"နှစ်မ လက်လျှော့ နေလေတော့...သို့မဟုတ် ၂၀၁၅-မြန်မာနိုင်ငံ သမ္မတရွေးပွဲ၏ အိပ်မက် ကုန်ရာ"
မြန်မာနိုင်ငံ၏ ၂၀၁၅-ခုနှစ် ဒီမိုကရေစီ ရွေးကောက်ပွဲသည် စိတ်လှုပ်ရှားဖွယ်၊ စိတ်ဝင်စား ဖွယ်တို့ဖြင့် စောင့်ကြိုနေလေပြီ။ တစ်ချိန်တည်းတွင် ထစ်ကနဲဆို ကလေးဆိုး တစ်ယောက်ကဲ့သို့ စိတ်ကောက်ခါ စိတ်နောက် ဗျာပွေ ကျန်ခဲ့လေဦးတော့မည့် "ထင်" တစ်လုံးပိုင်ရှင် ("စေ"တစ်လုံးပိုင် ရှင်မဟုတ်) သူများကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ကြရတော့မည်။
လူတိုင်းတွင် "ကိုယ်ထင် ကုတင် ရွှေနန်း" မြန်မာစကားပုံအရ ထင်ချင်တာ ထင်ခွင့်ရှိပါ၏။ ဥပမာအားဖြင့် ဆရာဝန်၊ အင်ဂျင်နီယာ၊ အလှမယ်... စသည် ဖြစ်မည်ဟု ရည်မှန်းထားသူတိုင်းက ထို ရည်မှန်းထားသည့်အတိုင်းပင် ဖြစ်လာမည်ဟု ထင်တတ်ကြသည်မှာ လောကဓမ္မတာဟု ဆိုနိုင်ပါ၏။ ကုန်ကုန်ပြောရလျှင်.. တိုင်းပြည်၏ အမြင့်ဆုံး သမ္မတရာထူးကိုပင် ရနိုင်သည်ဟု ထင်ခွင့်ရှိ
ပါသည်။ သို့သော်....ယင်း "အထင်" သည် လက်တွေ့တော့ မဟုတ်သေးကြောင်း ကောင်းစွာ နားလည် ထားရ မည် ဖြစ်သကဲ့သို့၊ အမှန်တကယ် အကောင်အထည် ပေါ်မလာတတ်သည်များလည်း ရှိနေနိုင်သေးကြောင်းကို ကောင်းစွာ လက်ခံထားရပေမည်။
မြန်မာပြည်၏ သမ္မတဖြစ်ချင်သူများကို သို့မဟုတ် သမ္မတဖြစ်မည်ဟု "ထင်" နေသူများကို လက်ချိုး ရေတွက်ပါက အထင်ရှားဆုံးနှင့် အသံအကျယ်လောင်ဆုံး နည်းမျိုးစုံသုံး၍ ဟစ်ကြွေးနေသူများတွင် သူရ ဦးရွှေမန်းနှင့် သူ၏ လက်တွဲဖော် (နိုင်ငံရေး) ဇာတ်လိုက်ကျော် ဒေါ်စုကြည် တို့ပင်ဖြစ်၏။
ထိုသူ နှစ်ဦးထဲတွင် လွှတ်တော် ဥက္ကဌလည်းဖြစ်၊ စစ်ရေး၊ လုံခြုံရေး အတွေ့အကြုံလည်းရှိ၊ ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိ ဥက္ကဌလည်းဖြစ်၍၊ မိသားစုဘ၀တွင်လည်း သမ္မတဖြစ်ရေးကို အဟန်ု့အတား ဖြစ်လောက်အောင် အခြေခံဥပဒေနှင့် ငြိစွန်းမှုမရှိသည့်အတွက် သူရဦးရွှေမန်း၏ သမ္မတ ဖြစ်လာရေး "အထင်" သည် အတိုင်းအတာ တစ်ခုအထိ ဖြစ်နိုင်ခြေများသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ဤသည်မှာလည်း "အထင်" မျှသာ ဖြစ်နေသေးသည်ကို သတိရသင့်ပါသည်။
