Thursday, April 2, 2015

" ကျမ္မာဖို့ ရယ်ကြစို့ "

" ကျမ္မာဖို့ ရယ်ကြစို့ "

ရယ်မော ပျော်ရွှင်ခြင်းဟာ ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာစေပြီး၊ ငွေမကုန်စေတဲ့ သဘာဝဆေးစွမ်း တစ်လက်ဖြစ် ပါတယ်။ ဒါကြောင့်လည်း လွန်ခဲ့သော ရှေးနှစ်ရာပေါင်းများစွာ ကတည်းကပင် နိုင်ငံတကာ ဆေးသုတေသီများက “ရယ်မောခြင်းဟာ အကောင်းဆုံး ဆေးတစ်ခွက်” လို့  ဆိုခဲ့ကြပါတယ်။ အထူးသဖြင့် အမေရိကန်၊ အင်္ဂလန်နှင့် အိန္ဒိယနိုင်ငံတွေမှာ ရယ်မောခြင်း စင်တာ (၀ါ) ရယ်မောခြင်း သင်တန်းကို အထူးတလည် ဖွင့်လှစ် ထားကြပါတယ်။ အဲဒီ သင်တန်းရဲ့ ဆောင်ပုဒ်ကတော့ “ LOL ကိုမမေ့ကြနဲ နော့် ” တဲ့။ သူတို့ ပြောတဲ့ LOL (Laugh Out Loud) ဆိုတာကတော့ “အားရပါးရ ရီကြည့်စမ်းပါ” တဲ့ရှင်။ အဲဒီလို ရယ်မောဖို့ ဘာ့ကြောင့် ဆရာဝန်များက တိုက်တွန်း ကြပါသလဲ? အဖြေ ကတော့ လူသားတစ်ဦးအတွက် မရှိမဖြစ် (က) ကာယသုခ (၀ါ) ကိုယ်ကျမ္မာခြင်း (ခ) စိတ္တသုခ (၀ါ) စိတ်ချမ်းသာခြင်း (ဂ) မိတ္တသုခ (၀ါ) ချွေရံသင်းပင်း ပေါများခြင်း …. စသည့် အကျိုးကျေးဇူးများကို တပြိုင်တည်း ရရှိစေမှာ ဖြစ်လို့ပါဘဲ။

(က) ကာယသုခ

(၁) ရယ်စရာ ရုပ်ရှင်ကား တစ်ကားကို ထိုင်ကြည့်ခြင်းဟာ ဥယျာဉ်ထဲမှာ ပြေးလွှားနေသလောက် နှလုံး ကျန်းမားရေးအတွက် ကောင်းကျိုး ရစေပါတယ်။
(၂) ဟာသဇာတ်မြူးရုပ်ရှင် ဇာတ်ကားကို အချိန် ၇၅-မိနစ်ခန့် ထိုင်ကြည့်ခြင်းဖြင့် ကိုယ်ခံစွမ်းအားကို တိုးမြှင့်လာနိုင်ပါတယ်။
(၃) မိနစ်ဝက် (၃၀ စက္ကန့် ) လောက် ပျော်ရွှင် ရယ်မောခြင်းဟာ ၄၅-မိနစ်ခန့် ငြိမ်သက်စွာ အပမ်းဖြေအနားယူခြင်းလောက်ကို တန်ဖိုးတူညီပါတယ်။
(၄) မအောင့်အည်းနိုင်ဘဲ အူလှိုက်သည်းလှိုက် ရယ်မောခြင်းကြောင့် နှလုံးသွေးကြောတွေ ၅၀% လောက် ကျယ်လာ၍ နှလုံးသွေးကြောပိတ်ဆို့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ထိုဖြစ်ရပ်ဟာ အေရိုးဗစ် ၅-မိနစ် ကြာမျှ ကစားခြင်းနှင့် ညီမျှပါတယ်။
(၅) ၁၀-ကြိမ် ၁၀-ခါ နွေးထွေးစွာ ပြုံးရယ်ခြင်းဟာ ၁၀- မိနစ်လောက် အင်အားစိုက်ထုတ်ပြီး လှေလှော် အားကစား လေ့ကျင့်သလို သက်လုံကောင်းစေပါတယ်။
(၆) cortisol နှင့် adrenaline စသည့် မကောင်းသောဟိုမုန်းပမာဏများ လျော့ကျစေပါတယ်။
(၇) Endorphins (ခေါ်) ခန္ဓာကိုယ်တွင်း ကောင်းမွန်သော သဘာဝဓာတ်ပြုမှုတို့ကြောင့် နာကျင်ခြင်းဝေဒနာများမှ ယာယီ သက်သာ လာစေပါတယ်။
(၈) အားရပါးရရယ်မောပြီးနောက် ၄၅-မိနစ် ကြာသည် အထိ ကြွက်သားများကို ပြေလျော့စေပါတယ်။
(၉) နှလုံးနှင့် ရင်ခေါင်းရောဂါပြသနာများ မဖြစ်စေပါ။
(၁၀) သွေးတိုးကျစေပါတယ်။
(၁၁) သွေးထဲမှာ အောက်စီဂျင်ဓာတ် တိုးပွားလာပြီး ကောင်းစွာသွေးလည်ပတ် စီးဆင်းစေပါတယ်။
(၁၂) Gamma-interferon နှင့် T-cells စသော အကျိုးမပြု ဆဲလ်များကို သတ်ပေးပါတယ်။
(၁၃) တံတွေးမှ တဆင့် အအေးမိ ကူးစက်ဖျားနာခြင်းတို့မှ ကာကွယ်ပေးပါတယ်။
(၁၄) အားရပါးရ ရယ်မောချိန်မှာ အဆုတ်ထဲ ၀င်လာတဲ့လေက သာမန်ထက် ၃-ဆမျှ ပိုများလာပါတယ်။
(၁၅) နှစ်ခြိုက်စွာ အိပ်မောကျစေပါတယ်။
(၁၆) သက်ရှည် ကျမ္မာစေပါတယ်။

