"တစ်နေ့တာမှာ ကိုယ့်ကိုယ်ကို တိုက်တွန်းလှုံ့ဆော်ဖို့ နည်းလမ်း (၅) သွယ်"
ကိုယ့်ကိုယ်ကို တိုက်တွန်းလှုံ့ဆော်တယ်ဆိုတာက အောင်မြင်ခြင်းအတွက် အဓိကသော့ချက်ပါပဲ။ ကိုယ့်ကိုယ့်ကိုအမြဲမပြတ် တိုက်တွန်းလှုံဆော်နိုင်မယ်ဆိုရင် လုပ်လိုက်သမျှ အရာအားလုံးမှာ ရလဒ်ကောင်းတွေ ရရှိအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ကိုယ့်ကိုယ်ကို တိုက်တွန်းလှုံ့ဆော်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။မနက်စောစောအိပ်ယာထပါ။
မနက်စောစော အိပ်ယာထခြင်းကြောင့် လောနေစရာ မလိုတော့ဘူးလေ။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ချိန်တွေ အများကြီးရတာပေါ့။ စောစောထခြင်းက ကိုယ့်ကိုယ်ကို အာဟာရဖြည့်ဖို့ အချိန်ရသလို၊ တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း အားဖြည့်ပေးပါတယ်။ ကိုယ်အကြိုက်ဆုံးသီချင်းကို နားထောင်ပြီး လေ့ကျင့်ခန်းလုပ်နိုင်သလို အေးအေးဆေးဆေး တရားထိုင်လို့လည်းရပါတယ်။ ဒါတွေအားလုံးက အကောင်းမြင်ပြီး ခံစားသက်ဝင်မှု အားကောင်းတဲ့ နေ့သစ်တစ်နေ့ကိုစတင်ဖို့ ကူညီပေးပါလိမ့်မယ်။
၂။တစ်နေ့တာအတွက် အကောင်းမြင်စိတ်ပေးမယ့် အကြောင်းအရာတစ်ခုကိုရွေးချယ်ပါ။
ဆိုရိုးစကားကောင်းလေးတစ်ခုကို အမှတ်ရနေခြင်းက တိုက်တွန်းလှုံ့ဆော်မှုအားတစ်ခု ဖြစ်စေနိုင်ပါတယ်။ သို့မဟုတ်လည်း တစ်နေ့လုံး ကိုယ့်အသိဥာဏ် ပွင့်လန်းနေပြီး အကောင်းမြင်တတ်အောင် ကူညီပေးပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုချစ်ဖို့နဲ့ ယုံကြည်ဖို့ကိုအမှတ်ရပါ။ ကိုယ့်ရဲ့စစ်မှန်တဲ့ တန်ဖိုးနဲ့ အတိုင်းအဆမရှိတဲ့ အင်အားတွေအကြောင်းကိုလည်း ပြန်အမှတ်ရနေပါ။
၃။လုပ်မှာသာလုပ်လိုက်ပါ။
နိုက်ကီ (Nike) ရဲ့ ကျော်ကြားသော ဆောင်ပုဒ်လေးတစ်ခုပေါ့။ မကြာခဏဆိုသလို ကျွန်မတို့က အလုပ်တွေကို ရွှေ့ဆိုင်းတတ်ကြတယ်၊ ဆိုင်းငံ့တာဖြစ်ဖြစ်၊ အကြွေးထားတာဖြစ်ဖြစ်ပေါ့။ ဒီလိုအပြုအမူတွေကိုကုစားပေးဖို့ အကောင်းဆုံးက လက်တွေ့လုပ်ဆောင်မှုပါပဲ။ လက်တွေ့လုပ်လိုက်ခြင်းက မသေချာမရေရာတာတွေနဲ့ ကြောက်ရွံ့ခြင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလွဲရင် ဘယ်သူကမှ ကိုယ့်ဘဝတိုက်ပွဲကို ရှုံးအောင် မလုပ်နိုင်ပါဘူး။ ဒါကြောင့် အတွင်းထဲမှာရှိတဲ့ ကိုယ်ပိုင်အစွမ်းတွေကို သိပြီဆိုရင် ရဲရင့်ပါ၊ လက်တွေ့လုပ်ဆောင်ပါ၊ ပြီးရင် အနိုင်ယူပါ။
၎။အရှုံးဆိုတာတကယ်မရှိပါဘူး၊ အားလုံးကအတွေ့အကြုံနဲ့ သင်ခန်းစာတွေပါ။
ကိုယ့်မှာ ပြဿနာတစ်ခုရင်ဆိုင်နေရပြီဆိုရင် ပြဿနာအားလုံးမှာအဖြေရှိတယ်လို့ ကိုယ့်ကိုယ်ကို ပြန်သတိပေးပါ။ ပြဿနာဖြစ်ဖြစ်၊ ကျရှုံးမှုတစ်ခုဖြစ်ဖြစ် တကယ်တော့ ဒါတွေက ကောင်းတဲ့အချက်တွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ကိုယ့်လမ်းကြောင်းတွေကို ပြောင်းလဲပြုပြင်ပေးတယ်လေ။ မကောင်းတဲ့အတွေးတွေကို ခေါင်းထဲအဝင်ခံခြင်းဖြင့် ကိုယ့်ရဲ့ခွန်အားတွေကို မဆုံးရှုံးစေပါနဲ့။ ကိုယ့်အတွေးတွေ ပြောင်းလဲသွားတာနဲ့ ကိုယ့်ဘဝရဲ့ ဦးတည်ချက်ကလည်း ပြောင်းလဲသွားပါလိမ့်မယ်။ မှန်ကန်တဲ့ စိတ်နေသဘောထားကသာ ပျော်ရွှင်ပြီး ပြည့်စုံတဲ့ဘဝကို ရဖို့လမ်းဖွင့်ပေးနိုင်မှာပါ။
၅။သူတပါးကို ကူညီပါ။
သူတပါးပြဿနာတစ်ခုခုကို ပြေလည်အောင် ကူညီပေးနိုင်ရင် ကိုယ်ပိုင်အခက်အခဲတွေအပေါ်မှာရှိတဲ့ ကိုယ့်အာရုံတွေ ပြောင်းသွားပါလိမ့်မယ်။ ကိုယ့်အခက်အခဲတွေကနေ ပြေးထွက်ရှောင်ဖယ်သွားတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ပြဿနာကို အကြီးကြီးလို့ မမြင်တော့တာပါ။ တစ်နည်းပြောရရင် ကိုယ်ကူညီလိုက်တဲ့လူဆီက လက်ခံရရှိတဲ့ ကျေးဇူး ဒါမှမဟုတ် တစ်ယောက်ယောက်ဘဝကို ကောင်းမွန်အောင် ကူညီပေးနိုင်တာကြောင့် ကိုယ့်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ပီတိလေးတွေက ကိုယ့်ခံစားချက်တွေကို အများကြီးအကောင်းမြင် ပြောင်းလဲပေးပါတယ်။ ပြောရမယ်ဆိုရင် ကိုယ့်ဘဝကို လှပစေချင်ရင် သူများဘဝတွေကို လှပအောင် ကူညီပါ။
စာဖတ်ပရိတ်သတ်ကြီးကော တစ်နေ့တာကို ဘယ်လို တိုက်တွန်းလှုံ့ဆော်ပါသလဲ။
ဂန္ဓဝင် မဂ္ဂဇင်း
lutawlupyaw
No comments:
Post a Comment