Monday, April 6, 2015

"အရေးပေါ် သွေးလိုနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို သွေးလှူဒါန်းခဲ့တဲ့ အေးမြတ်သူ"

"အရေးပေါ် သွေးလိုနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို သွေးလှူဒါန်းခဲ့တဲ့ အေးမြတ်သူ"

အေးမြတ်သူက ကွမ်းလုံမြို့ကို ဒုတိယအကြိမ် ၁ ပတ်ကြာ ထပ်မံသွားရောက်ခဲ့ပြီး စစ်ဘေးရှောင် ပြည်သူတွေကို စိတ်ဓာတ်ခွန်အားတွေ ပေးခဲ့သလို အရေးပေါ်သွေးလိုနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအတွက်လည်း သွေးလှူဒါန်းခဲ့ကြောင်း ပြောပါတယ်။ သွေးလှူ ဒါန်းဖြစ်ခဲ့ပုံကို အေးမြတ်သူက "အဲဒီမှာ သွေးမေတ္တာပရဟိတ အသင်းရှိတော့ ဆေးရုံက အရေးပေါ် သွေးလိုတယ်ဆိုတာနဲ့ လှူဖြစ် သွားတာပါ။ ကောင်မလေးက ကိုယ်ဝန်ရှိတယ်။ သွေးက အရေးပေါ် လိုနေတာနဲ့ လှူလိုက်တာပါ။ ပထမဆုံးအကြိမ် သွေးလှူဖြစ်တာပါ။ ကြည်နူးတယ်။ သွေးက ဒုတ်ဒုတ်နဲ့ဆင်းနေတာ မြန်တယ်။ သွေးအား ကောင်းတယ်လို့ပြောတယ်။ အဲဒါကို ကြည့်ပြီး ပီတိဖြစ်တယ်။ ကိုယ့်သွေးနဲ့ လူတစ်ယောက် အသက်ရှင်နိုင်တယ်။ ပိုပြီး ကုသိုလ်ကံကောင်းတယ် ဆိုရင် ဗိုက်ထဲကကလေးလေးပါ ဆက်ကယ်လို့ရမယ်လို့ မျှော်လင့်မိတယ်။ အခုလို သွားတာကလည်း သူတို့တွေဘာလိုအပ်မလဲ လိုအပ်တာတွေကို တတ်နိုင်သလောက်အခုလို ဖြည့်ဆည်းဖို့ အတွက်သွားတာပါ" လို့ ပြောပါတယ်။

ကွမ်လုံမှာ ရောက်ရှိနေကြတဲ့ ဝေဠုကျော်နဲ့ အေးမြတ်သူတို့က တိုက်ပွဲဖြစ်နေတဲ့နေရာက သူတွေကို ကူညီကယ်ဆယ်ဆောင်ရွက်ရင်း အသက်ပေးဆပ်ခဲ့တဲ့ ကြက်ခြေနီ ကိုမိုးကျော်သန်းရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို နွေးနွေးထွေးထွေးနဲ့ သွားရောက်အားပေးခဲ့ကြပါတယ်။
"မတ်လ ၂၆ ရက်မှာ သူအခြေအနေမကောင်းဘူး ဆိုတာကြားတယ်။ ၂၇ ရက်နေ့မှာ ဆုံးသွားတာ သေချာသွားပြီ။ သူ့မိသားစုဆီကို ဒီသတင်း မရောက်ဘူး။ ဖုန်းတွေလည်းမရှိဘူး။ ကိုယ်တွေသိလို့သွားပြောတော့ နေ့လည် ၂ နာရီတောင်ရှိနေပြီ။ အသုဘချဖို့ အားလုံးစီစဉ်ပြီးမှ သူတို့အိမ်ကို သွားကြတယ်။ ကလေးတွေကတော့ ကိုယ်တွေလာတော့ ပျော်နေတာပေါ့။ နောက်မှပြောပြတော့ ငိုကြတယ်။ သူတို့အတွက်က ဒီတစ်ယောက်ပဲ အားကိုးစရာရှိတယ်။ အဖေတစ်ယောက် အနေနဲ့ရော၊ အိမ်ထောင်ဦးစီးတစ် ယောက်အနေနဲ့ရော အားလုံးက သူ့ကိုပဲ အားကိုးနေကြရတာ။ သူတို့ အတွက်ကတော့ ရွှေတောင်ကြီးပြို သွားသလိုပဲပေါ့။ ကလေးတွေက လူမမယ်ကျောင်းသားအရွယ်တွေပဲ။ အလုပ်ထွက်လုပ်ရလောက်အောင် အသက်အရွယ်လည်း မဟုတ်ဘူး။ သူတို့အတွက် သနားတယ်။ ကလေးတွေကငိုတော့ ကိုယ်လည်း မခံစားနိုင်တော့ဘူး" လို့ ကြေကွဲဝမ်းနည်းခဲ့ ရကြောင်း ပြောပြပါတယ်။


ခိုင်ဝေလွင်
Popular Journal



lutawlupyaw

No comments:

Post a Comment