"အသတ်ခံခဲ့ရသည့်ကလေးငယ်နှင့်ပတ်သက်၍ အင်တာနက်တွင် ပျံ့နှံ့သောသတင်းများ မမှန်ဟုဆို"
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်နေ အသက် (၆) နှစ်ကျော် မနန်းဖွေးဟွမ်သည် အသတ်ခံရသော်လည်း ၀မ်းတွင်းကလီစာများ ရောင်းချခံရခြင်း၊ မျက်ကြည်လွှာထုတ်ခံရခြင်း စသည်ဖြင့် အင်တာနက်တွင် တင်ထားသည့် သတင်းများမှာ မမှန်ကန်ကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူ ကလေးငယ်၏ အလောင်းအား မတ်လ ၃၁ ရက် ညနေ ၆ နာရီခန့်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်ချောင်းမှ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပေးအပ်ခဲ့ပြီး အဆိုပါ အလောင်းကို တာချီလိတ်ဆေးရုံ၌ ပြန်လည် စစ်ဆေးခဲ့သည်ဟု တာချီလိတ် ရဲစခန်းမှ စခန်းမှူးဒုရဲမှူးကျော်သန်းက ပြောကြားသည်။
‘‘ကောလာဟလတွေ အွန်လိုင်းပေါ်ကနေ ဘယ်လိုထွက် လာလဲတော့ မပြောတတ်ပါဘူး။ အလောင်းစစ်ဆေးတဲ့ နေရာမှာ ကလေးအုပ်ထိန်းသူတွေလည်း ပါပါတယ်။ လည်ပင်းက ကြိုးနဲ့ ဆွဲထားတဲ့ ဒဏ်ရာရှိတယ်။ နောက်တစ်ခုကတော့ အဆုတ်ထဲမှာလည်း ရေတွေ တွေ့ရတယ်’’ ဟု ၎င်းကပြောသည်။ ထိုင်းနိုင်ငံတွင် စစ်ဆေးထားသည့် ဆေးစာများကို တာချီလိတ် ရဲစခန်းက တောင်းခံသော်လည်း မရရှိသေးကြောင်း၊ တာချီလိတ်ဆေးရုံ၌ စစ်ဆေးထားသော စစ်ဆေးချက်များအား လက်ရှိတွင် စစ်ဆေးနေသည့်အတွက် အဖြေမပြောနိုင်သေးကြောင်း တာချီလိတ်ရဲစခန်းမှ အမှုစစ်အရာရှိက ပြောကြားသည်။
‘‘ကလေးသေပြီးမှ ဒီလို ကောလာဟလတွေ ကြားရတော့ စိတ်မကောင်းပါဘူး။ ကလေးမှာ အင်္ဂါအစုံအကောင်းအတိုင်းပါပဲ။ ဆရာဝန်ကြီးတွေ စစ်ဆေးတော့လည်း မတရားပြုကျင့်ခံရတာတွေ မရှိပါဘူး။ သိချင်သူတွေလည်း လူပျောက်တိုင်တုန်းက တင်ထားတဲ့ ဖုန်းနံပါတ်အတိုင်း ဆက်ပြီး မေးလို့ရပါတယ်’’ ဟု သေဆုံးသူ ကလေးငယ်၏ ဆွေမျိုးတစ်ဦးက ပြောသည်။ သေဆုံးသူ ကလေးငယ်၏ ရုပ်အလောင်းကို ဧပြီ ၂ ရက် နေ့လယ် ၁ နာရီအချိန်တွင် မဟာမြတ်မုနိဘုန်းကြီးကျောင်းမှတစ်ဆင့် မြို့မသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုထံမှ သိရသည်။
အမှုကို မတ်လ ၂၇ ရက်က ဖွင့်လှစ်ထားသည့် လူပျောက်မှုမှ လူသတ်မှုအဖြစ်သို့ တာချီလိတ် မြို့မရဲစခန်း၌ ပြောင်းလဲ အမှုဖွင့်ထားရှိသည်။ ထိုင်းနိုင်ငံ မယ်ဆိုင် ရဲစခန်းကလည်း တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး စုံစမ်းလျက်ရှိကြောင်း တာချီလိတ် မြို့မရဲစခန်းမှ သတင်းရရှိသည်။
Credit : 7day Daily
lutawlupyaw
No comments:
Post a Comment