အများနှင့်မတူ တစ်မူထူးခြား အငြင်းပွားနေရသည်ကား... ဒေါ်စုကြည်၏ မြန်မာသမ္မတဖြစ်ရေး "ထင်ကြေး" ပင် ဖြစ်ပါသည်။ တကယ်တော့ ထို "ထင်ကြေး" မျှသာ မဟုတ်သေးဘဲ၊ ဒေါ်စုကြည်၏ အိမ်ထောင်ရေးနှင့် မိသားစုဘ၀ ရွေးချယ်ခဲ့ပုံ အပါအ၀င် သူမကို ၀န်းရန် နေသူများသည်လည်း အနည်းနှင့် အများ အငြင်းပွားနေရသည့် အချက်များပင်ဖြစ်သည်။ မြန်မာပြည်၏ နိုင်ငံရေး သမိုင်းနှင့် သမိုင်းပေး လိုအပ်ချက်များအရ ခေတ်အဆက်ဆက်တွင် ရေးဆွဲ ကျင့်သုံးခဲ့သော ဥပဒေဆိုင်ရာ "စံ" သတ်မှတ်ချက်များသည် ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက် လုံးဝ မပါဝင်ကြောင်း နားလည်၊ လက်ခံ၊ လိုက်နာ ကျင့်သုံးရမည်မှာ နိုင်ငံရေး ရည်မှန်းချက်ရှိသူတိုင်း၏ ဦးစားပေး တာဝန်ဖြစ်သည်။ ဥပမာအားဖြင့် မသိ၍ဖြစ်စေ၊ သို့မဟုတ် "သိလျှက်နှင့်ပင် ၀ိပါက်ကြမ္မာငင်" ၍ ဖြစ်စေ နားလည်မှုလွဲမှားနေသည်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဒေါ်စုကြည်ကို ငြိအောင် ကန့်ထား၊ ဟန့်ထား၏ ဟု တစ်ဖက်သတ် စွပ်စွဲထားချက်ပင်ဖြစ်၏။ မှားလေစွ။ အဘယ့်ကြောင့်ဆိုသော်...ဒေါ်စုကြည်ကသာ အခြေခံ ဥပဒေနှင့် လာပြီး "ငြိ" "ထိ" နေခြင်းဖြစ်ပါ၏။ အခြားသော အမျိုးသမီး (သို့) အမျိုးသား တစ်ဦး တစ်ယောက် ဖြစ်နေလျှင်လည်း ထိုဥပဒေနှင့် ထိပ်တိုက် တွေ့မည်သာဖြစ်ပါ၏။ အထူးသဖြင့် အခြေခံ ဥပဒေပုဒ်မ ၅၉(စ) သည် အမျိုးသားရေး၏ အသက်သွေးကြောဖြစ်သည်ဟုပင် ဆိုနိုင်ပါသည်။ တိုင်းတစ်ပါးသား လူမျိုးခြားနှင့် အိမ်ထောင်ပြု၊ လင်ယူ-သားမွေး လုပ်ထားသူသည် သမ္မတရာထူးနှင့် လုံးဝ မအပ်စပ်ကြောင်း၊ မထိုက်တန်ကြောင်း အတိအလင်း သတ်မှတ်ပေးထားခြင်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အပြည့်အ၀ ကာကွယ်ထားခြင်းသာဖြစ်၏။
သမိုင်းပေး သစ္စာတရားအရ ပုဒ်မ ၅၉ (စ) သည် ဒေါ်စု အပါအ၀င် အချို့သူများ ထင်ယောင်ထင်မှား ဖြစ်နေ၊ ဟောပြောနေသကဲ့သို့၊ လူတစ်ဦး တစ်ယောက်ကို ကာကွယ်ရန် မဟုတ်သလို၊ မည်သူ့ကိုမျှလည်း ရည်ညွှန်း ရေးဆွဲထားခြင်း မဟုတ်ပါ။ ထို့ကြောင့် မည်သူ တစ်ဦးတစ်ယောက် အတွက်မှလည်း ပုဒ်မ ၅၉(စ) ကို ပြင်မပေးနိုင်ပါ။ ပမာပြရလျှင်..