"သင့်လက်တွဲဖော်ကို ပြောင်းလဲဖို့မကြိုးစားသင့်တဲ့ အကြောင်း (၆) ချက်"
အမျိုးသမီးတိုင်းက ပြီးပြည့်စုံတဲ့ အမျိုးသားကို လိုချင်ကြတာချည်းပါပဲ။ ဒါပေမယ့်လည်း သူ့ကို ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်အောင် မပြောင်းလဲသင့်တဲ့ အကြောင်းပြချက် များစွာရှိပါတယ်။ ဘယ်သူကမှ ပြီးပြည့်စုံတယ်လို့မှ မရှိတာ၊ လူတစ်ယောက်ကို သူ့ပုံစံမဟုတ်တဲ့ပုံစံမျိုး ပြောင်းလဲဖို့ကြိုးစားခြင်းက ပျော်ရွှင်တဲ့အနာဂတ်ကို မပေးဆောင်နိုင်ပါဘူး။ သူက ကိုယ့်အတွက် မှန်ကန်တဲ့လက်တွဲဖော်တစ်ယောက် ဖြစ်မယ်ဆိုရင် သူ့ရဲ့မပြည့်စုံတဲ့အချက်တွေ ရှိတာတောင် သူက ကိုယ့်အတွက် ပြီးပြည့်စုံနေပါလိမ့်မယ်။ ကိုယ့်လက်တွဲဖော်ကို ပုံသွင်းပြောင်းလဲရမယ် ဆိုတာတွေ ကြားဖူးနားဝရှိခဲ့မှာပါ။ ဒါပေမယ့် အဲ့ဒါတွေအားလုံးကို မေ့ဖျောက်ပြီး အောက်ဖော်ပြပါ အချက်အလက်လေးတွေကို ဖတ်ကြည့်လိုက်ရအောင်နော်။
၁။ သူကပဲမကောင်းလို့လားလို့ သူ့စိတ်ထဲမှာ ထင်သွားစေနိုင်ပါတယ်။
ကိုယ့်အတွက် အမျိုးသားတစ်ယောက်ကို ပြောင်းလဲဖို့ကြိုစားခြင်းက တစ်ဖက်လူစိတ်ထဲမှာ ကိုယ့်ကိုယ်ကို မကောင်းလို့လားလို့ ခံစားစေနိုင်ပါတယ်။ ဒါက သူ့အတွက် မမျှတပါဘူး။ သူ့ပုံစံအရှိအတိုင်းလေးကို ကိုယ်သဘောမကျရင် သူ့အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံမယ့်အစား ကိုယ့်ဟာကို ဘဝခရီးရှေ့ဆက်ပြီး သူ့ကို လွှတ်ငြိမ်းခွင့် ပေးလိုက်ပါ။
၂။အချစ်က ကိုယ့်ကိုယ်ကို အကောင်းဆုံးလူဖြစ်အောင် ပြောင်းလဲပေးတတ်တယ်။
ကျွန်မတို့အားလုံး အပြစ်အနာအဆာနဲ့ မကင်းကြပါဘူး။ တစ်ယောက်ယောက်ကို ချစ်မိတဲ့အခါ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်ချင်ကြပါတယ်။ ဖြစ်နိုင်ချေကတော့ သူ့အပေါ်မှာ ကိုယ့်အမြင်တွေ တဖြည်းဖြည်းပြောင်းလာပြီး သူ့အကျင့်ဆိုးတွေကို မမြင်တော့တာပါပဲ။ ဒါပေမယ့်လည်း ကိုယ်က သူ့ကို ကလေးတစ်ယောက်လို့ သဘောထားတဲ့အခါ သူက ဒီအကျင့်ဆိုးတွေကို ခေါင်းမာစွာပဲအမြဲတမ်း ဖက်တွယ်ထားပါလိမ့်မယ်။
၃။ ဘယ်တော့မှပျော်ရွှင်ရမှာမဟုတ်ပါဘူး။
ကိုယ်စိတ်ကျေနပ်ဖို့ ဘာလို့သူက ပြောင်းလဲပေးရမှာလဲ ဆိုတာကို အချိန်ပေးစဉ်းစားကြည့်ပါ။ ပြဿနာက သူ့မှာမဟုတ်ဘဲ ကိုယ့်ဟာကိုယ် မနေနိုင်၊ မပျော်နိုင် ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ကိုယ့်ချို့ယွင်းချက် ပြဿနာလေးတွေကို ရှောင်တိမ်းချင်တာကြောင့် သူ့အမှားတွေကို အာရုံစိုက်မိနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူ့ကိုပြောင်းလဲမယ့် အကြံအစည်ကို ခဏရပ်ပြီး ကိုယ့်ကိုယ်ကို အာရုံစိုက်ကြည့်ပါ။
