းကပ်ပြီး မေးတဲ့အခါ။ ကြက်တူရွေးက အရောင်စုံတဲ့ ဒေါင်းတကောင်ကို မမြင်ဘူးခင်အထိ ငါဟာ အလွန်ပျော်ရွင်ခဲ့ဘူးတယ်၊ ငါ့မှာတော့ အရောင် နှစ်ရောင်ပဲရှိပြီး၊ ဒေါင်းမှာတော့ အရောင်မျိုးစုံ
ရှိတယ်လေ။ ဒါကြောင့် ဒေါင်းဟာ ကမ္ဘာမှာ အပျော်ဆုံးဌက် ဖြစ်မယ်လို့ ကျီးကန်းကို ရှင်းပြခဲ့တယ်။

ကျီးကန်းလည်း ဒေါင်းကို တွေ့ချင်တာနဲ့ လိုက်ရှာတဲ့အခါ၊ တိရိစ္ဆာရုံတခုထဲမှာ ရာချီတဲ့လူတွေ ဝိုင်းအုံကြည့်နေတဲ့ ဒေါင်းတကောင်ကို တွေ့ပါလေရော။ ကျီးကန်းဟာ လူတွေ ထွက်သွားတဲ့ အချိန်ထိစောင့်ပြီး၊ ဒေါင်းထံကို ချဉ်းကပ်ခဲ့တယ်။
အို အသင်ဒေါင်း၊ သင်ဟာ အလွန်လှပသူပါ။
နေ့စဉ်နေ့တိုင်း လူအများအပြားဟာ သင့်ကို လာရောက်ကြည့်ရှုကြတယ်။ ကျွန်ုပ်မှာတော့ လူတွေက မြင်တာနဲ့ မောင်းလွတ်တော့တာပဲ။ သင်ဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံးဌက်လို့ ကျွန်တော်ထင်တယ်လို့ မေးတဲ့အခါ။ ဒေါင်းက
ငါဟာ ကမ္ဘာမှာ အလှဆုံးနဲ့ အပျော်ရွှင်ရဆုံး ဌက်တကောင်လို့ ငါ့ကိုယ်ငါထင်ခဲ့တယ်။ ဒီအလှကြောင့်ပဲ ငါဟာ တိရိစ္ဆာန်ရုံထဲမှာ နေနေရတယ်။

ငါသေချာစဉ်းစားကြည့်လိုက်တဲ့အခါ ကျီးကန်းဟာ တိရိစ္ဆာန်ရုံထဲမှာ လှောင်အိမ်ထဲ အထည့်မခံရတဲ့ ဌက်ပဲ။ ငါသာ ကျီးကန်းတကောင်ဖြစ်ရင် သိပ်ကောင်းမှာပဲ၊ ငါဟာ လွတ်လွတ်လပ်လပ် ဆန္ဒရှိတဲ့နေရာကို သွားလာနိုင်မယ်လို့ ပြီးခဲ့တဲ့ရက်တွေကပဲ ငါတွေးနေခဲ့သေးတယ်
လို့ပြန်ပြောသတဲ့။

-----------------------------------------------------

ဒီပုံပြင်လေးကို ဖတ်လိုက်ရတော့ ဆရာကြီးတင်မိုး ရေးခဲ့တဲ့ အလှကိုယ်စီဆိုတဲ့ ကဗျာလေးကို အမှတ်ရမိတယ်။

ကဗျာလေးက ဒီလိုပါ ........

အလှကိုယ်စီ
ဖိုးလမင်းလည်း
သူ့အဆင်းနှင့် အလင်းနှင့်
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့် အစွယ်နှင့်
စံပယ်ဖူးလည်း
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်
ပိတောက်ဝါလည်း
သူ့အခါနှင့် နံ့သာနှင့်
မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်
စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့် လောင်းလှေနှင့်
မည်သည့်အရာ မဆိုသာတည့်
သူမှာကိုယ်မှာ အလှသာတည့်
သဘာဝလျှင် အလှကိုယ်စီ
စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏
အလှဝန်တို မငြင်ငြိုနှင့်
ဝန်တိုမှုသာ မလှရာတည့်
သူဂုဏ် သူသိန် သူအရှိန်နှင့်
အချိန်အခါ နေရာဒေသ
ဋ္ဌာနအလျှောက် အရေးရောက်သည်
စွမ်းလောက်နိုင်သူ ချည်းပါတကား .....

တင်မိုး

-----------------------------------------------------

အရာအားလုံးဟာ သူ့အလှနဲ့ သူရှိနေပြီးသားပါ။ ငါက ပိုလှတယ် သူက ပိုလှတယ်ဆိုပြီး၊ ပြောနေ ပြိုင်နေစရာမလိုပါဘူး။ ကျွန်တော်တို့ လူသားတွေဟာ ဒီပုံပြင်ထဲက ဌက်တွေလိုပါပဲ။ လူတိုင်းမှာ ကိုယ်ပိုင် အလှတရားနဲ့ ပျော်ရွှင်မှုတွေ ရှိနေကြပါတယ်။ သဘာဝက ပေးထားတဲ့ ကိုယ်ပိုင်အရာတွေ ရှိပေမဲ့ အခြားသူတွေနဲ့ မလိုအပ်တဲ့ နှိုင်းယှဉ်မှုတွေ လုပ်ပြီး စိတ်မကောင်းဖြစ်နေကြတယ်။ မနာလိုခြင်းတွေ ဖြစ်နေကြတယ်။ ပျော်ရွှင်ခြင်းရဲ့ လျှို.ဝှက်ချက်ကို ရှာဖွေပါ။ ဘယ်အရာက၊ ဘယ်လို စိတ်ကူးမျိုးက သင့်ကို ပျော်ရွှင်စေနိုင်မလည်းဆိုတာ လေ့လာပါ။ တပါးသူရဲ့ ပိုင်ဆိုင်မှုဟာ ကိုယ်နဲ့မတူ
သာလွန်တာတွေ ရှိနေခဲ့ရင်တောင် မုဒီတာ ပွားလိုက်ရုံပါပဲ။ ဘာကြောင့် စိတ်ဆင်းရဲခံနေဖို့ လိုအပ်ပါသလဲ။ သဘာဝတရားကြီးက လှပတဲ့ အရာတွေ ပျော်ရွင်ဖွယ် အချိန်တွေကို တဦးနဲ့တဦး မတူညီအောင် ပေးထားပြီးသားပါ။ မလိုအပ်တဲ့ နှိုင်းယှဉ်မှုတွေဟာ စိတ်ဆင်းရဲခြင်းကိုသာ ဖြစ်စေပါလိမ့်မယ်။

ရဲသူရိန်မင်း



lutawlupyaw

No comments:

Post a Comment