(ခ) စိတ္တသုခ

(၁) စိုးရမ်ကြောင့်ကျမှုမှ ပြေလျော့စေပါတယ်။
(၂) ရယ်မောနေစဉ်အတွင်း အလုံးစုံပျော်ရွှင်ရသော ဘ၀ကို ပိုင်ဆိုင်သလို ခံစားရပါတယ်။
(၃) ရယ်မောခြင်းဖြင့် စိတ်ဆင်းရဲခြင်းမှ ယာယီ သက်သာစေသလို၊ မကြာခဏဆိုသလို ရယ်ရွှင်ပေးခြင်းဖြင့် စိတ်ထောင်း ကိုယ်ကျေ မဖြစ်စေ တော့ပါဘူး။
(၄) ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးပွားလာစေပါတယ်။
(၅) စိတ်ကူးစိတ်သန်းနှင့် အတွေးသစ်ကောင်းများ ဖန်တီးလာစေနိုင်ပါတယ်။
(၆) စိတ်ပျို ကိုယ်နု လာစေပါတယ်။
(၇) မှတ်ဥာဏ် စွမ်းအား တိုးတက်ကောင်းမွန်လာပြီး၊ စာမေးပွဲတွင် ရမှတ်ကောင်းစေနိုင်ကြောင်း Johns Hopkins ဆေးတက္ကသိုလ်မှ အတည်ပြု ထားပါတယ်။
(၈) အားရပါးရ ရယ်မောပြီးနောက် အနည်းဆုံး နာရီဝက်ကြာသည်အထိ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို သက်သာစေနိုင်ပါတယ်။

(ဂ) မိတ္တသုခ

(၁) လူမှုပေါင်းသင်း ဆက်ဆံရေး ခိုင်မြဲစေပါတယ်။ (၂) ဟာသညဏ်ရွှင်ခြင်းက လူအများရဲ့အာရုံကို ကိုယ့်ဘက်ပါလာအောင် ဆွဲဆောင်နိုင်ပါတယ်။
(၃) အသင်းအဖွဲ့ (စည်းလုံးညီညွတ်) စိတ်ဓာတ် တိုးပွားစေပါတယ်။
(၄) တပါးသူ အခက်အခဲကို ကူညီဖြေရှင်းလိုစိတ် တဖွားဖွား ဖြစ်ပေါ်လာစေပါတယ်။
(၅) အရာရာကို အကောင်းမြင် အကြည့်နဲ့ ကြည့်တတ်လာပါတယ်။

ဇ၀နဥာဏ် (ခေါ်) ဟာသဥာဏ် ကွန့်မြူးခြင်းကလည်း လူချစ်လူခင်ပေါစေတာ ဧကန်မုချပါ။ ဒါပေမယ့် အူလှိုက်သည်းလှိုက် အရီလွန်ရင်တော့ ဗိုက်အောင့်ဗိုက်နာ တတ်တာမို့ သတိထားကြနော်။

ကိုးကား။ Mr.William Fry, M.D., of Stanford University


(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk



lutawlupyaw

No comments:

Post a Comment