၎။ကွဲပြားခြားနားနေလည်း အဆင်ပြေပါတယ်။
ကိုယ်နဲ့တူအောင် သူ့ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ကိုယ့်မှာ ပြဿနာရှိခဲ့ရင် သူ့ကိုပြောပြပြီး နှစ်ယောက်ကြားမှာ မတူညီတဲ့အချက်တွေကို လက်ခံဖို့ သင်ယူကြပါ။ ချစ်သူစုံတွဲဆိုတာ တစ်ယောက်ရဲ့ကွဲပြားခြားနားချက်ကို တစ်ယောက်က နှစ်သက်မြတ်နိုးရမှာ ဖြစ်ပါတယ်။ ဝါသနာမတူညီတာတွေ၊ စိတ်ဝင်စားမှု ကွဲပြားတာတွေ၊ အလုပ်အကိုင်နဲ့ ရည်မှန်းချက်ပန်းတိုင်တွေအားလုံးက relationship ရဲ့အစိတ်အပိုင်းတွေပါပဲ။
၅။ သူ့ကိုတွန်းထုတ်နေသလို ဖြစ်နေပါလိမ့်မယ်။
ကိုယ်ကတက်ကြွစွာပဲ သူ့ကို ပြောင်းလဲဖို့ ကြိုးစားနေတာကို သူသဘောပေါက် နားလည်သွားတဲ့အခါ သူက ကိုယ်နဲ့ ပိုဝေးသွားပါလိမ့်မယ်။ ပြောင်းလဲဖို့ကြိုးစားလေလေ သူ့ကို တွန်းထုတ်နေသလို ဖြစ်လေပါပဲ။ သူ့ကို ဂရုစိုက်တယ်ဆိုရင် အစွန်းရောက်အောင်ပို့ဖို့ ဖိအားမပေးပါနဲ့။ မပြောင်းလဲဘဲ ကိုယ့်နားက ထွက်ခွာသွားပါလိမ့်မယ်။
၆။ စိတ်ကိုဖိအားပေးသလို ဖြစ်လာပါတယ်။
ကျွန်မမှာ သူ့ဇနီးက သူ့ကိုပြောင်းလဲဖို့ ကြိုစားတာကြောင့် ကွာရှင်းသွားခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ သူ့သူငယ်ချင်းတွေနဲ့ လည်ပတ်တာမကြိုက်တာမျိုး၊ အလုပ်အမျိုးမျိုးပြောင်းဖို့ တိုက်တွန်းတာမျိုး၊ ဆံပင်ပုံစံကအစ သူ့စိတ်ကြိုက် ထားပေးနေရတာမျိုးတွေ လိုက်လျောနေတာတောင် ဘယ်တော့မှစိတ်တိုင်းမကျတတ်ပါဘူး။ ဒါမျိုးက relationship ကိုရေရှည်မှာထိခိုက်စေပါတယ်။ ခင်ပွန်းကစိတ်ရှုပ်လာတော့လည်း ဇနီးဖြစ်သူက သူ့ကိုမချစ်ဘူးဆိုပြီး ပြောပြန်ပါတယ်။ ဒီလိုစိတ်ဖိအားပေးတာတွေက နောက်ဆုံးလမ်းခွဲဖို့ ဖြစ်လာပါတော့တယ်။
တကယ်လို့ ကိုယ်တကယ်မကြိုက်တဲ့ အချက်တစ်ခုရှိခဲ့ရင် အေးအေးဆေးဆေးနဲ့ သူ့ကိုပြောပြပါ။ ကိုယ့်ဘက်က ကောင်းကောင်းမွန်မွန်တောင်းဆိုခဲ့ရင် သူ့ဘက်ကလည်း ပြောင်းလဲပေးပါလိမ့်မယ်။ သူ့ကို ဖိအားတွေပေးပြီး ပြောင်းလဲဖို့ကြိုးစားတာက သူ့အိပ်မက်တွေကို ဆုံးရှုံးနိုင်စေပါတယ်။
စာဖတ်ပရိတ်သတ်ကြီးလည်း လူတစ်ယောက်ကိုပြောင်းလဲဖို့ ကြိုးစားခဲ့ဖူးလား။
ဂန္ဓဝင် မဂ္ဂဇင်း
lutawlupyaw
No comments:
Post a Comment