အနေအထိုင် မဆင်ခြင်၍၊ အမြော်အမြင် အသိဥာဏ် မ၀င်နိုင်၍၊ လမ်းမှာ ခလုပ်တိုက်ပြီး အနာတရ ဖြစ်နေသူ၏ ဒဏ်ရာကို ဆားနှင့် ပက်လိုက်ပါက ခပ်စပ်စပ်၊ နာကျင်သော ဝေဒနာကို သေချာပေါက် ခံစားရပါလိမ့်မည်။ မျက်စိ မျက်နှာ မလှအောင်လည်း ဖြစ်ရပါလိမ့်မည်။ ဤတွင် မေးစရာရှိလာသည်မှာ ထိုသို့ ဖြစ်ရခြင်းသည် ဆားကြောင့်လော၊ ဒဏ်ရာကြောင့်လော၊ ဒဏ်ရာရအောင် ခလုပ်တိုက်ခဲ့သူကြောင့်လော။ သို့မဟုတ်ပါက ဒဏ်ရာရအောင် နေခဲ့သူနှင့် ဒဏ်ရာ နှစ်မျိုးစလုံးကြောင့်လော။ နှစ်မျိုးစလုံးကြောင့်ပင်ဟု ဖြေမှ အမှန်ဖြစ်ပါသည်။ ဒဏ်ရာဟူသည် ဒဏ်ရာရသူနှင့် အတူရှိနေသောကြောင့်ပင်။ သေချာသည်မှာ ဒဏ်ရာ မရှိသူသည် မည့်သည့် ဆားနှင့်ပင် ပက်စေဦးတော့ ဘယ်သောအခါမှ နာကျင်၊ စပ်ဖျင်းသော ဝေဒနာကို ခံစားရလိမ့်မည် မဟုတ်ပါ။ ဒဏ်ရာကြောင့်သာလျှင် ဆားက စပ်ခြင်း၊ နာကျင်ခြင်းကို ဖြစ်စေသည်ဟု သဘာဝကို အခိုင်အမာ နားလည်သင့်ပါသည်။ ဒဏ်ရာ မရှိလျှင် ဝေဒနာ မခံစားရပါ။
အလားတူပင် ဒေါ်စု၏ အချစ်တဏှာခရီးလမ်း ဘ၀တစ်ကွေ့တွင်၊ အပြစ်အနာ များစွာဖြင့် လျှောက်လှမ်းခဲ့စဉ်က မိုးမမြင် လေမမြင်ဖြစ်နေ၍ ဒဏ်ရာကို သတိမထား၊ အချိန်မီ ကုစားရန် ပျက်ကွက်ခဲ့လေသည်။ ဆေးပေးသူ အမြော်အမြင်ရှိသူ အမျိုးသားရေး ဆရာဝန် တည်းဟူသော မိခင်၏ ညွှန်ကြားချက်ကို လိုက်နာရန်လည်း ပျက်ကွက်ခဲ့လေသည်။ ထို့ကြောင့် ဒေါ်စု၏ အမျိုးသားရေးဆိုင်ရာ ဒဏ်ရာဒဏ်ချက်သည် ယခုဘ၀တွင် ဘယ်လိုမှ ကုစား၍ မရတော့သည့်အတွက်၊ မျိုးရိုးအစဉ်အလာ၊ မိဘမောင်ဖွား၊ မြန်မာများအတွက် အရုပ်ဆိုး အကျည်းတန်လှသည့် အမာရွတ်ကြီး အဖြစ် ကျန်ရစ်နေပေတာ့မည်။ လူတိုင်းသည် အမှားနှင့် မကင်းနိုင်သော်လည်း ပြင်၍မရသော အမှားမျိုးကိုကား မကျုးလွန်အပ်ပေ။ ထိုပြင်၍မရသော အမှားဒဏ်ရာ တစ်ခုတည်းနှင့်ပင် ဒေါ်စု၏ ၂၀၁၅ တွင် သမ္မတဖြစ်ရေး "ထင်ကြေး" သည်လည်း အထင်သက်သက်နှင့်သာ ကျန်ရစ်ပေတော့မည်။ ဆရာမ ဂျူး ၏ စကားမူရင်းကို အနည်းငယ် ပြင်၍ပြောရလျှင် "ရာဇ၀င်ထဲမှာ ဒေါ်စုကို ထားရစ်ခဲ့" ကြပါစို့ မျိုးချစ် ရွှေမြန်မာအပေါင်း ညီ-နောင်-သားချင်း ရောင်းရင်းတို့ ...
