Friday, April 3, 2015

"ကလေးငယ် အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ နှစ်ဦးအား တာချီလိတ် ရဲတပ်ဖွဲ့မှ စစ်ဆေးနေပြီ"

"ကလေးငယ် အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ နှစ်ဦးအား တာချီလိတ် ရဲတပ်ဖွဲ့မှ စစ်ဆေးနေပြီ"

တာချီလိတ်၌ မတ်လ (၂၇) ရက်နေ့က ဖြစ်ပွားခဲ့သည့် (၆) နှစ်အရွယ် ကလေးငယ် မိန်းကလေးတစ်ဦး ပျောက်ဆုံးပြီး အသတ်ခံရသည့် အမှုနှင့် ပတ်သက်၍ စစ်ဆေးရန် မှုခင်းဆေးစာစောင့်ဆိုင်းလျှက်ရှိပြီး သံသယရှိသူ (၂) ဦးအား စစ်ဆေးလျှက်ရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"အမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် လူနှစ်ဦးကို ကျွန်တော်တို့ ခေါ်ယူထားရှိပြီး ဆက်လက်စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်..” ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်းက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ထိုင်းနိုင်ငံမှ သေဆုံးသူ၏ အလောင်းအား မှုခင်းစစ်ဆေးမှုအဖြစ် အရင်ဆုံးပြုလုပ်ခြင်းဖြစ်ပြီး အဖြေရလာဒ်မှာ တာချီလိတ်သက်ဆိုင်ရာသို့ ရောက်ရှိလာခြင်း မရှိသေးကြောင်းနှင့် အဆိုပါ ဆေးစစ်ချက် မှတ်တမ်းအား ခွဲစိတ်သည့် နေ့မှစ၍ (၅) ရက်ခန့် ကြာမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ ရောက်ရှိလာသော ဆေးစစ်ချက် အဖြေနှင့် တာချီလိတ်ဆေးရုံမှ မှုခင်းဆရာဝန်၏ စစ်ဆေးချက် အဖြေကို တိုက်ဆိုင်၍ စစ်ဆေးရန်လိုအပ်ကြောင်းနှင့် ခိုင်လုံသော သက်သေခံပစ္စည်းများအား ရှာဖွေ စုဆောင်းလျက်ရှိကြောင်း တာချီလိတ်ရဲစခန်းမှ သိရသည်။

လူသတ်မှုတွင် မည်သည့်အတွက်ကြောင့် သေဆုံးခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ မှုခင်းဆရာဝန်၏ အဖြေသည် အရေးကြီးကြောင်း ရှေ့နေများ အသိုင်းအ၀ိုင်းမှ သိရသည်။

ယခုလက်ရှိ ထွက်ပေါ်နေသော ကောလာဟလများနှင့် ပတ်သက်၍ “လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့ဘုတ်တွေပေါ်မှာ သေဆုံးသွားတဲ့ ကလေးငယ်ဟာ ၀မ်းတွင်းကလီစာတွေ ထုတ်ခံထားရပြီး သေဆုံးတာတွေ၊ မျက်ကြည်လွှာထုတ်ခံရပြီး သေတယ်ဆိုတာတွေ အပြင်၊ တရားခံမိပြီ ဆိုပြီး ပြောနေတာရယ်၊ ဖမ်းမိထားတဲ့ တရားခံကို လူအများမြင်ကွင်းမှာ ထုတ်ဖော်ပြသသွားမည် ဆိုတဲ့ ကောလာဟလတွေကို ချင့်ချိန်ပြီးမှ အများပြည်သူများ ယုံကြည်ကြစေချင်ပါတယ်၊ ကျွန်တော် ကိုယ်တိုင်လည်း ရဲစခန်းကို မေးကြည့်ပြီးပါပြီ၊ သံသယရှိတဲ့ လူနှစ်ဦးကို စစ်ဆေးနေတယ်လို့ သိရပါတယ်၊ ကောလာဟလတွေ မလွှင့်ကြပါနဲ့ ကျန်ရစ်သူရဲ့ မိသားစုကို အားနာကြပါလို့ ပြောကြားလိုပါတယ်" ဟု မဇ္ဈိမလူမှုကူညီရေးအသင်း (တာချီလိတ်) ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်အွန်လိုင်းသို့ ပြောကြားသည်။

လူသတ်မှုအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၇၁/၂၀၁၅ ပြစ်မှုပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်းနှင့် သေဆုံးသူ၏ အလောင်းအား မတ်လ (၂) ရက်နေ့ နေ့လယ် (၁) နာရီ အချိန်က တာချီလိတ်မြို့မသုဿန်တွင် မီးသဂြုင်္ိဟ်ပြီးကြောင်း သိရှိရသည်။


Tachileik Online News



lutawlupyaw

No comments:

Post a Comment