"အားဖြည့် အချိုရည်များကြောင့် လူငယ်များ၌ပင် နှလုံးရောဂါရနိုင်"
ကဖင်းဓါတ် ပုံမှန် စားသုံးမှုမရှိသည့် လူငယ်များသည် အားဖြည့် အချိုရည် သောက်သုံးသည့်အခါ သွေးပေါင်ချိန် မြင့်တက်လာသည်ကို တွေ့ရပြီး နှလုံးရောဂါများ ခံစားရနိုင်သည့် အန္တရာယ်ရှိကြောင်း အမေရိကန်နိုင်ငံ Mayo Clinic သုတေသီများက ဆိုသည်။
အသက် (၁၉) နှစ်မှ (၄၀) ကြား အမေရိကန်လူငယ် (၂၅) ဦးကို အားဖြည့် အချိုရည်နှင့် အာနိသင်မဲ့အချိုရည် တစ်ဗူးစီ အလှည့်ကျ သောက်သုံးစေပြီး နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တို့ကို တိုင်းတာမှုများ ပြုလုပ်ခဲ့သည်။ အားဖြည့်အချိုရည် (သို့) အာနိသင်မဲ့အချိုရည်တို့ မသောက်သုံးမီနှင့် သောက်ပြီး နာရီဝက်အကြာ တို့တွင် နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တို့ကို တိုင်းတာခဲ့ပြီး ကဖင်းဓါတ် ပုံမှန်စားသုံးလေ့မရှိသူများနှင့် ကဖင်း ပုံမှန်စားသုံးတတ်သူများအကြား ကွာခြားမှုများကိုပါ လေ့လာခဲ့ကြသည်။ အားဖြည့်အချိုရည် သောက်ပြီး နာရီဝက်အတွင်း သွေးပေါင်ချိန် သိသိသာသာမြင့် တက်လာပြီး အာနိသင်မဲ့ အချို ရည်သောက်ပြီးချိန်တွင် သွေးပေါင်ချိန် ပြောင်းလဲမှုမရှိသည်ကို တွေ့ရသည်။
ထို့ပြင် ကဖင်းဓါတ်ပုံမှန်စားသုံးလေ့မရှိသူများတွင် အားဖြည့် အချိုရည်သောက်ပြီး သွေးပေါင်တက်ခြင်းကို ပိုမိုထင်ရှားစွာ တွေ့မြင်ရကြောင်း သုတေသီများကဆိုသည်။
“ကဖင်းဓါတ် ပုံမှန်မစားသုံးဖူးသူတွေအတွက် အားဖြည့်အချို ရည် ဆိုးကျိုးတွေဟာ ပိုသိသာထင်ရှား တတ်ပါတယ်။ လူငယ်တွေပင်ဖြစ် စေကာမူ အားဖြည့် အချိုရည်တွေကြောင့် နှလုံးရောဂါတွေပါ ရနိုင်ပါတယ်” ဟု သုတေသီ Anna Svatikova ကဆိုသည်။
ဇော်ကို
Ref:NMD
Health Updates Journal No.162
lutawlupyaw
No comments:
Post a Comment