Wednesday, April 1, 2015

"ကျန်းမာရေး အယူအဆလွဲများ ( ၂ )"

"ကျန်းမာရေး အယူအဆလွဲများ ( ၂ )"

ပေါ်ပြူလာဖြစ်သော အကြောဆေးအားဆေးသွင်းခြင်း
မြို့ရော ရွာပါမကျန် အကြောဆေး အားဆေး သွင်းကြတာဟာ အရမ်းများပြီး ခေတ်စားကြပါတယ်။ အကြောဆေးအားဆေး မသွင်းပေးတဲ့ ဆရာဝန် ဆေးခန်းကိုဆိုရင် လူနာတွေက အထင်မကြီး မတတ်ဘူးလို့တောင် တချို့က ထင်တတ်ကြပါတယ်။

လူတွေ အများစု ထင်ထားတာက အကြောဆေး အားဆေးဆိုတာ ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ အကြောတွေ အရိုးတွေ သန်မာဖြတ်လတ် တက်ကြွပြီး ရောဂါတွေကင်းစင်၍ လန်းဆန်းတက်ကြွ စေတယ်လို့ သိထားကြပါတယ်။ အမှန်တကယ်တော့ သူတို့ထင်ထားသလို မဖြစ်နိုင်ပါဘူး။ ဒီနေရာမှာ ထိုးဆေးတွေ အကြောင်း ပြောပြချင်ပါတယ်။
ထိုးဆေး ( injection ) ဆိုတာ ကြွက်သား မှာ ထိုးရင် အသားဆေး ( IM )/ သွေးပြန်ကြောမှာ သွင်းရင် အကြောဆေး ( IV ) / အရေပြားအောက်မှာ ထိုးရင် (SC )/ အရေပြားအောက် အသားတစ်လွှာမှာ ထိုးရင် (ID ) စသည်ဖြင့် ခေါ်ပါတယ်။ ပိုးသတ်ဆေးတွေ /ဟော်မုန်းဆေးတွေ/ ဗီတာမင်ဆေးတွေ/ အာရုံကြော / ကင်ဆာဆေး စသည်ဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်ရင် လိုအပ်သလို ဆေးတွေ ထိုးသွင်းရတဲ့ နေရာတွေ နည်းလမ်းတွေဖြစ်ပါတယ်။
တချို့လူတွေက သူတို့ချစ်ခင်တဲ့ လူတွေ ဆွေမျိုးတွေ နေမကောင်းလို့ သတင်းသွားမေးရင် အကြောဆေး မသွင်းလိုက်ဘူးလား ? အကြောဆေးကမှ သက်သာတာ အမြန်ပျောက်တာ။ အသားဆေးက မစွမ်းဘူး မကောင်းဘူးဆိုပြီး ပြောတော့တာပဲ။ တခါတလေ ဆရာဝန်က မလိုအပ်လို့ ဆေးမထိုးလိုက်ဘူး ဆိုရင်...' ဟာ' ဆရာဝန်က ဆေးလဲမထိုးပေးဘူး။ ဘယ်လိုလုပ် ပျောက်မှာလဲ။ ဆေးထိုးချင်လို့ ဆေးခန်းလာပြတာ နို့မို့ဆိုရင် ဆေးဆိုင်မှာပဲ ဆေးစပ် သောက်လိုက်မှာပေါ့ ဆိုပြီး ပြောတတ်ကြပါတယ်။ ဒီလို အယူအဆ လွဲမှားကြပါတယ်။

အမှန်တကယ်တော့ 'အကြောဆေးအားဆေး' ဆိုတာ အားဆေး အရည်တွေကို လက်မှာရှိတဲ့ သွေးပြန်ကြောထဲ ထိုးသွင်းလိုက်တာပါ။ သွေးကြောထဲမှာ သွင်းလို့သာ အကြောဆေးလို့ လူတွေတချို့က ခေါ်တာပါ။ တကိုယ်လုံး အကြောတွေ တက်ကြွလန်းဆန်းစေလို့ အကြောဆေးလို့ ခေါ်တာ မဟုတ်ပါဘူး။ တကယ်လို့ အားဆေးကို ကြွက်သား ( ဥပမာ. တင်ပါး ) မှာ ထိုးရင် အသားဆေးလို့ ခေါ်လို့ရပါတယ်။
လူတွေတော်တော်များများ ခေါ်ကြတဲ့ အကြောဆေး ဆိုတာတွေထဲမှာ ဂလူးကို့စ်( glucose ) တို့ ဘာပလက် ( burplex )/ B12/ ကယ်လ်စီယမ်ဂလူကိုးနိမ့် ( Caglu ) တွေပါပါတယ်။ အဲဒိဆေးတွေ တစ်ခုမဟုတ်တစ်ခု ပေါင်းစပ်ပြီး သွင်းတာပါ။ ပြောလောက်အောင် လူကို မပြောင်းလဲစေနိုင်ပါဘူး။ မကောင်းပါဘူး။ တကိုယ်လုံး အကြောတက် ကိုက်ခဲလို့ မလန်းဆန်းရင် ရောဂါကြောင့်လား ဒါမှမဟုတ် သဘာဝအတိုင်း တခါတလေ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာလားဆိုတာ သိရအောင် ဆရာဝန်နဲ့ ပြသကြည့်ပါ။ ရောဂါကြောင့် မဟုတ်ဘူးဆိုရင် ရေများများသောက် အာဟာရ သင့်တင့်မျှတစွာစား လေ့ကျင့်ခန်းလုပ်ရင် ပြန်ကောင်းသွားမှာပါ။ အကြောဆေး သွင်းစရာ မလိုပါဘူး။ လူတွေရဲ့ စိတ်ကသာ အဓိကပါ။

တချို့ ဆရာဝန်ကြီးတွေဆိုရင် အကြောဆေး သွင်းမဲ့အစား အိမ်မှာ သကြားကို ရေနဲ့ဖျော် ဆားလေးနဲနဲခတ်ပြီး သောက်လိုက်။ ပြီးရင် အသီးလေးစားလိုက်။ ဒါဆို အကြောဆေးလို အာနိသင်ရ အန္တရာယ်ကင်းပြီး ပိုက်ဆံကုန်လည်း သက်သာတယ်လို့ ပြောကြပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဝေဒနာတစ်ခုခု ခံစားရမှ ဆေးခန်းပြပြီး ဆရာဝန် ညွန်ကြားချက်အတိုင်း လိုက်နာ ကုသမှုခံယူပါ။

အကြောဆေး သွင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်လေး တစ်ခုတည်းနဲ့ေ့တော့ ဆေးခန်းကို သွားပြမနေပါနဲ့တော့။ ဘာဖြစ်လို့လဲဆိုတော့ အချိန်လည်းကုန် ငွေကုန်ဖြစ်ပြီး သိပ်ပြီးတော့လည်း ကျန်းမာရေးအတွက် မထိရောက်ပါဘူး။ အခန့်မသင့်လို့ အကြောဆေးထဲမှာပါတဲ့ ဆေးတစ်ခုခုနဲ့ မတည့်ရင် အသက်အန္တာရာယ်ပါ ထိခိုက်နိုင်ပါတယ်။ ဒုက္ခရောက် နိုင်ပါတယ်။ ဆေးဆိုတာ မလိုအပ်ရင် မထိုးပါန့။ ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးများ ရှိပါတယ်ဆိုတဲ့ အကြောင်း ပြောပါရစေ။ ။

ဒေါက်တာ ပါရမီ
အထွေထွေ ရောဂါကု ဆရာဝန်



lutawlupyaw

No comments:

Post a Comment