"သံဃာအား ဘုရား မဆန်သာ" ဆိုသကဲ့သို့  သီတဂူ ဆရာတော်ဘုရားကြီးနှင့်၊ မ-ဘ-သ သံဃာတော်၊ ဆရာတော် မထေရ်မြတ်များ၊ ဒကာ-ဒကာမများ၊ အမျိုးသားရေး အင်အားစုများ ဖြစ်ကြသော မျိုးချစ်တပ်မတော်သားများ၊ အခြေခံ လူတန်းစားများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးအသီး မျိုးချစ်စိတ်ရှိသူများ အာလုံးတို့သည် အမျိုးသား အကျိုးစီးပွားကို အစစ်အမှန် မသယ်ဆောင်သူများကို ဂ-ဃ-န-ဏ ခွဲခြား သိမြင်ထားကြပြီးဖြစ်သည်။ ထို အမျိုးသားရေး အဖွဲ့အစည်းများက လာမည့် ၂၀၁၅ တွင် သမ္မတအဖြစ် ရည်ရွယ် ရွေးချယ်ထားသော ထိပ်တန်းစာရင်းဝင် ဆယ်ဦးထဲတွင် ဒေါ်စုကြည် သည် လုံးဝ မပါဝင်။ ထိုကြောင့် မြန်မာ့စာပေ ယဉ်ကျေးမှုသမိုင်းကို တောက်ပြောင် စေခဲ့သော အင်းဝခေတ် မျိုးချစ် စာဆိုအကျော် ဆရာတော် ရှင်မဟာရဋ္ဌသာရ၏ စကားဖြင့် ဒေါ်စုကြည် အား လက်ဆောင်စကား ပါးလိုက်ချင်ပါသည်....
"ဒီ ဘ၀အတွက်တော့ နှစ်မလက်လျှော့ နေလေတော့"
ဤကား ဒေါ်စုကြည်အတွက် ၂၀၁၅ သမ္မတဖြစ်ရေး "ထင်" တစ်လုံး၏ အိပ်မက် ကုန်ရာ ဖြစ်တော့၏။ အိပ်မက်ဆုံရာ ဆိုသည်မှာ Channel 7 မှ ဆို-က-ရေး ရွေးချယ်ပွဲသာဖြစ်၏။ သမ္မတ ရွေးကောက်ပွဲ မဟုတ်ပါ။ သမ္မတကြီး၏ မကြာမီက ဘီဘီစီ အင်တာဗျူးတွင် မိန့်ကြားခဲ့သည်ကို
ဂုဏ်ပြုထောက်ခံသောအားဖြင့်...
ပါရမီရှင် (ယူ-အက်စ်-အေ)
Oppositeye myanmar
lutawlupyaw
No comments:
Post a Comment