Monday, April 6, 2015

"ငါးထောင်တန်အသစ်သုံးစွဲသူများကြား ပြဿနာရှိနေ"

"ငါးထောင်တန်အသစ်သုံးစွဲသူများကြား ပြဿနာရှိနေ"

လုံခြုံရေးဆိုင်ရာ တိုးမြှင့်ပြီး ထုတ်လုပ်ထားသည့် ငွေစက္ကူ ကျပ် ငါးထောင်တန်အသစ် သုံးစွဲရာတွင် ပြဿနာများရှိနေ၍ လူအများပိုမိုသိရှိရန် ဗဟိုဘဏ်က ထပ်မံကြေညာပေးသင့်ကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်များက ပြောကြားသည်။

အဆိုပါ ငါးထောင်ကျပ်တန်ကို  ငွေစက္ကူအတုဟု ထင်၍ ကုန်ပစ္စည်းများဝယ်ယူရာတွင် လည်းကောင်း၊ စားသောက်ဆိုင်များတွင်  ငွေရှင်းရာ၌ လည်းကောင်း လက်မခံသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ကိုယ်တိုင်ကြုံတွေ့သူများက ပြောသည်။

‘‘၀ယ်သူက ငါးထောင်တန် အသစ်ပေးတာကို ရောင်းတဲ့ သူက အတုထင်လို့ အုပ်ချုပ်ရေးမှူးရုံးတွေ ဘာတွေထိရောက်တယ်’’ ဟု စမ်းချောင်းမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။
 ‘‘စားသောက်ဆိုင်တချို့မှာလည်း ဒီငွေကို လက်မခံဘူး။ သူတို့က အတုတော့ မပြောဘူး။ ပြန်လဲခိုင်းတယ်’’ ဟု လူသုံးကုန်ပစ္စည်းများ ပြည်ပမှ တင်သွင်းရောင်းချနေသူ တစ်ဦးကလည်း ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

‘‘ငွေစက္ကူအတုသတင်းတွေ ကမကြာခဏ ကြားနေတော့ ပုံစံအသစ်နဲ့ ဒီငါးထောင်တန်ကို လူထုက မယုံတာပါ။ ဘဏ်တွေမှာတော့ ပြဿနာမရှိဘူး’’ ဟု မြန်မာ့ရှေ့ဆောင်ဘဏ် ဒုမန်နေဂျင်းဒါရိုက်တာ ဦးကျော်စိုးမင်းက ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မား၍ အရည်အသွေးပိုမိုကောင်းမွန်ပြီး ကြာရှည်အသုံးခံနိုင်မည့် ငါးထောင်ကျပ်တန် အသစ်ကို ၂၀၁၄ အောက်တိုဘာ ၁ ရက်မှစတင်၍ ထုတ်ဝေခဲ့သည်။ သို့သော် ယင်းငွေစက္ကူအသစ်သည် ဗဟိုဘဏ်မှ ထုတ်ဝေပြီးနောက် ငါးလကျော်ကြာမှ ပြည်သူများဆီသို့ ရောက်လာသည်။ ထုတ်ဝေပြီး နောက် ကာလတစ်ခုဖြတ်သန်းခဲ့ရချိန်တွင် ငွေစက္ကူအတုများ မြန်မာနိုင်ငံနေရာအနှံ့တွင် ဖမ်းဆီးရမိသော သတင်းများကြောင့် လူအများက စိုးရိမ်ပိုခဲ့သည်။ ယင်းကဲ့သို့ စိုးရိမ်မှုသည် အရောင်းအ၀ယ်ပြုလုပ်ရာတွင် ယုံကြည်မှု ပျက်ပြားပြီး ပြဿနာများဖြစ်ရသည့် အခြေအနေမျိုး ကြုံတွေ့နေရခြင်း ဖြစ်သည်။

အသစ်ထုတ်လုပ်လိုက်သည့် ငွေစက္ကူ ငါးထောင်ကျပ်တန် အသစ်သည် ယခင်ဗဟိုဘဏ်က ထုတ်လုပ်ထားသော ငွေစက္ကူ နှင့် အရောင်အသွေး၊ အရွယ်အ စားဆင်တူသော်လည်း ကွဲပြားခြားချက်အချို့ရှိသည်။ ငွေစက္ကူ အသစ်တွင် ငွေကြိုးသည် ရွှေဝါရောင်ဖြစ်ပြီး အပြားကြီးသည်။ ငွေစက္ကူအဟောင်းမှာ ငွေကြိုးသည် အဖြူရောင်ဖြစ်ပြီး အပြားသေး ငယ်သည်။

ထို့အပြင် ငါးထောင်ကျပ်တန် ငွေစက္ကူအသစ်၏ လက်ယာဘက်ရေစာတွင် ဆင်ဖြူတော်သည် ငါးထောင်ဟုရေးထားသော ဂဏန်းလေးလုံးတွင် သုညဘက်ကို ခေါင်းလှည့်ထားသည်။ ငွေစက္ကူအဟောင်းမှာ ငါးဘက်သို့ ခေါင်းလှည့်ထားသည်။ ငွေစက္ကူ အသစ်တွင် ရေစာ၌ ရေးဆွဲထားသော ဆင်ဖြူတော်အမြီးပိုင်းပေါ်တွင် လုံးဝန်းသော စည်းတံဆိပ်ကဲ့သို့ ပါဝင်ပြီး ယင်းသည် ဆင်ဖြူ တော်၏ နောက်တွင်ရှိနေသည်။ ငွေစက္ကူဟောင်းမှာ ယင်းအမှတ် သားမပါဘဲ ဆင်ဖြူတော်သာ ပါဝင်သည်။ ယင်းကွဲပြားခြားနားမှုမှ အပ ပုံသဏ္ဌာန်နှင့် အရောင်ဆင်း သတ်မှတ်ချက်သည် မူလ ငါးထောင်ကျပ်တန် ငွေစက္ကူအတိုင်းပင် ဖြစ်သည်။

‘‘ငွေစက္ကူတွေ အသစ်ထုတ်တာက အတုတွေလိုက်မတုနိုင်အောင် ထုတ်တာ။ အမေရိကန် ဒေါ်လာကိုလည်း မကြာခင်ကမှ အသစ်ထုတ်ထားတယ်။ ဒါပေမဲ့ အသစ်ထုတ်ပြီး တိုင်းပြည်ကို ကျယ်ကျယ်ပြန့်ပြန့်အသိပေးဖို့ လိုတယ်’’ ဟု ကမ္ဘောဇဘဏ်အကြီး အကြံပေးပုဂ္ဂိုလ် ဦးသန်းလွင်က ပြောကြားသည်။

လက်ရှိ အသစ်ထုတ်လုပ်ထားသော ငါးထောင်ကျပ်တန် ငွေစက္ကူအသစ်သည် စက္ကူအရည်အသွေး ကောင်းပြီး လုံခြုံရေးစည်းဖြစ်သော ငွေကြိုးမှာလည်း အရောင်ပြောင်းသောစနစ်ဖြင့် ထုတ်လုပ်ထားသည့်အတွက် ငွေစက္ကူ အတု လိုက်ထုတ်ရန် ခက်ခဲကြောင်း ဦးသန်းလွင်က ရှင်းပြသည်။



Credit : 7day Daily



lutawlupyaw

No comments:

Post a Comment