"လူသတ်မှု ကျူးလွန်သူ နှစ်ရက် အတွင်း ဖမ်းမိ"
နေပြည်တော် ဧပြီ ၃
နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်တွင် လူသတ်မှုကျူးလွန်၍ မန္တလေးမြို့သို့ ထွက်ပြေးတိမ်းရှောင်သူအား ရဲတပ်ဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် နှစ်ရက်အတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၃ဝ ရက် နံနက် ၈ နာရီက လယ်ဝေးမြို့နယ် အနောက်တောင်အရပ် နှစ်မိုင် ကွာဝေးသော ရုံးတောကျေးရွာ၌ ၄င်းရွာတွင် နေထိုင်သော ဦးထွန်းထွန်းနိုင်သည် ရွာ၏တောင်ဘက် ကိုက် ၃ဝဝ ခန့် အကွာရှိ V4 လမ်းဘေး ကြက်ဟင်းခါးခင်းအနီး ရေတွင်းဟောင်းထဲတွင် လူသေအလောင်း တစ်လောင်း တွေ့ရှိကြောင်း လယ်ဝေးမြို့မရဲစခန်းသို့ သတင်းပေးပို့သဖြင့် ဒုရဲမှူး စိုးမင်းသိန်းနှင့်အဖွဲ့ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ သေဆုံးသူ၏ ခန္ဓာကိုယ်၌ ဘောင်းဘီအိတ်ကပ် အတွင်းမှ ၉/ပမန(နိုင်) ၂၆၈ဝ၆၄ မှတ်ပုံတင်ကတ်ပြား တစ်ခု၊ ယာဉ်မောင်းလိုင်စင် တစ်ခု၊ ငွေကျပ် ၈ဝဝဝဝ တို့ တွေ့ရှိရပြီး အဆိုပါ မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်တို့အရ ပေါင်းလောင်း (၂) လမ်း ပျဉ်းမနားမြို့နေ ထိန်လင်းထွန်း (၂၃ နှစ်) ဖြစ်ကြောင်း သိရသည်။
ထိန်လင်းထွန်းအား ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးမှုအပေါ် ဦးထွန်းထွန်းနိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် လယ်ဝေးမြို့မရဲစခန်းမှ အဆိုပါအမှုအား အဆင့်ဆင့်တင်ပြ၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးတို့က အမှုမှန် ပေါ်ပေါက်ရေး ဆောင်ရွက်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ ထိန်လင်းထွန်းသည် မတ် ၂၉ ရက်တွင် လယ်ဝေးမြို့ဘက်သို့ ကြွေးတောင်းရန် ပုဗ္ဗသီရိမြို့နယ် အောင်သာယာရပ်ကွက်ရှိ အနှိပ်ခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်သူ သူရိန်ထွန်း (ခ) ရန်ပိုင်ဖြိုး (၂ဝနှစ်) အမှတ် (၁) ရပ်ကွက် လယ်ဝေးမြို့နယ် နေသူကို ဆိုင်ကယ်ကယ်ရီလိုက်ပို့ပေးရန် အငှားခေါ်သွားကြောင်း စုံစမ်းသိရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များသည် သူရိန်ထွန်း (ခ) ရန်ပိုင်ဖြိုး အလုပ်လုပ်ကိုင်သော ပုဗ္ဗသီရိမြို့နယ် ရာဇဌာနီလမ်းမကြီးအနီးရှိ အနှိပ်ခန်း တစ်ခန်းသို့ သွားရောက်စုံစမ်းရာ မော်တော်ဆိုင်ကယ်တစ်စီး ထားခဲ့ပြီး မန္တလေးမြို့ ကျွဲဆည်ကန်ကားဝင်း မြောက်ဘက် ရွှေအိမ်စည်မိုတယ်တွင် တည်းခိုရန် ထွက်သွားကြောင်း သိရ၍ နေပြည်တော်ရဲတပ်ဖွဲ့မှူး မှုခင်းအကူဌာနမှ ဒုရဲမှူး စိုးညွန့် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် မတ် ၃၁ ရက် ညတွင်းချင်း မန္တလေးသို့ သွားရောက်ရှာဖွေရာ ကျွဲဆည်ကန် ကားကြီးဝင်းမြောက်ဘက် ဝင်ပေါက်အနီးရှိ ရွှေအိမ်စည် မိုတယ်အခန်း အမှတ် (၂ဝ၂) တွင် တည်းခိုနေသော သူရိန်ထွန်း (ခ) ရန်ပိုင်ဖြိုးအား ဧပြီ ၁ ရက် မွန်းလွဲ ၁ နာရီက ခေါ်ဆောင်လာကာ လယ်ဝေးမြို့မရဲစခန်းတွင် ဆက်လက်စစ်ဆေးခဲ့ကြောင်း။ ၎င်းက မတ် ၂၉ ရက် နံနက် ၁၁ နာရီခန့်က သေဆုံးသူ ထိန်လင်းထွန်းအား လယ်ဝေးမြို့ ရုံးတောရွာတွင် ကြွေးတောင်းရန် မော်တော်ဆိုင်ကယ် ကယ်ရီခေါ်သွားကြောင်း၊ ကြွေးတောင်းသည့်အိမ်တွင် ကြွေးမရ၍ သူရိန်ထွန်းက စောင့်တောင်းရာ အချိန် ၂ နာရီထိ ကြာမြင့်သော်လည်း ထူးခြားမှုမရှိသည့်အတွက် ထိန်လင်းထွန်းက ဆက်လက်မစောင့်နိုင်တော့ကြောင်း ပြောဆိုရာမှ စကားများ ရန်ဖြစ်စဉ် သူရိန်ထွန်းက အသင့်ပါလာသော ဘောင်းဘီအိတ်ကပ်အတွင်းမှ အရိုးအသွား ရှစ်လက်မခန့်ရှိ မောင်းချဓားဖြင့် ထိန်လင်းထွန်းအား ဓားဖြင့်ထိုးခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ အလောင်းအား အနီးရှိ ကြက်ဟင်းခါးခြံအတွင်းရှိ ရေတွင်းဟောင်းထဲသို့ ပစ်ချပြီး နှမ်းရိုးခြောက်များဖြင့် ဖုံးအုပ်ပြီး ဓားကို တဲအနီး နွားချေးပုံအတွင်းသို့ ထိုးသွင်းဝှက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသောကြောင့် လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမင်းသန့်၊ လယ်ဝေးမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးမင်းသိန်းနှင့်အဖွဲ့က အခင်းဖြစ်ရာ နေရာသို့သွားရောက်ပြီး ပြစ်မှုကျူးလွန်သူ ရန်ပိုင်ဖြိုးက ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် အရိုးအသွား ရှစ်လက်မခန့်ရှိ သံရိုးတပ် မောင်းချဓားတစ်ချောင်းအား အခင်းဖြစ်ပွားသည့် ယာတဲ မြောက်ဘက်တွင် ကပ်လျက်ရှိသည့် နွားချေးပုံအတွင်း ဝှက်ထားသည်ကို သက်သေများ၏ရှေ့တွင် လိုက်လံပြသသဖြင့် မှတ်တမ်းဓာတ်ပုံရိုက်၍ ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်း ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လယ်ဝေး မြို့မရဲစခန်းမှ ပြစ်မှုကျူးလွန်သူကို ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရန်အတွက် တရားရုံးသို့ အမြန်ဆုံး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းလတ်
(မန်းတက္ကသိုလ်)
Myanmaalinn
lutawlupyaw
No comments:
Post a Comment